အလုပ်ကြိုးစားတိုင်း အောင်မြင်တာမဟုတ်ပါဘူး။ အောင်မြင်သူတိုင်းတော့ အလုပ်ကြိုးစားကြပါတယ်။

“ သူဌေးဖြစ်ချင် ထီမထိုးပါနဲ့….အလုပ်ကြိုးစားပါ” ဆိုတဲ့စာသားလေးကို တစ်ချို့က အလုပ်ကြိုးစားတိုင်း သူဌေးဖြစ်တာမဟုတ်ဘူးလို့ ပြောကြပါတယ်။ ဟုတ်ပါတယ်။ အလုပ်ကြိုးစားတိုင်း သူဌေးမဖြစ်နိုင်ပါဘူး၊ ဒါဆိုရင် အလုပ်မကြိုးစားဘဲ နေရင်ကော…..လို့မေးစရာရှိပါတယ်။ ပိုဆိုးတာပေါ့။ အလုပ်ကြိုးစားတာတောင် သူဌေးဖြစ်ချင်မှဖြစ်တာဆိုရင် လုံးဝအလုပ်မကြိုးစားရင် ဘယ်လိုလုပ် သူဌေးဖြစ်ဖို့ လမ်းစရှိပါ့တော့မလဲ။ ပိုတောင် ဝေးသွားတော့တာပါပဲ။


အဲဒီ့တော့ အလုပ်ကြိုးစားရက်သားနဲ့ မအောင်မြင်တဲ့သူရယ်၊ အလုပ်ကြိုးစားရင်း အောင်မြင်သွားတဲ့သူရယ် လူ၂မျိုးကွဲသွားပါတော့တယ်။ ဘာလို့ကွဲသွားရတာလဲ၊ သူတို့ ၂ဦးကြားက ခြားနားချက်က ဘာဖြစ်မယ်ထင်ပါသလဲ။ ခြားနားချက်တစ်ခုခုရှိလို့သာ ကြိုးစားရက်နဲ့ လွဲသွားကြတာပါ။ ထိုခြားနားချက်ကို အဖြေထုတ်ကြည့်ကြရအောင်ပါ။

၁) စီမံကိန်းမချမှတ်ထားခြင်း
အလုပ်တစ်ခုကို က မှ အ အထိ လုပ်ဖို့သတ်မှတ်ပေးထားရင် သမရိုးကျနည်းလမ်းအတိုင်းတော့ က မှ အအထိပြီးဆုံးအောင် ကျားကုတ်ကျားခဲ ကြိုးစားပါတယ်။ ဒါပေမယ့် ဘယ်နည်းလမ်းက အမြန်ဆုံးနဲ့ လူအသက်သာဆုံးဖြစ်မလဲဆိုတာမျိုးစဉ်းစားပြီး ကြိုးစားမယ်ဆိုရင် မြန်မြန်အလုပ်ပြီးနိုင်သလို အချိန်တွေလည်း ပိုထွက်လာပါလိမ့်မယ်။ အဲဒီ့အခါ တခြားအလုပ်တွေအတွက် ဘယ်လိုလုပ်မလဲဆိုတဲ့ စီမံကိန်းတောင် ပြန်ချမှတ်ထားလို့ ရသွားပါတယ်။ အဲဒီတော့ အလုပ်လည် းကြိုးစားရာရောက်၊ လူလည်း သက်သာ၊ အလုပ်လည်း များများပြီးနိုင်တာပေါ့။ အဲဒါကြောင့် အလုပ်ကြိုးစားပေမယ့် စီမံကိန်းမချမှတ်ထားခြင်းက မအောင်မြင်ရခြင်းထဲက အချက်တစ်ချက်ပါပဲ။ အဲဒါအပြင် ကိုယ့်က ဒီအလုပ်မှာ ဘယ်နှစ်လောက်အထိ လုပ်နိုင်အုံးမလဲ….အသက်ကြီးသွားလို့ အနားယူရမယ်ဆိုရင် အနားယူတဲ့အချိန်မှာ နောက်ထပ် ဝင်ငွေတစ်ခုရှိမှ ရပ်တည်နိုင်မှာမို့ အဲဒီ့အတွက် ကြိုတင်စီမံကိန်းချမှတ်ထားတာမျိုးလည်း လုပ်သင့်ပါတယ်။ ဘယ်တော့မှ ဝင်ငွေတစ်ခုတည်းပေါ်မှာ မရပ်တည်ပါနဲ့ဆိုတာ သင်ကြားဖူးမှာပါ။ အဲဒါက သင်အနားမယူခင်အချိန်စပ်ကြားမှာ ပုံမှန်ဝင်ငွေနဲ့သမရိုးကျအလုပ်တစ်ခုလုပ်နေရင်းနဲ့ သင့်ရဲ့အနားယူချိန်အတွက် သင်ပြင်ဆင်ထားလို့ရမယ့် နောက်ထပ်အလုပ်တစ်ခုကို စတင်တည်ဆောက်သွားဖို့ပြောတာပါ။ အဲဒီ့အတွက် စီမံကိန်းတွေ ခုပဲဆွဲလိုက်ပါတော့။

