စိတ်ဓာတ်ကျခြင်းကို ပြသနေသော လက္ခဏာများ

ဒီနေ့ခေတ်မှာ ရုပ်ပိုင်းဆိုင်ရာ၊ နည်းပညာတွေတိုးတက်လာတာမှန်ပေမယ့် စိတ်ပိုင်းဆိုင်ရာတွေကျတော့ တဖြေးဖြေးဆုတ်ယုတ်မှုတွေရှိလာပါတယ်။ အဲဒီ့အထဲကမှ တိုးတက်မှုနောက်ကို အမှီမလိုက်နိုင်တဲ့အခါ စိတ်ဓာတ်ကျခြင်းဆိုတဲ့ဝေဒနာတစ်ရပ်ကို ဆိုးရွားစွာ ခံစားရသူတွေရှိလာပါတယ်။ တစ်ချို့ကတော့ ကိုယ့်ကိုကိုယ်သိပြီး အချိန်မီ ကုစားနိုင်ပေမယ့် တစ်ချို့ကျတော့လည်း ဖွင့်မပြောဘဲ ကြိတ်ခံစားနေတာမျိုးကြောင့် မဖြစ်သင့်တာတွေဖြစ်လာနိုင်ပါတယ်။ အဲဒါကြောင့် ဒီနေ့ခေတ်မှာ အဖြစ်များလာတဲ့ စိတ်ဓာတ်ကျဝေဒနာကို ခံစားနေရပြီဆိုရင် ဘယ်လိုလက္ခဏာမျိုးတွေ အဖြစ်များသလဲဆိုတာ ဖော်ပြပေးလိုက်ရပါတယ်။


၁) ဈေးဝယ်ထွက်ချင်စိတ်များခြင်း
သင့်ရဲ့ဈေးဝယ်ချင်စိတ်ကို ထိန်းချုပ်မရဘူးဖြစ်နေသလား။ သင့်ရဲ့ငွေတွေကို ဖြုန်းတီးခြင်းနဲ့ သင့်ကိုသင်ကာကွယ်ပေးတယ်လို့ခံစားနေရတာလား။ အချို့သောလူတွေက စိတ်ဓာတ်ကျဆင်းနေတဲ့အခါ ပုံမှန်မဟုတ်တဲ့ပုံစံမျိုးနဲ့ ဈေးဝယ်ထွက်တတ်ကြပါတယ်။ မြင်ရာကိုဝယ်တတ်ကြတာမျိုးပေါ့။ ကိုယ့်ကိုကိုယ် ပိုပြီးတန်ဖိုးထားလာသလိုခံစားရတာမျိုးဖြစ်စေဖို့ စတိုးဆိုင်တွေ ဒါမှမဟုတ် အွန်လိုင်းကနေ ဈေးတွေအခါခါ ဝယ်တတ်တာမျိုးပါ။ ရှိပြီးသားတွေကော၊ မှရှိသေးတာတွေကော လက်ထဲမှာတပွေ့တပိုက်ကြီးဝယ်ယူလိုက်ရတာက ကိုယ့်ကိုကိုယ်ပိုပြီး ယုံကြည်မှုရှိသွားသလိုမျိုးခံစားရပြီးတော့ အခြားသူများကလည်း ကိုယ့်ကိုပိုအထင်ကြီးလာစေတယ်လို့ အထင်ရောက်ပြီး စိတ်သက်သာရာရစေတာမျိုးပါ ။ အဲဒါက အစွန်းရောက်နေတာမျိုးပါ။
၂) အရက်အလွန်အကျွံ့သောက်သုံးခြင်း
စိတ်ဓာတ်ကျတဲ့လူ အများစုက အရက်သောက်ကြတာများပါတယ်။ စိတ်ညစ်တယ်၊ စိတ်ဓာတ်ကျတယ်ဆိုတာနဲ့ အရက်သောက်ချင်စိတ်ဖြစ်လာသလိုခံစားနေရတယ်ဆိုရင် သင်လည်း ထိုအထဲမှာပါဝင်နေပါတယ်။ သင်စိတ်ဓာတ်ကျနေတဲ့အချိန်မှာ အရက်သောက်လိုက်တဲ့အခါ သင့်စိတ်ဓာတ်တွေပြန်လည်တက်ကြွလာသလိုမျိုးခံစားရတယ်ဆိုပေမယ့်လည်း တကယ်တော့ အရက်သောက်တဲ့အခါပိုပြီး စိတ်ဓာတ်ကျလွယ်တာပါ။ အဲဒါကြောင့် စိတ်ညစ်မှုတွေ၊ စိတ်ဓာတ်ကျဆင်းခြင်းကြောင့် အရက်သောက်မယ်ဆိုရင် အရက်သောက်ခြင်းက သင့်ကိုပိုပြီးဆိုးဝါးတဲ့အခြေအနေရောက်အောင် ဆွဲချနိုင်ပါတယ်။
