သင့်အတွက်သင် အချိန်ပိုပေးသင့်သောအရာများ

တကယ်တော့ သင့်ကိုယ်သင့်အတွက် အချိန်မပေးမိရင် အခြားသော အဓိပါ္ပယ်မရှိတဲ့အရာတွေအတွက် အချိန်ဖြုန်းမိပါလိမ့်မယ်။ အချိန်လည်းကုန်အကျိုးလည်း မရှိတော့ဘူးပေါ့။ အဲဒါကြောင့် သင့်ကိုယ်သင်အတွက် အချိန်ပေးသင့်တဲ့အရာတွေကို သိထားသင့်တယ်ထင်လို့ ဖော်ပြပေးလိုက်ပါတယ်။ မနက်ခင်း တစ်နေ့တာနိုးထလာတိုင်းမှာ အခုဖော်ပြထားတဲ့အရာတွေအတွက် အချိန်ပိုပေးနိုင်အောင် သတိထားမယ်လို့ ကိုယ့်ကိုယ်ကိုယ်သတိပေးထားလိုက်ပါ။ ကိုယ့်မှာ အခြားသူတွေကြောင့်ဖြစ်ဖြစ်၊ ဒါမှမဟုတ် အခြားကိစ္စတွေနဲ့ အချိန်တွေအလကားဖြုန်းတီးမိနေပြီလို့ ကိုယ့်ကိုယ်ကိုယ်သတိဝင်လာတိုင်း ဒီအရာတွေအတွက် အချိန်ပြန်ပေးလိုက်ပါ။ အဲဒါဆို သင့်ဘဝအတွက် အချိန်တွေလည်းအလကားမဖြစ်စေတော့ဘဲ၊ သင်လည်း အခြားသောအကျိုးမရှိတဲ့အရာတွေအတွက် အာရုံနောက်ရတော့မှာ မဟုတ်ပါဘူးနော်။


၁) Me time
ဒါကတော့ သင့်တစ်နေ့တာလုံး ကျောင်း၊ ရုံး၊ အိမ်၊ စတဲ့တာဝန်ကိုယ်စီနဲ့ မွန်းကြပ်သမျှကို ပြေလျော့စေမယ့်အချိန်မို့ အဓိက အရေးပါတဲ့အချိန်ပါပဲ။ ဘယ်အချိန်ကိုတော့ ကိုယ့်အတွက် အနှောင့်အယှက်ကင်းကင်းနဲ့ ကိုယ့်အချိန်အဖြစ်သတ်မှတ်မလဲဆိုတာ သင်ကိုယ်တိုင်ဆုံးဖြတ်ပါ။ အဲဒီ့အချိန်တွင်းမှာ သင့်အတွက် စိတ်ချမ်းသာ ၊ စိတ်ဖိစီးမှုပြေလျော့စေတဲ့အရာတွေချည်းသီးသန့်လုပ်ပါ။ ဥပမာ။ စာဖတ်တာ၊ သီချင်းအေးအေးလေးတွေနားထောင်ရင်း စီးမြောခံစားတာ၊ ကဗျာတွေချရေးပစ်တာ၊ ကိုယ့်ခံစားချက်မွန်းကြပ်နေသမျှကို ချရေးလိုက်တာ၊ ကိုယ်အရမ်းကြိုက်တဲ့ရုပ်ရှင်ကို တစ်ယောက်တည်းအေးအေးချမ်းချမ်းထိုင်ကြည့်လိုက်တာမျိုးတွေပေါ့။

၂) အိပ်ချိန်
ဒီနေ့ခေတ်မှာ အိပ်ချိန်၊ စားချိန်မမှန်တဲ့လူတွေများလာပါတယ်။ နည်းပညာတွေနဲ့ တိုးတက်လာတဲ့ခေတ်ရဲ့ဘေးထွက်ဆိုးကျိုးပေါ့။ အဲဒါကြောင့် သင့်ကိုသင်အမြဲတမ်းအချိန်သေချာပေးရမယ့်အထဲမှ အိပ်ချိန်ကို ပြည့်ဝစွာအိပ်ဖို့လည်းပါပါတယ်။ အိပ်ချိန်ပြည့်ဝတယ်ဆိုပြီး မိုးလင်းခါနီးမှ ဝင်အိပ်ပြီး နေ့လယ်စာစားချိန်မှ အိပ်ရာထတာကိုပြောတာမဟုတ်ပါဘူးနော်။ ပုံမှန်အိပ်သင့်တဲ့အချိန်မှာ အိပ်ရာဝင်ပြီး ပုံမှန်အိပ်ရာထသင့်တဲ့အချိန်မှာ အိပ်ရာထတာမျိုးကိုပြောချင်တာပါ။

