သီတင်းကျွတ်ပိတ်ရက်မှာ အိမ်မှာနေပြီး လုပ်နိုင်တဲ့အရာတွေ

သီတင်းကျွတ်ပိတ်ရက်တွေမှာ သူများတွေလို ခရီးမထွက်နိုင်တဲ့သူတွေ ဘာလုပ်ကြရင်ကောင်းမလဲ။ အားလပ်ရက်လေးရတုန်း အကျိုးရှိရှိအသုံးချကြရင် ပိုကောင်းပါတယ်။ ဒါမှမဟုတ်ရင်လည်း ကိုယ်လုပ်ချင်ပြီး မအားလပ်တာကြောင့်မလုပ်ဖြစ်ဘဲ ဆိုင်းထားရတဲ့အလုပ်တွေ၊ ပစ်ထားရတဲ့အလုပ်တွေ အထူးသဖြင့် ကိုယ့်စိတ်ကြိုက်အလုပ်တွေ ပြန်လုပ်နိုင်တာပေါ့။ စိတ်ဖိစီးမှုလည်း ပြေပျောက်စေပြီး အကျိုးလည်းရှိမယ်ဆိုရင်တော့ အကောင်းဆုံးပါပဲနော်။ ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်ခရီးထွက်မယ့်သူတွေကို အားကျရင်း ကိုယ်တော့ ဘာမှမလုပ်နိုင်ဘူးလို့ ထင်နေတဲ့သူတွေအတွက် လုပ်လို့ရတာလေးတွေ အကြံပေးလိုက်ပါတယ်နော်။


၁) ဈေးပွဲတော်တွေသွားမယ်။
အဓိကကတော့ ဒီလိုအချိန်က ဈေးဝယ်ကောင်းတဲ့အချိန်လို့ဆိုရပါမယ်။ သီတင်းကျွတ်လျှော့ဈေးတွေလည်း ချနေတဲ့အချိန်လည်းဖြစ်နေ၊ ဈေးတန်တန်လေးနဲ့လည်း လိုချင်တာလေးတွေ ဝယ်နိုင်သလို၊ စိတ်ပြေလက်ပျောက်လည်းဖြစ်တာမို့ ဒီလိုအချိန်မှာ ဈေးဝယ်ဖို့ သင့်တော်ပါတယ်။

၂) စာဖတ်မယ်။
စာဖတ်မယ်…ဆိုပြီး ဖတ်ချင်တဲ့စာအုပ်တွေ စုထားမိတာမျိုးဖြစ်ပြီး စာမဖတ်သေးဘူးဆိုရင် ဒီပိတ်ရက်တွေက စာကို စိတ်အေးလက်အေးဖတ်နိုင်တဲ့ပိတ်ရက်တွေပါပဲ။ ကိုယ်ဖတ်ဖို့ အကြွေးကျန်နေသေးတဲ့စာအုပ်တွေကို ကော်ဖီတစ်ခွက်နဲ့ အေးဆေးဖတ်လိုက်ပါ။ ဘာအပူအပင်မှ မစဉ်းစားဘဲနဲ့ပေါ့။

၃) ရုပ်ရှင်ကြည့်မယ်။
ကိုယ်ကြည့်မယ်လို့ အားခဲထားတဲ့ ရုပ်ရှင်တွေ ဒေါင်းလော့တွေဆွဲထားပြီး မကြည့်ဖြစ်သေးတာတွေရှိလား။ အဲဒါဆိုရင်တော့ ဒီလိုအားလပ်ရက်မှာ ခရီးမထွက်ရလို့ အားမငယ်ပါနဲ့။ ရုပ်ရှင်ကို အေးဆေးစွာနဲ့ ထိုင်ရာမထတမ်းကြည့်လို့ရပါပြီ။

၄) အပင်စိုက်မယ်။
စိုက်ထားပြီးသားအပင်လေးတွေရှိရင် အပင်လေးတွေကို သေချာပြန်ပြီး ဂရုစိုက်နိုင်မယ့်အချိန်ပါပဲ။ မစိုက်ရသေးရင်လည်း သေချာလေးပြုစုပြီး စိုက်နိုင်တဲ့အားလပ်ရက်ကိုရပါပြီ။ အပင်စိုက်ခြင်းက စိတ်ကြည်လင်အေးချမ်းစေလို့ အသက်ရှည်ကျန်းမာစေပါတယ်။ အလွယ်တကူစိုက်လို့ရတဲ့အပင်ငယ်လေးတွေကို ပျိုးဥယျာဉ်မှာ ဝယ်ပြီး ကိုယ်နေထိုင်ရာနေရာမှာစိုက်ပျိုးကြည့်လို့ရပါတယ်။ ကိုယ်စိုက်ပျိုုးထားတဲ့အပင်လေးတွေရှင်သန်လာလေ ပီတိဖြစ်ရလေပါပဲ။

၅) အိမ်ရှင်းမယ်။
အလုပ်နဲ့အိမ်၊ အိမ်နဲ့အလုပ်ချည်းသွားနေရလို့ အိမ်မှာဘာမှမရှင်းလင်းရသေးရင်လည်း အိမ်ကိုသန့်ရှင်းအောင်၊ လေကောင်းလေသန့်ရအောင်၊ ရှု့ပ်ပွနေတာလေးတွေရှင်းလိုက်ပါ။ စိတ်လည်းကြည်လင်သွားပါလိမ့်မယ်။

၆) ဘုရားဖူးမယ်။
အိမ်နဲ့နီးစပ်ရာဘုရားကို သွားဖူးလိုက်ပါ။ စိတ်အေးချမ်းသွားပါလိမ့်မယ်။ အထူးသဖြင့် ခုလိုမိုးအကုန်နွေအကူးချိန်မျိုးမှာ ညနေခင်း ဘုရားတက်ရတာ အင်မတန်စိတ်အေးချမ်းကြည်လင်စေပါတယ်။
အထက်ကအချက်လေးတွေကို လုပ်ခြင်းအားဖြင့် အားလပ်ရက်မှာ သူများတွေလိုခရီးမသွားရလို့ စိတ်ညစ်ဖို့တောင် အားမှာမဟုတ်တော့ပါဘူး။ တခုချင်း အချိန်ပေးပြီးလုပ်ကြည့်တဲ့အခါ စိတ်ကြည်လင်လာသလို၊ စိတ်အေးချမ်းလာပါလိမ့်မယ်။ အဓိကကတော့ အိမ်နဲ့အလုပ်၊ အလုပ်နဲ့အိမ် ဖြစ်နေပြီး စိတ်ဖိစီးနေတာတွေ၊ ဘာမှန်းမသိဘဲ အကြံဉာဏ်သစ်တွေမထွက်သလိုဖြစ်နေတာတွေကို စိတ်ရှင်းသွားစေပါလိမ့်မယ်။ ငွေကုန်လည်းမများဘဲ စိတ်ဖိစီးမှုလျော့ပါးစေတာမို့ လုပ်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။