၂) ခွဲထွက်ဖို့ မစဉ်းစားခြင်း
ပုံမှန်လစာရနေတဲ့အလုပ်တစ်ခုကိုပဲ ကြိုးစားပြီး လုပ်နေမယ်၊ ဒီအလုပ်ကနေ အသက်အရွယ်တစ်ခုရလာလို့ အနားယူတဲ့အခါမှာ ဝင်ငွေရှိပါတော့မလားဆိုပြီး စာဖတ်သူတစ်ချို့စဉ်းစားဖူးမှာပါ။ အဲဒါကို ကြိုတင်စဉ်းစားရမှာပါ။ ပုံမှန်လစာရတဲ့အလုပ်မှာသာ ကိုယ့်ဘဝတစ်ခုလုံး မြှပ်နှံထားပြီး အလုပ်တွေတော့ ကြိုးစားပါရဲ့ ဘာမှမဖြစ်လာဘူးဆိုတာမျိုးက ထိုအကြောင်းရင်းပါပဲ။ ပုံမှန်လုပ်နေကျအလုပ်တစ်ခုကနေ “ဒီအလုပ်မှာ အကောင်းဆုံးကြိုးစားမယ်….။ ဒီအလုပ်ကနေ အနားယူရတဲ့အခါ ငါဘာဆက်လုပ်မလဲ။ အဲဒီ့အတွက် အခုကတည်းက ဘာကို စတင်ထားသင့်သလဲ။ ဒါမှမဟုတ် ထပ်စတင်မယ့်အလုပ်အတွက် ဘာကို နောက်ထပ်သင်ယူထားဖို့လိုသလဲ။ ဘာတွေ တတ်မြောက်ထားသင့်သလဲ” ထိုကဲ့သို့တွေးရမှာပါ။ ပုံမှန်အလုပ်လုပ်နေမယ်၊ လုပ်နေရင်းနဲ့ နောင်တစ်ချိန် ကိုယ်ရဲ့အသက်မွေးဝမ်းကျောင်းအတွက် ခွဲထွက်ဖို့ ကြိုတင်ပြင်ဆင်ရမှာပါ။ ဒီလိုပြောလို့ ခုလက်ရှိလုပ်နေတဲ့အလုပ်ကနေ ထွက်ခိုင်းတာမဟုတ်ပါဘူးနော်။ ခုလက်ရှိအလုပ်ကို လုပ်ထားရင်းနဲ့ အနာဂတ်အတွက် ကြိုတွေးပြင်ဆင်ဖို့ပြောတာပါ။

