သင့်ကလေးရဲ့စိတ်ဓာတ်ကို ဘယ်လိုမြင့်တင်ပေးမလဲ

ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ရတာ လွယ်မယောင်နဲ့ အင်မတန်ခက်ခဲပြီး နက်နဲတဲ့ကိစ္စကြီးတစ်ခုဖြစ်ပါတယ်။ ပေါ့ပေါးလေးတွေးပြီး ပြုစုပျိုးထောင်လို့မရပါဘူး။ မိဘဖြစ်တဲ့သင့်ရဲ့ နှုတ်ထွက်စကားတစ်ခွန်းက ကလေးရဲ့စိတ်ထဲမှာ ဘယ်လောက်တာသွားသလဲဆိုတာ သင်လည်း ကလေးဘဝတုန်းက ခံစားခဲ့ဖူးမှာပါ။ တကယ်တော့ ကလေးတစ်ယောက်ကို တက်ကြွရွှင်လန်းနေအောင် လုပ်နိုင်တာလည်း မိဘဖြစ်သလို၊ ကလေးတစ်ယောက်ကို အရှုံးတွေနဲ့အမြဲ နလန်မထူနိုင်အောင် လုပ်နိုင်တာလည်း မိဘပဲဖြစ်ပါတယ်။


မိဘကောင်းဆိုတာက သင့်ကြောင့် ကလေးရဲ့ရုပ်ပိုင်းဆိုင်ရာ ကျန်းမာနေရုံသာမက စိတ်ပိုင်းဆိုင်ရာကိုပါ ထည့်သွင်းစဉ်းစားပြီး ပြုစုပျိုးထောင်ပေးသူတွေပါ။ ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာကို မြင့်တင်ပေးဖို့ ကလေးအမှားလုပ်တဲ့အခါဖြစ်ဖြစ်၊ ကလေးက တစ်ခုခုမှာ ရှုံးနိမ့်သွားတဲ့အခါဖြစ်ဖြစ် ကလေးကိုဘယ်လိုပြန်ပြီး စိတ်ဓာတ်ခွန်အားပေးမလဲဆိုတာလေးကို ဖော်ပြပေးလိုက်ပါတယ်။

၁) ကလေးကို အမြဲအားပေးတဲ့စံပြပုဂ္ဂိုလ်အဖြစ်နေပေးပါ။
ခုမှ လူ့လောကထဲကို စရောက်လာတဲ့ကလေးက အမှားတွေ အများကြီး လုပ်ဖြစ်မှာပါပဲ။ ဒါပေမယ့် ကလေးရဲ့အမှားတွေကို ဘယ်လိုစီမံပေးသလဲဆိုတဲ့မိဘတွေရဲ့အပေါ်မှာ ကလေးက အမှန်တွေကို မြင်လာပြီး သင်ယူလာပြီးမှ အမှန်ကို သိလာမှာဖြစ်ပါတယ်။ အဲဒါကြောင့် ကလေးက အမှားတွေလုပ်မိတဲ့အခါ ကလေးရဲ့အမှားတွေကို ရှင်းပြပါ။ မှားတာက အပြစ်မဟုတ်ဘဲ နောက်တစ်ကြိမ်မှာ အကောင်းဆုံးဖြစ်အောင် ဘယ်လိုလုပ်သင့်သလဲဆိုတာကို ပြောပြပေးပါ။ မှားနေပေမယ့်လည်း ကလေးကို အတင်းအပြစ်တင်အော်ဟစ်တဲ့အခါ ကလေးက အားငယ်သွားနိုင်ပြီး အမှားတစ်ခုခုကြုံတိုင်း မိဘကို ဖုံးကွယ်လိမ်ညာတတ်လာပါလိမ့်မယ်။ အဲဒါကြောင့် အမှားဖြစ်လာရင် မိဘက ဆူမှာမဟုတ်ဘဲ အမှန်ရောက်အောင် ပြောပြပေးမယ်သူဖြစ်ကြောင်း၊ အမြဲအားပေးနေမယ့်သူဖြစ်ကြောင်း ပြောပြပေးပါ။

၂) အမှားတွေ လုပ်ပါစေ။
ကျွန်တော်တို့တွေတောင် ကိုယ်တိုင်လုပ်ကြည့်ပြီးမှ သိတဲ့အမှားကို ပိုပြီး မှတ်မိလွယ်တာမဟုတ်ပါလား။ အဲလိုပါပဲ ကလေးတွေကိုလည်း အမှားတွေ လုပ်ခွင့်ပေးပါ။ ဘယ်အရာမဆို လုပ်ချင်စိတ်နဲ့လုပ်လိုက်တာကို ခွင့်ပြုပေးပါ။ ကလေးကို ဆိုးရွားစွာထိခိုက်မယ့်ကိစ္စမျိုးမဟုတ်ရင်ပေါ့။ ထိုအမှားတွေကနေမှ သင်ယူရမယ့်အကြောင်း၊ နောက်တစ်ကြိမ်မှာ အကောင်းဆုံးဖြစ်အောင်လုပ်နိုင်ကြောင်း ပြောပြပေးပါ။ အမှားတွေလုပ်မိတာက လူတိုင်းနီးပါးဖြစ်ကြောင်း ၊ အမှားကို အမှန်ပြင်နိုင်ဖို့သာ အရေးကြီးကြောင်းပြောပြပေးပါ။

