သင့်ကိုယ်သင် ဖန်တီးနိုင်စွမ်းကင်းမဲ့နေတယ်လို့ ထင်တဲ့အခါ လုပ်ကြည့်သင့်တဲ့အချက်များ

န်တီးနိုင်စွမ်းက ကျွန်တော်တို့ကို စိတ်ဓာတ်တက်ကြွမှုရှိစေဖို့ ကူညီနိုင်ပါတယ်။ ဖန်တီးနိုင်စွမ်းကြောင့် ရည်မှန်းချက်နဲ့ ဦးတည်ချက်တွေဖြစ်လာနိုင်ပါတယ်။ သေချာတဲ့ပန်းတိုင်တွေစီမံနိုင်လာပြီး အိပ်မက်တွေလည်း အတည်တကျဖြစ်ပေါ်လာနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဖန်တီးနိုင်စွမ်းဆိုတာက အတင်းလုပ်ယူလို့မရနိုင်ဘဲ သဘာဝအလျောက်ဖြစ်ပေါ်လာတာမျိုးပါ။ စိတ်ဖိစီးမှုရနေတဲ့အခိုက်အတန့် ဒါမှမဟုတ် စိတ်ခံစားမှုတွေကုန်ခမ်းနေတဲ့အချိန်မျိုးမှာ ဘာကိုဖန်တီးရကောင်းမှန်းမသိဖြစ်နေတတ်ပါတယ်။ အဲဒီလိုအချိန်မျိုးမှာ ဖန်တီးနိုင်စွမ်းကို ကူညီပေးတဲ့အရာတွေလုပ်ကြည့်ဖို့လိုပါတယ်။ ဖန်တီးနိုင်စွမ်းကိုမြင့်တင်ပေးနိုင်တဲ့နည်းလမ်းကို ရှာဖွေခြင်းက ရိုးရှင်းပြီး တဆင့်ခြင်းသွားနိုင်ပါတယ်။ ဘယ်အရာက သင့်ကို ပိုပြီး ဖန်တီးနိုင်စွမ်းဖြစ်စေမလဲဆိုတာ သိဖို့လည်းလိုပါတယ်။ အောက်ကဖော်ပြထားတဲ့ အချက်လေးတွေက အထောက်အကူပြုမယ်ထင်ပါတယ်။


၁) စွမ်းရည်အသစ်တစ်မျိုးမျိုးကို သင်ယူပါ။
ဖန်တီးနိုင်စွမ်းကို မြင့်တင်ချင်တဲ့အခါ စွမ်းရည်အသစ်တစ်မျိုးကို သင်ယူကြည့်ပါ။ ဥပမာ။ သင်က နည်းပညာအကြောင်းရေးနေတဲ့ ဘလော့ကာတစ်ယောက်ဆိုရင် ဟာသတွေကိုဘယ်လိုရေးသလဲဆိုတာကို လေ့လာကြည့်လိုက်ပေါ့။ အဲဒါက သင်တွေးနေတာတွေထဲက လမ်းသစ်တစ်ခုအနေနဲ့ဖောက်ထွက်သွားတာမျိုး၊ စတိုင်လ်အသစ်တစ်ခုဖြစ်သွားတာမျိုးဖြစ်နိုင်ပါတယ်။ အတွေးသစ်အမြင်သစ်တွေလည်း ရလာနိုင်ပါတယ်။

၂) ဆိုရှယ်မီဒီယာပေါ်မှာ လေ့လာကြည့်ပါ။
အသစ်တွေဖန်တီးနိုင်စွမ်း မရှိတော့သလိုခံစားနေရတယ်ဆိုရင် ဆိုရှယ်မီဒီယာပေါ်မှာ လေ့လာကြည့်လိုက်ပါ။ နည်းပညာဆိုင်ရာတွေအားလုံးကို မေ့ထားပြီး ဘယ်သူတွေက ဘယ်လိုဖန်တီးထားကြသလဲ၊ ဒါမှမဟုတ် အွန်လိုင်းရှော့ပင်တွေက ရောင်းအားတက်ဖို့ အပြိုင်အဆိုင် ဘယ်လိုကြေငြာနေကြသလဲ၊ ဒါမှမဟုတ် ဘယ်လိုမျိုး content တွေ ပိုလူကြိုက်များနေသလဲ စသဖြင့်ပါ။ သင့်ရဲ့အတွေးတွေကို သူတို့နဲ့ ကွဲပြားအောင် ဘယ်လိုဖန်တီးမလဲဆိုတာမျိုး လှည့်တွေးကြည့်ပါ။ အဲဒါက သင့်ခေါင်းထဲမှာ မတူခြားနားတဲ့အရာတွေဖန်တီးဖို့ အလုပ်လုပ်လာစေပါတယ်။

၃) ချရေးကြည့်ပါ။
သင်ဖန်တီးချင်တဲ့အရာ အကြမ်းဖျင်းကို ချရေးကြည့်ပါ။ ဥပမာ။ ဒါလေးလုပ်ချင်တယ်၊ ဒါမျိုးလေး ဖန်တီးချင်တယ်၊ ဒါလေးတော့ပါစေချင်တယ် စသဖြင့်ပေါ့။ ကိုယ်ဖန်တီးချင်တဲ့စိတ်က အတွေးစလေးတစ်ခုသာဖြစ်ပြီး အဲဒါကို ဆွဲထုတ်ဖို့လိုအပ်နေတာမို့ သင်ဖြတ်ခနဲအတွေးပေါ်တုန်း ချရေးထားလိုက်တာက အတွေးတွေကိုဆက်စပ်ပြီး အကောင်အထည်ပေါ်လာစေနိုင်ပါတယ်။

