သင့်ကိုယ်သင်ယုံကြည်မှုလျော့ကျစေဖို့ အဆိပ်အတောက်လိုလူတွေ သုံးတတ်ကြတဲ့စကားများ

အဆိပ်အတောက်လိုလူတွေဆိုတာက သင့်ကိုကောင်းကျိုးမပေးတဲ့သူမျိုး၊ သင့်ကို မကောင်းတဲ့အတွေးအခေါ်တွေဖြစ်လာစေတာမျိုး၊ သင့်ကိုမနာလိုတာမျိုး၊ သင့်ရဲ့အတွေးအခေါ်တွေကို မကောင်းတဲ့ဘက်ကနေ ဝေဖန်တာမျိုးတွေ လုပ်တတ်သူတွေပါ။ ထိုသူတွေနဲ့ပေါင်းသင်းပတ်သက်မိတဲ့အခါ သင့်ကိုပါ ယုံကြည်မှုလျော့နည်းလာစေတာမျိုး၊ သင့်ကို မကောင်းမြင်စိတ်များလာစေတာမျိုးတွေပါဖြစ်လာစေနိုင်ပါတယ်။ ထိုသူတွေက အမြဲသုံးလေ့ရှိတဲ့စကားတွေက သင့်ရဲ့ယုံကြည်မှုတွေကိုပါ တဖြေးဖြေးလျော့နည်းလာအောင် ဆွဲချနေပါလိမ့်မယ်။


၁) “သင်ဘာပြောနေတယ်ဆိုတာ သင်မသိဘူးလား”
ပြောချင်တာက “သင်ပြောနေတဲ့စကားရဲ့အဓိပါ္ပယ်ကို သင်မသိဘူးလား” ဆိုတာမျိုး၊ ထိုစကားမျိုးပြောလိုက်တဲ့အခါ တဖက်လူက ဆွံ့အသွားသလို၊ ရှုပ်ထွေးသွားတတ်ပါတယ်။ တဖက်လူက ကိုယ့်စကားများမှားသွားသလားဆိုတဲ့ အတွေးမျိုးနဲ့ ကိုယ့်ကိုကိုယ် ဇဝေဇဝါဖြစ်သွားတတ်ပါတယ်။

၂) “အားလုံးက သင့်အမှားချည်းပဲ”
အရာအားလုံးက သင့်အမှားချည်းပဲ ဖြစ်ချင်မှဖြစ်မှာပါ။ ဒါပေမယ့် အဆိပ်အတောက်လိုလူတွေကတော့ သင့်ကိုချည်းလက်ညိုးထိုးအပြစ်ပုံချတတ်ပါတယ်။

၃) “သေချာရေရာမှုမရှိဘူး”
“နင်ကဘယ်တုန်းကမှ သေချာတယ်ဆိုတာမရှိဘူး” ဆိုတဲ့စကားမျိုးကလည်း တဖက်လူကို ယုံကြည်မှုလျော့ကျစေပါတယ်။ တခါတလေ ကိုယ့်အမှားကြောင့်အပြောခံရတာမျိုးထက် ထပ်ခါထပ်ခါ ထိုအတွေးကို သင့်အာရုံထဲ ရိုက်သွင်းနေခြင်းက သင့်ကိုယုံကြည်မှုလျော့ကျအောင် သွယ်ဝှိုက်သောနည်းလမ်းနဲ့ပြုလုပ်နေခြင်းတစ်မျိုးပါပဲ။

၄) “သင်အောင်မြင်အောင်လုပ်နိုင်တာဘယ်တုန်းကရှိလို့လဲ”
ထိုစကားမျိုးပြောခြင်းက သင့်ကိုအထင်သေးတဲ့အဓိပါ္ပယ်မျိုးဖြစ်သလို၊ သင့်ကိုသင်လည်း ယုံကြည်မှုလျော့ကျစေပါတယ်။ မကောင်းမြင်စိတ်ရှိတဲ့သူတွေက ထိုကဲ့သို့ သင်ကဘယ်နေရာမှာမှ အသုံးမကျပါဘူးဆိုတဲ့အတွေးမျိုးကို အမှန်လို့ထင်လာအောင် သင့်ခေါင်းထဲ၊ သင့်စိတ်ထဲ ဝင်နေအောင် ရိုက်သွင်းတတ်ကြပါတယ်။ အဲဒီလိုစကားမျိုးကို ကြားရဖန်များလာတဲ့အခါ သင့်ကိုသင်တကယ်ပဲ အစွမ်းအစမရှိတဲ့သူတစ်ယောက်လိုထင်လာပါလိမ့်မယ်။