Forgetfulness ၃) မေ့လျော့လွယ်လာခြင်း
စိတ်ဓာတ်ကျခြင်းက မေ့လျော့ခြင်းရဲ့ အကြောင်းရင်းတစ်ခုပါပဲ။ လေ့လာချက်တွေအရ ကြာရှည်စွာ စိတ်ဓာတ်ကျခြင်းနဲ့ စိုးရိမ်ပူပန်မှုများခြင်းက ဦးနှောက်ရဲ့ ပြဿနာဖြေရှင်းနိုင်စွမ်းနဲ့ ဖန်တီးနိုင်စွမ်း၊ တွေးခေါ်နိုင်စွမ်းကို တားဆီးပေးနိုင်တဲ့အတွက် မေ့လျော့လွယ်လာစေပါတယ်။ ဦးနှောက်ရဲ့သင်ယူနိုင်စွမ်းနဲ့ မှတ်ဉာဏ်ကို အားနည်းစေနိုင်ပါတယ်။ အဲဒါကြောင့် စိတ်ဓာတ်ကျဆင်းခြင်းက မှတ်ဉာဏ်အားနည်းခြင်းနဲ့ ပိုပြီးဆိုးရွားစေနိုင်ပါတယ်။ စိတ်ဓာတ်ကျဆင်းခြင်းကို ကုသခြင်းက မှတ်ဉာဏ်အားနည်းခြင်းကိုပါ ကုသနိုင်တယ်လို့ လေ့လာတွေ့ရှိခဲ့ကြပါတယ်။
၄) အင်တာနက်အလွန်အကျွံ့သုံးစွဲခြင်း
လူမှုကွန်ရက်တွေက တုံ့ပြန်မှုက တကယ်ဘဝအစစ်အမှန်လား။ အားနေတဲ့အချိန်မှန်သမျှကို အင်တာနက်သုံးခြင်းနဲ့ပဲ ကုန်ဆုံးနေမိသလား။ အဲဒါက စိတ်ဓာတ်ကျခြင်းရဲ့လက္ခဏာတစ်ခုပါပဲ။ လေ့လာချက်တွေအရ စိတ်ဓာတ်ကျခြင်းများလာခြင်းနဲ့ အင်တာနက်အလွန်အကျွံ့သုံးစွဲခြင်းက ဆက်စပ်နေပါတယ်တဲ့။ လူတွေက အင်တာနက်အလွန်အကျွံ့သုံးစွဲနေခြင်း၊ အွန်လိုင်းကနေ စကားပြောခြင်း၊ ဂိမ်းဝက်ဆိုက်တွေကနေ ဂိမ်းစွဲလမ်းခြင်း စတဲ့အချက်တွေနဲ့ အင်တာနက်ကို အလွန်အကျွံ့သုံးစွဲဖြစ်နေကြပါတယ်။
၅) အဝလွန်ခြင်းနဲ့ အစာစားချင်စိတ်ဖြစ်ခြင်း
၂၀၂၀ ခုနစ်မှာ လေ့လာချက်အရ စိတ်ဓာတ်ကျခြင်းဖြစ်ပေါ်နေတဲ့လူငယ်တွေမျာ ဝိတ်တက်ခြင်းနဲ့ အဝလွန်ခြင်းအဖြစ်များပြီး အစာစားချင်စိတ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အစား စားနေတတ်ကြပါတယ်။ အဲဒါရဲ့ဘေးထွက်ဆိုးကျိုးကတော့ နှလုံးရောဂါဖြစ်ပွားခြင်းပါပဲ။ အခြားသောလေ့လာချက်တွေအရ အားတိုင်း အစား စားချင်စိတ်ဖြစ်ပေါ်နေခြင်းက စိတ်ဓာတ်ကျခြင်းကြောင့်ဖြစ်ပေါ်တာမို့ စိတ်ဓာတ်ကျခြင်းကို ကုသမှသာ ထိုအဝလွန်ခြင်းကိုပါ ကုသနိုင်မှာဖြစ်ပါတယ်။