၃) စာဖတ်ချိန်
ဒါကတော့ မဖြစ်မနေလုပ်ရမယ့်အရာထဲမှာလည်း ပါပါတယ်။ စာဖတ်ခြင်းအားဖြင့် ကိုယ့်ရဲ့ကျောင်း၊ အိမ်၊ အလုပ်ခွင်မှာ ပတ်သက်ရသမျှ လူတွေနဲ့ ပတ်သက်ပြီး အမြင်ကျယ်လာစေတာမို့ စိတ်ဖိစီးမှုနည်းလာစေပါတယ်။ သိပ်မခံစားတတ်တော့ပါဘူး။ ဘာလို့လဲဆိုတော့ “အော်…..သူကဒီလိုအကျင့်ရှိတာကိုး၊ အော်….ဒါကတော့ သူ့နေတတ်သလိုနေတာလေ….” စသဖြင့် အမြင်ကျယ်လာတဲ့အခါ အခြားသူဘက်ကနေ စဉ်းစားတတ်လာပါတယ်။ အဲဒါကြောင့် စိတ်ပိုချမ်းသာတာပေါ့။ အဲဒီလိုဖြစ်ဖို့ရာ နေ့တိုင်းစာဖတ်ဖို့လိုပါတယ်။ ဗဟုသုတလည်းတိုးစေတယ်၊ အမြင်လည်းကျယ်စေတာကြောင့်ပါ။

၄) လေ့ကျင့်ခန်းလုပ်ချိန်
ကျန်းမာရေးအတွက် အချိန်မဖြစ်မနေပေးဖို့ပါပဲ။ အများကြီးမလိုပါဘူး၊ တစ်နေ့ဘယ်နှစ်နာရီ လေ့ကျင့်ခန်းလုပ်မယ်ရယ်လို့ သတ်မှတ်ပြီးထိုအချိန်ကျရင် မဖြစ်မနေလေ့ကျင့်ခန်းလုပ်ဖြစ်အောင်လုပ်ဖို့ပါပဲ။ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းက သင့်ကို သက်လုံကောင်းစေပြီး ကျန်းမာစေပါတယ်။

၅) ဝါသနာ
ဒါကတော့ စိတ်ထွက်ပေါက်အတွက် အချိန်ပေးဖို့ပါ။ သင့်ဝါသနာအရ တစ်ခုခုကို ဖန်တီးပေးပါ။ ပန်းချီဆွဲတာကြိုက်ရင် ပန်းချီလေးဆွဲနေပေါ့။ စာရေးတာကြိုက်ရင် ရေးတတ်သလို စာရေးပေါ့။ လက်မှုပစ္စည်းလေးတွေလုပ်ချင်ရင်လည်းလုပ်ပေါ့။ စက်ချုပ်ဝါသနာပါရင် ကိုယ်ကြိုက်တာလေးတွေဖြစ်ဖြစ် ချုပ်နေပေါ့။ အဲဒါက သင့်စိတ်ထဲကို အခြားအကြောင်းအရာတွေဝင်မလာစေတော့ဘဲ သင့်ကိုသင်အချိန်ပိုပေးလိုက်ခြင်းကြောင့် ရလာနိုင်တဲ့စိတ်ချမ်းသာမှုပါပဲ။ တခါတလေ အခြားသူတွေကို အချိန်ပေးပြီးတွေးမိရာကနေ စိတ်ချမ်းသာခြင်းပျောက်ဆုံးသွားတတ်ပါတယ်။ အဲဒါကြောင့် ကိုယ့်စိတ်ကို ကိုယ့်အတွက်အချိန်ပိုပေးလိုက်တဲ့သဘောပါပဲ။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။