၅) “ဘယ်တော့မှဖြစ်မြောက်မှာမဟုတ်ဘူး”
ဒီစကားမျိုးကလည်း အလားတူပါပဲ။ ဘယ်တော့မှ သင်ဖြစ်ချင်တာတွေကို ဖြစ်မြောက်အောင်လုပ်ဆောင်နိုင်မှာ မဟုတ်ဘူးဆိုတဲ့အဓိပါ္ပယ်နဲ့ ခပ်ဆင်ဆင်ပါပဲ။ သင်ရည်မှန်းထားတာတွေ ပြောပြမိတာမျိုး၊ သင့်ရှေ့ဆက်မယ့် အစီအစဉ်မျိုးကို ပြောမိတဲ့အခါ ထိုသူမျိုးက သင့်ကို ထိုစကားမျိုးပြောပါလိမ့်မယ်။ အဲဒါက သင့်ကိုယ်သင်ယုံကြည်မှုကင်းမဲ့လာစေတဲ့နည်းလမ်းပါပဲ။

၆) “အရမ်းညံ့ဖျင်းတာပဲ”
ဒီစကားမျိုးလည်း အတူတူပါပဲ။ သင်က ဘယ်နေရာမှာမှ အဖြစ်မရှိဘူးဆိုတဲ့စကားမျိုးပါ။ အဲဒီလို အဆိုးမြင်တဲ့အတွေးမျိုးနဲ့ သင်ရည်မှန်းထားသမျှကို မလုပ်ဖြစ်ချင်တော့အောင် ထိုစကားမျိုးက သင့်ကို အောက်ရောက်အောင်ဆွဲချသွားနိုင်တာကို ထိုလူမျိုးတွေက သိပြီးသားဖြစ်ပါတယ်။

များသောအားဖြင့် အဆိပ်အတောက်လိုလူတွေက သူတို့ကိုယ်တိုင်လည်း အသုံးမကျတဲ့သူတွေဖြစ်ပြီး သူတို့ကိုယ်တိုင် အဖြစ်ရှိအောင်လည်း ဘာမှမလုပ်နိုင်တဲ့သူတွေဖြစ်ပါတယ်။ သူတို့လုပ်နိုင်တာကတစ်ခုကတော့ သူတို့ပတ်ဝန်းကျင်ကလူတွေကိုပါ သူတို့နဲ့အဆင့်တူလာအောင် ဆွဲချတတ်ကြပါတယ်။ တော်တော်ညံ့ဖျင်းတဲ့သူပဲ၊ ဘယ်တော့မှဖြစ်မယ့်သူမဟုတ်ဘူး၊ အလကားအရှုံးသမား စတဲ့အသုံးအနှုန်းမျိုးကိုပဲ လှိုင်လှိုှု်င်သုံးပြီး အခြားသူများရဲ့ယုံကြည်မှု့ကို တိုက်ဖျက်တတ်ပါတယ်။ အဲဒါကြောင့် အမြဲလို အခြားသူတွေကို ထိုစကားလုံးမျိုးတွေပဲရွေးပြီး ပြောဆိုတတ်သူမျိုးတွေကို ဝေးဝေးရှောင်သင့်ပါတယ်။ လျစ်လျူရှုတာမျိုး၊ ပတ်သက်မှုနည်းနိုင်သမျှနည်းအောင်ကြိုးစားသင့်ပါတယ်။ ထိုသူမျိုးနဲ့ ဆက်လက်ပြီးပတ်သက်နေမိတဲ့အခါ သင်ပါ ကိုယ်စွမ်းကိုယ်စ လျော့နည်းလာပြီး သင့်ကိုသင်အမှန်တကယ် အသုံးမကျတဲ့လူတစ်ယောက်အဖြစ်မြင်လာတတ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။