၃) မှန်ကန်တဲ့နည်းလမ်းနဲ့ ကလေးကို ချီးကျုးပေးပါ။
ကလေးက အမှားတွေကို မှတ်သားပြီး အမှန်ပြင်နိုင်တဲ့အခါမျိုး၊ ကလေးရဲ့အခြားသော မှန်ကန်တဲ့တိုးတက်မှုမျိုး၊ ကောင်းသောအမူအကျင့်နဲ့ ပြုပြင်တိုးတက်လာမှုမျိုးကို ချီးကျူးပေးပါ။ အဲဒါမှ ကလေးက အမှားတွေလုပ်မိတိုင်း အမှန်ပြင်ဖို့ ပိုပြီးစိတ်အားထက်သန်လာမှာပါ။

၄) စိတ်ခံစားချက်တွေကို ဘယ်လိုထိန်းချုပ်စီမံသင့်သလဲဆိုတာ သင်ပေးပါ။
စိတ်ခံစားမှုတိုင်းက ဖြစ်တတ်တာ သဘာဝပဲဆိုတာ သူတို့သိအောင် ပြောပြပေးပါ။ တစ်ချို့မိဘတွေက ယောကျာ်းလေးက မျက်ရည်မကျရဘူးလေ၊ စိတ်မကောက်ရဘူးလေလို့ ပြောတတ်ကြပါတယ်။ တကယ်တော့ ကလေးဖြစ်ပေမယ့် စိတ်ခံစားချက်အရတုံ့ပြန်တာ သဘာဝပဲဖြစ်တဲ့အကြောင်း ဒါပေမယ့် ထိုစိတ်ခံစားချက်ကို ဘယ်လိုအချိန်မှာ ထိန်းချုပ်ဖို့ ကိုယ့်ကိုကိုယ်စီမံသင့်ကြောင်းကို မိဘက သင်ပေးရမှာဖြစ်ပါတယ်။ မကောင်းတဲ့ခံစားချက်တွေဖြစ်ပေါ်လာတဲ့အခါမှာ အကန့်အသတ်ထားသင့်ပြီး ညှိုနှိုင်းသင့်ကြောင်း သင်ပေးပါ။ ပြဿနာတွေကို ဉာဏ်သုံးပြီးဖြေရှင်းတာက ပိုပြီးကောင်းမွန်ကြောင်း သင်ပေးပါ။ စိတ်ခံစားချက်အရ ပေါက်ကွဲဖြေရှင်းတာထက် အရင် ညှိုနှိုင်းကြည့်ဖို့ သင်ပေးသင့်ပါတယ်။

၅) ပြဿနာတွေကို ဖြေရှင်းတတ်ဖို့ သင်ပေးပါ။
ပြဿနာတွေကိုဖြေရှင်းရာတွင် အလျင်စလိုဖြေရှင်းတာထက် ခေါင်းအေးအေး၊ စိတ်ရှည်ရှည်ထားဖို့ ရှင်းပြပေးပါ။ စိတ်ခံစားချက်အတိုင်း ပေါက်ကွဲတာထက် ဉာဏ်သုံးပြီး ဖြေရှင်းတာက ဆိုးကျိုးနည်းပါးကြောင်းပြောပြပေးပါ။ ပြဿနာတစ်ခုစီကို ဉာဏ်သုံးပြီးဘယ်လိုဖြေရှင်းရမလဲဆိုတဲ့နည်းလမ်းမျိုး တွေးတတ်ဖို့သင်ပေးပါ။ ဉာဏ်သုံးပြီးဖြေရှင်းတတ်ခြင်းက ကောင်းကျိုးတွေပိုရှိနိုင်ကြောင်း ဆွေးနွေးဖို့ပြောပြပေးပါ။ ကိုယ်လိုချင်တဲ့အဖြေကို ရဖို့ ခံစားချက်ကိုဦးစားပေးခြင်းထက် အပြန်အလှန်ညှိုနှိုင်းပေးကြည့်ပြီး ကိုယ်လိုချင်တာကိုပြောပြသင့်ကြောင်း သင်ပေးသင့်ပါတယ်။
Pinterest မှ ဖတ်မိသမျှကို ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။