၆) ဈေးဝယ်ထွက်ရင်း ပစ္စည်းများ အလစ်သုတ်ခြင်း
စိတ်ဓာတ်ကျသူ သုံးပုံတစ်ပုံလောက်က ဈေးဝယ်ထွက်ရင်းနဲ့ အလစ်သုတ်ချင်စိတ်ဖြစ်ပေါ်တတ်ကြပါတယ်။ အချို့လူတွေက သူတို့ကိုယ်သူတို့ ဘာကိုမှလုပ်နိုင်စွမ်းမရှိသူလိုမျိုး ခံစားနေတတ်ပါတယ်။ ထိုကဲ့သို့ ဈေးဝယ်ထွက်ရင်း အလစ်သုတ်တတ်သူအများစုက သူတို့ကိုယ်သူတို့ လုပ်နိုင်စွမ်းရှိတယ်ဆိုတဲ့အတွေးမျိုးဖြစ်ပေါ်လာအောင် လုပ်တတ်ကြတာဖြစ်ပါတယ်။ စိတ်ဓာတ်ကျတဲ့သူအများစုအတွက်ကတော့ ခိုးယူလို့ ရတဲ့ပစ္စည်းထက် သူတို့ကိုယ်သူတို့ အခြားသူများမသိအောင် အလစ်သုတ်နိုင်ခြင်းက ရတဲ့ခံစားချက်ကသာ သူတို့ရဲ့အစွမ်းမဲ့တဲ့ခံစားချက်ကို သက်သာစေနိုင်တာမို့ လုပ်တတ်ကြတာဖြစ်ပါတယ်။
၇) နောက်ကျောနာကျင်ခြင်း
လေ့လာသူတွေက နောက်ကျောနာကျင်ခြင်းက နာတာရှည်ပုံစံဖြစ်နေတယ်ဆိုရင် စိတ်ဓာတ်ကျခြင်းကြောင့်ပါတဲ့။ ၄၂ရာခိုင်နှုန်းခန့်ရှိတဲ့လူတွေက နာတာရှည်နောက်ကျောနာကျင်ခြင်းအဖြစ်များပြီး ကျောအောက်ဖက်နာကျင်နေတတ်ပါတယ်။
၈) လိင်စိတ်ဝင်စားမှုလျော့နည်းခြင်း
စိတ်ဓာတ်ကျတဲ့သူတွေမှာ ပုံမှန်အရ လိင်စိတ်ဝင်စားမှုလည်း လျော့နည်းလာတတ်ပါတယ်။ ဒါပေမယ့်လည်း တစ်ချို့လူတွေကျပြန်တော့ စိတ်ဓာတ်ကျခြင်းနဲ့ စိုးရိမ်ပူပန်ခြင်းတွေကြောင့်ပဲ လိင်ကိစ္စကိုပိုစိတ်ဝင်စားလာတတ်ပြန်ပါတယ်။ ကိုယ့်ကိုကိုယ်မထိန်းချုပ်နိုင်ခြင်းနဲ့ အစွန်းရောက်နေတတ်ပြန်ပါတယ်။ အဲဒါကြောင့် ကျန်းမာရေးအတွက်လည်း မကောင်းတဲ့ဆိုးကျိုးတွေအများကြီးရှိလာသလို၊ ပုဂ္ဂိုလ်ရေးအရလည်း မကောင်းတဲ့သက်ရောက်မှုတွေရှိလာတတ်ပြန်ပါတယ်။ လိင်စိတ်ကိုလုံးဝကို စိတ်မဝင်စားခြင်းနဲ့ အလွန်အကျွံ့စိတ်ဝင်စားခြင်းဆိုတဲ့ အစွန်းနှစ်ဖက်မှာ ဖြစ်နေတတ်ပါတယ်။
၉) စိတ်ခံစားမှုဖြစ်လွယ်ခြင်း
စိတ်ဓာတ်ကျနေတဲ့သူအများစုက စိတ်ခံစားမှုဖြစ်လွယ်ကြပါတယ်။ အကောင်းကြီးကနေ ထပြီးပေါက်ကွဲဒေါသထွက်တာမျိုး၊ ဒါမှမဟုတ် ထပြီး စိတ်အနှောင့်အယှက်ဖြစ်တာမျိုးတွေဖြစ်တတ်ပါတယ်။ ဝမ်းနည်းခြင်း၊ မျှော်လင့်ချက်မဲ့ခြင်း၊ စိုးရိမ်နေခြင်း၊ ကြောက်လန့်နေခြင်း စတဲ့ခံစားချက်တွေကို ဖြစ်ပေါ်ခံစားနေတတ်ပါတယ်။ စိတ်ဓာတ်ကျမှန်းသိသာစေတဲ့အချက်ကတော့ ရုတ်တရက် ခံစားချက်တွေပြောင်းလဲနေခြင်းပါပဲ။
