သင့်ဘဝက အရမ်းကိုဆိုးဝါးနေတယ်လို့ ခံစားရချိန်မှာ ပြန်တွေးသင့်တဲ့အရာများ

"ကိုယ့်ဘဝက အရမ်းကိုဆိုးဝါးလိုက်တာ…..အခြားသူတွေက ကိုယ့်ထက်အများကြီးကံကောင်းပါသေးတယ်” လို့ တွေးမိတဲ့အချိန်မျိုး ဘဝမှာ ကြုံဖူးကြမှာပါ။ အဲဒီလိုအချိန်မျိုးဆိုတာ လူတိုင်း တစ်ခါမဟုတ်တစ်ခါ ကြုံဖူးကြမှာပါ။ ဒါပေမယ့် ခံစားနေတဲ့အချိန်အတောအတွင်းမှာတော့ ကိုယ့်ကိုယ်ကိုယ်သာ အဆုံးဝါးဆုံးလို့ ထင်နေတတ်ကြပါတယ်။ အဲဒီ့လိုအချိန်မှာ ကိုယ့်စိတ်ကို ပြန်ပြီးကုစားနိုင်ရင်ကုစား၊ မကုစားနိုင်ရင် စိတ်ပျက်အားငယ်မှု၊ သိမ်ငယ်မှုနဲ့ စိတ်ဓာတ်ကျခြင်းတွေကိုပါ ရလာနိုင်ပါတယ်။ လုံးဝပြန်ပြီး နလန်မထူနိုင်တော့တဲ့အထိ မဆိုးဝါးခင် ကိုယ့်ကိုယ်ကိုယ်ပြန်လည်တည်ဆောက်ဖို့ကြိုးစားသင့်ပါတယ်။


၁) စိတ်ခံစားချက်တွေကိုလက်ခံပါ။
အဲဒီလိုဖြစ်နေတဲ့အချိန်မျိုးမှာ ကိုယ့်ရဲ့ခံစားချက်ကို လက်ခံပါ။ “အော်….ကြုံလာပြီးပြီပဲ။ ဘယ်တတ်နိုင်ပါ့မလဲ၊ ဒီလိုအခြေအနေထဲမှာမှ ဘာလုပ်သင့်သလဲဆိုတာမျိုးပဲ တွေးရမှာပေါ့။” လို့ တွေးပြီး ခံစားချက်ကို လက်ခံပါ။ နာကျင်ပါ။ ဝမ်းနည်းပါ။ ကြေကွဲပါ။ ခံစားချက်ကို လက်ခံပြီးတဲ့အခါမှာ အခြေအနေကို အရှိကို အရှိအတိုင်းလက်ခံပြီး ရှေ့ဆက်မယ့်ခရီးကိုသာတွေးလိုက်ပါ။

၂) နေ့စဉ်ပုံမှန်လုပ်နေကျအရာတွေထဲကမှ ကျေးဇူးတင်စရာတွေရှာဖွေကြည့်ပါ။
ကိုယ့်ဘဝရဲ့ အဆိုးတွေကိုသာ တွေးနေရင်တော့ အရမ်းဆိုးတဲ့အချက်တွေကိုပဲ မြင်လာတာ သဘာဝပါ။ ကိုယ့်ရဲ့နေ့စဉ်ပုံမှန်ဘဝမှာ ကျေးဇူးတင်စရာကောင်းတဲ့အချက်လေးတွေကို လိုက်တွေးကြည့်ပါ။ “ဘတ်စ်ကားစီးနိုင်သေးတယ်” “နေကောင်းကျန်းမာနေသေးတာက ကိုယ်လုပ်ချင်တာလုပ်နိုင်သေးတယ်” “ကိုယ်စားချင်တာလေး ဝယ်စားနိုင်သေးတယ်” စသဖြင့်ပေါ့။ လိုက်တွေးကြည့်တဲ့အခါ ကိုယ်မမြင်ခဲ့တဲ့ကိုယ့်ရဲ့ကံကောင်းမှုလေးတွေမြင်လာပါလိမ့်မယ်။

၃) ဘာကြောင့်…..ဆိုတာထက် ဘယ်လိုဖြေရှင်းမလဲ..ဆိုတာကိုသာ အာရုံစိုက်ပါ။
“ငါ့ကျမှ ဘာကြောင့်ဖြစ်ရတာလဲ…..ငါကိုက ကံဆိုးပါတယ်…. ငါကိုက မွေးကတည်းက ဂျိုဆိုး” စတဲ့ အလားတူ ဘာကြောင့်ဖြစ်ရတာလဲဆိုတဲ့အတွေးတွေကို တွေးမိရင် ဖြတ်ချလိုက်ပါ။ “ခုလက်ရှိဖြစ်နေတဲ့အခြေအနေမှာ ဘယ်လိုဖြေရှင်းရင်ကောင်းမလဲ” ကိုသာအာရုံစိုက်ပါ။ ဘယ်လိုဖြေရှင်းမလဲဆိုတာကို အာရုံစိုက်ခြင်းက အဖြေပေါင်းများစွာကို ရှာတွေ့လာစေပါတယ်။ ပူဆွေးမှု၊ စိတ်သောကတွေကနေလည်း ခဏလွတ်မြောက်သွားစေပါတယ်။