၃) အသိပညာအသစ်တွေ မသင်ယူခြင်း
ခုလက်ရှိအလုပ်မှာ မန်နေဂျာလုပ်နေတယ်ဆိုရင် ဒီထက်မြင့်တဲ့ရာထူးအတွက်၊ ဒါမှမဟုတ် တစ်ချိန်အနားယူရင် ကိုယ်ပိုင်လုပ်ငန်းအတွက် စီးပွားရေးနဲ့ပတ်သက်တာတွေ လေ့လားဆည်းပူးထားပြီး ခေတ်ကိုမပြတ်လေ့လာ သင်ယူနေသင့်ပါတယ်။ မအောင်မြင်ရတဲ့အကြောင်းရင်းထဲမှာ ဒီအချက်လည်း ပါပါတယ်။ ဒီနေရာမှာ နေလို့ရရင် နေနေပြီး ဘာမှ ထပ်မတွေးတောဘဲ ဒီနေရာမှာသာ အကောင်းဆုံးကြိုးစားနေရုံနဲ့တော့မရပါဘူး။ သိသင့်တာတွေ၊ သင်ယူသင့်တာတွေကို ထပ်လေ့လာနေမှ နောင်တစ်ချိန်ကိုယ့်အတွက် စီမံကိန်းဆွဲထားတဲအလုပ်တွေမှာ ကိုယ်တိုင်ဦးဆောင်နိုင်မှာပါ။

၄) မစွန့်စားရဲခြင်း
လမ်းဟောင်းကြီးအတိုင်းသွားတာက သူများတွေလည်း အန္တရာယ်မဖြစ်ဘူး၊ ကိုယ်လည်းအန္တရာယ်မဖြစ်ဘူးဆိုပြီး ဒီအတိုင်းလျှောက်နေရင်တော့ လမ်းအသစ်ကိုမရောက်နိုင်သလို လှပတဲ့ရှုခင်းအသစ်တွေကိုလည်း သင်မြင်နိုင်မှာမဟုတ်ပါဘူး။ ဘယ်နေရာမှာမဆို ကိုယ်ကစတင်မယ်ဆိုရင်တော့ စွန့်စားရမှာပါပဲ။ ကိုယ့်ရဲ့အသက်ရှင်ရပ်တည်မှုအတွက် ခုလက်ရှိအလုပ်မှာလုပ်နေတာမှန်တယ်၊ တချိန် အနားယူရမယ့်အချိန်မှာ ကိုယ့်အသက်မွေးဝမ်းကျောင်းအတွက် သင်ယူသင်တာသင်ယူပြီး စွန့်စားသင့်တာစွန့်စားရမှာပါ။ ကိုယ်ပိုင်စီးပွားရေးတစ်ခု စတင်မယ်ဆိုပါတော့ သင်အခုချိန်ထဲက စတင်ထားမှ သင့်လက်ရှိအလုပ်ကနေအနားယူချိန်မှာ သင့်အတွက် ခိုင်မာတဲ့စီးပွားရေးတစ်ခုဖြစ်နေမှာပေါ့။ ဒါတောင် သင်အရှုံးခံရမယ့်နှစ်တွေအတွက် ထည့်တွက်ထားတာပါ။ အဲဒီ့အတွက် စွန့်စားရဲဖို့လိုပါတယ်။ စွန့်စားရဲမှ အောင်မြင်ခြင်းကိုရမှာပါ။

