သင့်အလုပ်ခွင်နဲ့ဘဝမှာ အောင်မြင်စေမယ့် စိတ်ထား ၇မျိုး
ဘဝမှာ အလုပ်ခွင်မှာပဲဖြစ်ဖြစ်၊ ဘဝရှင်သန်မှုမှာပဲဖြစ်ဖြစ် အောင်မြင်အဆင်ပြေစေမယ့် ထားရှိသင့်တဲ့စိတ်ထားလေးတွေရှိပါတယ်။ အဲဒီ့စိတ်ထားလေးတွေရှိမှသာ ဘယ်နေရာရောက်ရောက် အဆင်ပြေပြီး ကိုယ့်ရဲ့ကိုယ်၊ စိတ်ကျန်းမာရေးကို ထိခိုက်ခြင်းမှ ကင်းဝေးစေမှာဖြစ်ပါတယ်။ အဓိကကတော့ နေတတ်ဖို့နဲ့ စိတ်ထားတတ်ဖို့ပါ။ အဲဒါဆိုရင် သင့်ဘဝမှာရော အလုပ်ခွင်မှာပါ သင့်အတွက် အဆင်ပြေစေပြီး သင်ရည်မှန်းထားသမျှတွေဖြစ်လာနိုင်မှာပါ။
ဘာလုပ်ရမယ်မှန်းမသိခြင်းက ဘယ်လမ်းကိုလျှောက်ပြီး ဘယ်ခရီးကိုသွားရမယ်မှန်းသိမှာမဟုတ်လို့ ခရီးရောက်မှာမဟုတ်ပါဘူး။ စမ်းတဝါးဝါးနဲ့လျှောက်တဲ့လမ်းကလည်း ကိုယ့်စိတ်နဲ့အဆင်မပြေတဲ့အခါ နံပါတ်တစ်ကနေပြန်စရမှာမို့ သူများထက်ကို နောက်ကျနေတတ်တာ၊ အဆင်မပြေတာ၊ မတိုးတက်တာမျိုးတွေဖြစ်နိုင်တာပေါ့။ အဲဒါကြောင့် အလုပ်ခွင်မှာပဲ ဖြစ်ဖြစ်၊ ဘဝဖြတ်သန်းမှုမှာပဲဖြစ်ဖြစ် ကိုယ်ဖြစ်ချင်တဲ့ရည်မှန်းချက်ကို သေချာသိပြီး သေချာပန်းတိုင်သတ်မှတ်ကာ တစိုက်မတ်မတ် ရောက်အောင်ကြိုးစားမှသာ သူများထက်ပိုပြီး ကိုယ့်လမ်းကိုယ်ဖောက်နိုင်မှာပါ။ အဲဒါကြောင့် ကိုယ်ဖြစ်ချင်တာဘာလဲ၊ ကိုယ်သွားချင်တဲ့လမ်းကြောင်းကဘာလဲ၊ ကိုယ့်ရဲ့ဘဝအတွက် ကိုယ်တကယ်စိတ်ပါဝင်စားတာကဘာလဲဆိုတာမျိုး သေချာသိအောင်ကြိုးစားပြီး ဆုံးဖြတ်သင့်ပါတယ်။
၂) ကိုယ်ဖြစ်ချင်တဲ့ပန်းတိုင်အပေါ် စိတ်အားထက်သန်မှုရှိပါ။
ဘဝနဲ့ပတ်သက်တဲ့ပန်းတိုင်သတ်မှတ်ထားတာဖြစ်ဖြစ်၊ အလုပ်ခွင်မှာ ဘယ်အသက်အရွယ်မှာ ဘယ်ရာထူးရောက်ရမယ်လို့ သတ်မှတ်ထားတာဖြစ်ဖြစ် ကိုယ်ဖြစ်ချင်တဲ့ရည်မှန်းချက်အပေါ် စိတ်အားထက်သန်စွာကြိုးစားနေဖို့လိုပါတယ်။ အဲဒီလို စိတ်အားထက်သန်ခြင်းက ကိုယ့်ရဲ့ရည်မှန်းချက်နဲ့ပတ်သက်ပြီး အောင်မြင်မှုရှိဖို့ အထောက်အပံ့ဖြစ်စေပါတယ်။ စိတ်အားထက်သန်မှုမရှိရင်တော့ သင်ဘယ်လောက်ပဲ ရည်မှန်းချက်သတ်မှတ်ထားပါစေ ဖြစ်လာအောင် ကြိုးစားမှာမဟုတ်ပါဘူး။
၃) ကြိုးစားမှုပေါ်မှာသာအာရုံစိုက်ပါ။ (ရလဒ်တွေကိုအာရုံမထားပါနဲ့)
နောက်တဆင့်ကတော့ ဖြစ်စဉ်တွေပေါ်မှာသာ အာရုံစိုက်ဖို့ ကိုယ့်ကိုယ်ကိုယ်သတိပေးဖို့ပါပဲ။ တနည်း အားဖြင့်