၄) အရာအားလုံးဟာ ယာယီပါပဲ။
လောကမှာ ဘယ်အရာမှမတည်မြဲပါဘူး။ အဲဒါကြောင့် အခုခံစားနေရတာတွေလည်း ယာယီပါပဲ။ အခိုက်အတန့်ပါပဲ။ မကြာခင်ပြီးဆုံးသွားမှာပါလို့ တွေးလိုက်ပါ။

၅) ကိုယ့်ဘဝပိုကောင်းလာဖို့ လုပ်သင့်တာဘာလဲ။
ဒီဆိုးဝါးမှုတွေကိုပဲ မြင်နေပြီး ပူဆွေးသောကရောက်နေလို့တော့ ဘာမှကောင်းတာတွေဖြစ်လာမှာမဟုတ်ဘဲ စိတ်ညစ်မှုတိုးလာတာ၊ စိတ်ဆင်းရဲတာ၊ စိတ်ဓာတ်ကျတာတွေပဲဖြစ်လာနိုင်တာပါ။ အဲဒါကြောင့် ကိုယ့်ဘဝဆိုးဝါးနေတယ်ဆိုရင် ဒီထက်ပိုကောင်းလာဖို့ဘာလုပ်သင့်သလဲဆိုတာမျိုးကို တွေးလိုက်ပါ။ ဆိုးဝါးနေတဲ့ဘဝက ပိုကောင်းတဲ့ဘဝဖြစ်ဖို့ ဘာတွေပြုပြင်ပြီး ဘာတွေထပ်ကြိုးစားရမလဲတွေးပါ။ တကယ်ပြုပြင်ပါ။ ကိုယ့်အတွက်ပိုကြိုးစားသင့်တာကို အချိန်ပေးပြီး အာရုံပိုစိုက်လိုက်ပါ။ စပြီး အာရုံစိုက်ဖို့ကြိုးစားချိန်မှာ ခက်ခဲပါလိမ့်မယ်။ ဒါပေမယ့် အာရုံစိုက်ပြီး ကြိုးစားစရှိလာတဲ့အခါ အားတက်လာပါလိမ့်မယ်။ အဲဒါအပြင် ကိုယ့်ရဲ့အာရုံမှန်သမျှကလည်း စုစည်းလာပြီး ပိုပြီး တိုးတက်မှုကိုသာ ပိုအာရုံထားနိုင်လာပါလိမ့်မယ်။

၆) တချို့အရာတွေကို လက်လွှတ်လိုက်ရတာက ပိုကောင်းတာတွေရလာစေနိုင်ပါတယ်။
တကယ်တော့ ဘဝမှာ အချို့အရာတွေကို လက်လွှတ်လိုက်ခြင်းက ကိုယ့်အတွက်ပိုကောင်းတဲ့အခြေအနေတွေကိုတောင် ရလာနိုင်ပါသေးတယ်။ ကိုယ့်အတွက် လောလောဆယ်မှာ နာကျင်နေရပေမယ့် ဆိုးဝါးတယ်ထင်နေပေမယ့် ဆောက်တည်နိုင်လာတဲ့အခါမှာတော့ ကိုယ့်ဘဝပိုတိုးတက်သွားနိုင်အောင် ကြိုးစားနိုင်လာပါတယ်။

၇) အရုဏ်ဦးမလာခင် အမှောင်ကျနေတာထုံးစံပါပဲ။
အဆိုးတွေကြုံနေလို့ စိတ်မညစ်ပါနဲ့။ အဆိုးတလှည့်အကောင်းတလှည့်မို့ လူတိုင်းလိုလို စိတ်ညစ်လိုက်ပျော်ရွှင်လိုက်ဖြစ်နေကြတာပါပဲ။ အဲဒါကြောင့် ခုအချိန်မှာ ဆိုးဝါးတယ်ထင်နေပေမယ့် အားတင်းထားလိုက်ပါနော်။ ပိုကောင်းတဲ့အခြေအနေတွေ သင့်ကြိုးစားမှုပေါ်မူတည်ပြီး ဖြစ်လာအုံးမှာပါ။
#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။