၅) ရင်းနှီးမြုပ်နှံမှု မလုပ်ရဲခြင်း
လူတွေက နည်းနည်းပေးပြီး များများရမယ်ဆိုရင်သာ စိတ်ဝင်တစားနဲ့ စုပြုံထည့်ပြီး ပုံအောကြတတ်တာပါ။ ကိုယ့်အတွက်ကိုယ် ရင်းနှီးမြုပ်နှံမယ်ဆိုရင်တော့ “အချိန်ကြာတယ်….။ ဘယ်လောက်မှတောင် မမြတ်ဘဲနဲ့….။ မြိုးမြက်အောင်ရမှ စိတ်ဝင်စားတာ…..” ထိုဆင်ခြေတွေနဲ့ ရင်းနှီးရမှာကြောက်တတ်ပါတယ်။ အဲဒီ့အခါမှာ လူလိမ်နဲ့တိုးတော့တာပါပဲ။ အဲဒါကြောင့် ခုချက်ချင်းအပင်စိုက်၊ ခုချက်ချင်းရမယ်ပြောတာမျိုးမှာ မရင်းနှီးဘဲ၊ ကိုယ်တိုင်ကျွမ်းကျင်ပြီး ကိုယ်တိုင်လေ့လာနားလည်အောင်သင်ယူပြီးတဲ့အခါ ခုချက်ချင်းအပင်စိုက်ထားလိုက်ပါ။ အချိန်တန် အပင်ပေါက်အသီးသီးလာမှာပါ။ အဲလိုအပင်ပေါက်၊ အသီးသီးတဲ့အချိန်ထိ မစောင့်နိုင်ခြင်းကလည်း မအောင်မြင်ရခြင်းရဲ့ အကြောင်းရင်းတခုပါပဲ။

၆) အချိန်ကို အကျိုးရှိစွာအသုံးမချခြင်း
အလုပ်တွေများလို့ ကျားကုတ်ကျားခဲတော့လုပ်ပါရဲ့။ အလုပ်ချိန် ၈နာရီပြီးတာနဲ့ ပြီးပြီလို့သတ်မှတ်ထားခြင်းက မှားပါတယ်။ လစာရတဲ့အလုပ်က အလုပ်ချိန် ၈နာရီပါပဲ။ သင့်အတွက် နောက်ထပ်အကျိုးရှိမယ့်အလုပ်တစ်ခုလောက်ဖြစ်စေ အစပျိုးထားဖို့ အချိန်ကို အကျိုးရှိစွာအသုံးချဖို့ ဆိုလိုချင်တာပါ။ ကိုယ်လုပ်မယ်လို့ စီမံကိန်းဆွဲထားတဲ့အလုပ်နဲ့ ပတ်သက်တဲ့သင်တန်းတက်မလား၊ အဲဒီ့အလုပ်ကို ပုံမှန်ဝင်ငွေအလုပ်ရဲ့အလုပ်ချိန်ပြင်ပမှာ စပြီး run ထားမလား။ ဘာတွေလိုမလဲ၊ အချိန်ကို ဘာပြီးရင် ဘာအတွက်ဆိုတာမျိုး အကျိုးရှိအောင်၊ ထောင့်စေ့အောင် သုံးတတ်ဖို့လိုပါတယ်။ နားချိန်တောင်မရှိဘဲ အလုပ်ချည်းလုပ်နေရမယ်မဆိုလိုပါဘူးနော်။ သူ့အချိန်နဲ့သူ သုံးတတ်ဖို့ပြောတာပါ။

အလုပ်ကို ကြိုးစားတိုင်း မအောင်မြင်ပေမယ့် အလုပ်ကြိုးစားခြင်းကတော့ အောင်မြင်ဖို့လမ်းကြောင်းမှာ ပြေးနေတာနဲ့တူပါတယ်။ အဲဒါက အောင်မြင်ဖို့ပိုပြီး နီးစပ်ပါတယ်။ ထိုကြိုးစားခြင်းလမ်းမှာပြေးနေပေမယ့် ပြေးနည်းအဟောင်းကြီးနဲ့ပြေးနေလို့တော့မရပါဘူး။ အထက်ကအချက်လေးတွေပါ ကူပြီး ဉာဏ်လေးကူပါလို့။
အားလုံးပဲ အလုပ်ကြိုးစားပြီး အောင်မြင်သူတွေဖြစ်ကြပါစေ။ #Bawa101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။