အလုပ်နဲ့ပတ်သက်တာဖြစ်ဖြစ်၊ ဘဝနဲ့ပတ်သက်တဲ့ရည်မှန်းချက်မှာဖြစ်ဖြစ် ဘာတွေကြုံလာပါစေ ကြိုးစားမှုကိုသာ ပိုတိုးပြီးကြိုးစားဖို့ပေါ့။ အခက်အခဲတွေကြုံကြုံ၊ ပြဿနာတွေကြုံကြုံ၊ အကြပ်အတည်းတွေကြားမှာဖြစ်လာရင်တောင် ကိုယ့်ရဲ့ကြိုးစားမှုကိုပဲ အာရုံစိုက်ပြီး တစိုက်မတ်မတ်ကြိုးစားဖို့ပါ။ ရလဒ်တွေကို အာရုံထားလိုက်မယ်ဆိုရင် ကြိုးစားမှုကလည်း လျော့သွားနိုင်တာကြောင့်ပါ။
၄) စံနမူနာယူသင့်တဲ့လူအဖြစ်ရှင်သန်ပါ။
ဘယ်သူနဲ့မှ မတူဘဲ စံပြလူတစ်ယောက်လိုရှင်သန်ခြင်းက သင့်ကိုအကောင်းဆုံးတွေချည်းဖြစ်အောင်ကြိုးစားချင်စိတ်ဖြစ်လာစေပါတယ်။ မိသားစုမှာဖြစ်ဖြစ်၊ ဘဝမှာဖြစ်ဖြစ်၊ အလုပ်ခွင်မှာဖြစ်ဖြစ်ပေါ့။ ကိုယ့်ကိုယ်ကိုယ်အဲဒီလိုရှင်သန်မယ်လို့ စိတ်ပိုင်းဖြတ်ထားလိုက်တဲ့အခါ အကောင်းဆုံးဖြစ်အောင်ရှင်သန်ဖို့ သတိလေးထားပြီးသားဖြစ်သွားပါတယ်။
၅) ကိုယ့်အတွက် မှန်ကန်တဲ့၊ အကျိုးပြုနိုင်တဲ့ လူတွေနဲ့သာဝန်းရံပါ။
ပြောချင်တာက ကိုယ့်အတွက်အဆိပ်အတောက်ဖြစ်စေတဲ့လူတွေ၊ ကိုယ့်ကို ဒုက္ခပေးနိုင်တဲ့သူတွေ၊ ပြဿနာတွေသာ သယ်လာတဲ့လူတွေနဲ့ရှောင်ပါ။ ကိုယ့်ရဲ့ရည်မှန်းချက်နဲ့ပတ်သက်ပြီး လမ်းပြပေးနိုင်မယ့်လူတွေ၊ ကိုယ့်ရဲ့ရည်မှန်းချက်နဲ့တူတဲ့သူတွေ၊ ကိုယ့်လိုကြိုးစားနေတဲ့လူတွေနဲ့သာ ဝန်းရံသင့်ပါတယ်။
၆) အရေအတွက်နဲ့စတင်ပေမယ့် အရည်အချင်းနဲ့အဆုံးသတ်ပါ။
ဘဝနဲ့ပတ်သက်တဲ့ရည်မှန်းချက်ဖြစ်ဖြစ်၊ အလုပ်ခွင်မှာဖြစ်ဖြစ် အရေအတွက်နဲ့စတင်ရတယ်ဆိုရင်တောင် အရည်အချင်းပါအောင်တော့ ကြိုးစားပါ။ တနည်းအားဖြင့် အရည်အချင်းရှိရှိ ဘယ်အလုပ်ကိုမဆို ကြိုးစားတဲ့သူနဲ့ ဖြစ်သလိုလုပ်တတ်သူချင်းကွာခြားသွားတာပါပဲ။ရေနဲ့ဆီလို သိသာသွားစေပါတယ်။ အဲဒါကြောင့် အရည်အချင်းရှိရှိလုပ်ဆောင်ပါ။
၇) ဘယ်နေရာမှာမဆို လိုက်လျောညီထွေဖြစ်အောင်နေထိုင်ပါ။
ရောမရောက်ရင်ရောမလိုကျင့်ရမယ်ဆိုတဲ့စကားက အားလုံးနဲ့လိုက်လျောညီထွေဖြစ်စေချင်တာပါ။ အများနဲ့အဆင်ပြေအောင် နေထိုင်တတ်တဲ့လူက ဘယ်နေရာမှာမဆို အဆင်ပြေနေတတ်ပါတယ်။
ကိုယ်နဲ့ type တူသည်ဖြစ်စေမတူသည်ဖြစ်စေ ပေါင်းသင်းဆက်ဆံရေးမှာအဆင်ပြေအောင်နေထိုင်တတ်ခြင်းက သင့်အတွက် မိတ်များလာသလို၊ သင့်နယ်ပယ်ကိုလည်းပိုကျယ်လာစေပါတယ်။
အဲဒါကြောင့် သင့်ဘဝမှာ၊ အလုပ်ခွင်မှာ အဆင်ပြေချင်တယ်ဆိုရင် ဘဝနဲ့အလုပ်ခွင်အတွက် ပန်းတိုင်သေချာသတ်မှတ်ပါ၊ သင့်ရဲ့ ပန်းတိုင်ကိုရောက်ဖို့ စိတ်အားထက်သန်စွာကြိုးစားပါ။ မှန်ကန်တဲ့လူတွေနဲ့သာဝန်းရံပါ။ အဲဒါစိတ်ထားတွေက သင့်ဘဝနဲ့အလုပ်ခွင်မှာ အဆင်ပြေဝင်ဆန့်လာစေမှာပါ။