၄) လမ်းလျှောက်ထွက်ကြည့်ပါ။
ဒါကအရမ်းကိုရိုးရှင်းတယ်လို့ထင်ရပေမယ့် သင့်ကို တကယ်အကျိုးထူးစေမှာပါ။ လေ့လာချက်တွေအရ လမ်းလျှောက်ခြင်းက ဖန်တီးနိုင်စွမ်းထပ်ခါထပ်ခါတိုးလာစေပါတယ်တဲ့။ ဘာကိုဖန်တီးရမှန်းမသိဖြစ်နေတယ်ဆိုရင် သင့်စိတ်တွေအကုန်လုံးကို လွှတ်ထားပြီး လမ်းတစ်လျှောက်က လူတွေရဲ့အပြုအမူတွေ၊ လှုပ်ရှားသွားလာမှုတွေ၊ စကားလုံးတွေ၊ သူတို့တွေရဲ့ပြဿနာတွေကို သတိပြုရင်း စသဖြင့် ငေးမောကြည့်ပြီး လမ်းလျှောက်ကြည့်လိုက်ပါ။ တခုမဟုတ်တခုတော့ အကြံရလာပါလိမ့်မယ်။

၅) အခြားသော brands တွေကို လေ့လာကြည့်ပါ။
ကိုယ်တိုင်ဘာလုပ်ရမယ်မှန်းမသိတော့တဲ့အခါ အခြားသူတွေ ဒါမှမဟုတ် ကိုယ့်လိုလူတွေ၊ လုပ်ငန်းတူတွေ ဘာလုပ်နေသလဲဆိုတာ လေ့လာကြည့်ပါ။ ယှဉ်ပြိုင်ဖို့၊ ကူးချဖို့ထက် သူတို့က ဘယ်လိုဖန်တီးထားသလဲ၊ ဘယ်လိုအမြင်က စဉ်းစားထားသလဲဆိုတာမျိုးလေး လိုက်တွေးကြည့်ပါ။

၆) အမြင်မတူတဲ့လူတွေနဲ့ စကားပြောကြည့်ပါ။
မတူညီတဲ့အခြေခံလူနေမှုတွေ၊ မတူညီတဲ့ဘဝရှင်သန်မှုတွေ စတဲ့လူတွေနဲ့ စကားပြောဖို့ ကြိုးစားကြည့်ပါ။ သူတို့ဆီက ကြားရတဲ့စကားတွေမှာ သင်နဲ့အမြင်မတူတာတွေရှိနိုင်ပေမယ့် ငြင်းခုံဖို့မဟုတ်ဘဲ သူ့တို့ဘဝ၊ သူတို့အမြင်မှာ ဒီလိုပါလား….ဆိုတဲ့ အတွေးမျိုးရလာတဲ့အခါ သင့်မှာ အတွေးသစ်တွေရလာနိုင်ပါတယ်။

၇) ဂိမ်းဆော့ကြည့်လိုက်ပါ။
ဂိမ်းကို အလွန်အကျွံ့ဆော့တာမျိုး၊ စွဲလမ်းနေတာမျိုးထက် တခါတရံ စိတ်ကူးအကြံဉာဏ်အတွက် ဂိမ်းဆော့ကြည့်လိုက်ပါ။ အတွေးသစ်တွေရလာပါတယ်။

၈) သီချင်းနားထောင်ကြည့်ပါ။
သီချင်းနားထောင်ခြင်းက သီချင်းထဲဝင်ခံစားမိပြီး ခံစားချက်အသစ်တွေရလာစေသလို၊ ဖန်တီးနိုင်စွမ်းအသစ်တွေလည်းဖြစ်လာစေပါတယ်။ အတင်းကြီးဇွတ်ဖန်တီးဖို့ တွေးထားရတဲ့အတွက် တင်းကြပ်နေတဲ့စိတ်ကို ပြေလျော့စေပြီး သီချင်းထဲအာရုံရောက်သွားတဲ့အခါ အတွေးအသစ်တွေရလာစေပါတယ်။

၉) ကလေးတွေနဲ့ ဆော့ကစားပါ။
ကလေးတွေမှာ အမြဲတမ်း ဖန်တီးနိုင်စွမ်းအသစ်တွေရှိနေတတ်ပါတယ်။ ရယ်စရာတွေလည်းဖြစ်နေတတ်သလို၊ သူတို့ဖန်တီးထားတာတွေက ကိုယ်မထင်ထားတာတွေလည်းဖြစ်နေတတ်ပါတယ်။ အတုံးလေးတွေဆက်မယ်၊ ဆေးခြယ်မယ်၊ စာဖတ်မယ် စသဖြင့် ကလေးနဲ့အတူဆော့ကစားကြည့်လိုက်ပါ။

၁၀) ခဏတဖြုတ် အိပ်ကြည့်လိုက်ပါ။
ခဏလောက်အိပ်စက်လိုက်ခြင်းက သင့်ဦးနှောက်ကို အနားပေးသလိုဖြစ်စေပါတယ်။ အတင်းကြီး လိုက်စဉ်းစားနေတာက သင့်ခေါင်းကို ထူပူစေပြီး စိတ်ရှုပ်ထွေးစေပါတယ်။ အဲဒါကြောင့် စိတ်ကိုရှင်းအောင်ထားပြီး ခဏလေး ဦးနှောက်ကို အနားပေးတဲ့အနေနဲ့ အိပ်စက်ကြည့်လိုက်ပါ။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။