၁၀) လောင်းကစားစွဲခြင်း
လောင်းကစားလုပ်ခြင်းက အမျိုးမျိုးစိတ်လှုပ်ရှားမှုဖြစ်စေပါတယ်။ လောင်းကစားခြင်းကို မစွဲလမ်းခင်ကတည်းက တော်တော်များများက စိတ်ပူပန်ခြင်းနဲ့ စိတ်ဓာတ်ကျခြင်းကို ခံစားနေရတယ်လို့ ပြောတတ်ကြပါတယ်။ လောင်းကစားကို စိတ်ဖြေရာတစ်ခုအနေနဲ့ လုပ်တတ်တဲ့သူတွေက အခြားသောစိတ်ဓာတ်ကျတဲ့လက္ခဏာတွေထက်ကို ပိုပြီး ပြဿနာကြီးနိုင်ပါတယ်။
၁၁) ဆေးလိပ်အလွန်အကျွံ့သောက်ခြင်း
စိတ်ဓာတ်ကျခြင်းက သင့်ကို ဆေးလိပ်ကို ပုံမှန်ထက် ၂ဆသောက်ဖြစ်စေပါတယ်။ တစ်နေ့တာလုံး ဆေးလိပ်ကို အလွန်အကျွံ့သောက်သုံးနေခြင်းနဲ့ အိပ်ရာထထခြင်း ၅မိနစ်အတွင်းမှာ ဆေးလိပ်သောက်ခြင်းက စိတ်ဓာတ်ကျနေတဲ့သူတွေလုပ်နေကျအကျင့်ဖြစ်ပါတယ်။ စိတ်ဓာတ်ကျရောဂါခံစားနေရသူတော်တော်များများက ဆေးလိပ်ဖြတ်ဖို့ လုံးဝမတတ်နိုင်ပါဘူး။
၁၂) ကိုယ့်ကိုကိုယ် ဂရုစိုက်မှုဖို့ အာရုံမရှိခြင်း
စိတ်ဓာတ်ကျနေတဲ့သူတော်တော်များများက ကိုယ့်ကိုကိုယ်အခြေခံဂရုစိုက်မှုလေးတွေကိုတောင် လျစ်လျူရှုထားတတ်ကြပါတယ်။ ကိုယ့်ကိုကိုယ်တန်ဖိုးထားမှု နည်းပါလာတာမျိုးပေါ့။ တစ်နေ့တာလုပ်ဆောင်နေကျ အသေးဆုံးလေးတွေကအစပေါ့၊ သွားတိုက်ခြင်း ဒါမှမဟုတ် ရုပ်ပိုင်းဆိုင်ရာ ဝတ်စားဆင်ယင်မှုမျိုး၊ ခေါင်းအစခြေအဆုံး ဘာကိုမှဂရုစိုက်ချင်စိတ်မရှိသလို၊ ဆီးချိုသွေးချိုနဲ့ နှလုံးရောဂါကဲ့သို့ နာတာရှည် ဝေဒနာတွေကိုလည်း လုံးဝဂရုမစိုက်ပါဘူး။ စိတ်ရှိသလို နေချင်သလိုနေနေတတ်ပါတယ်။
အထက်ပါအချက်တွေမှာ သင်လည်းခံစားနေရပြီး စိတ်ဓာတ်ကျဝေဒနာကို ခံစားနေရတယ်ဆိုရင်တော့ သင့်ကိုသင်ဂရိုစိုက်ဖို့လိုအပ်နေသလို၊ သင့်ရဲ့စိတ်ဓာတ်ကျခြင်းအတွက် သင့်မိသားစုကို အကူအညီတောင်းသင့်ပါတယ်။
https://www.webmd.com/depression/ss/slideshow-surprising-signs လင့်မှ ဘာသာပြန်ဖော်ပြထားခြင်းဖြစ်ပါတယ်။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။