သင်စိတ်အားငယ်တဲ့အချိန်မှာပြန်တွေးသင့်တဲ့အရာများ

ဘယ်သူကမှတော့ အမြဲတစေ ပျော်ရွှင်နေတာမရှိပါဘူး။ ဘယ်သူကမှလည်း အမြဲတစေ ဝမ်းနည်းကြေကွဲနေမှာမဟုတ်ပါဘူး။ တခါတလေမှာတော့ ကျွန်တော်တို့ရဲ့ ကျရှုံးမှု၊ မအောင်မြင်မှု၊ ဆိုးရွားတဲ့ကိစ္စတွေကြောင့် ဝမ်းနည်းမှု၊ အားငယ်မှုမျိုး ခံစားရမှာဖြစ်သလို၊ တခါတလေမှာလည်း အောင်မြင်မှုတွေကြောင့် စိတ်ခွန်အားဖြစ်ရတာ၊ ပျော်ရွှင်ရတာမျိုးတွေကြုံကြရမှာပါ။ ကောင်းတာတွေကြုံတဲ့အခါမှာ ခံစားချက်ကတော့ အထူးတလည်ပြောစရာမလိုပေမယ့် မကောင်းတာတွေခံစားရတဲ့အခါမှာတော့ တဝဲလည်လည်နဲ့ ပြေလည်ဖို့ အတော်ကြိုးစားရတတ်ပါတယ်။


ဝမ်းနည်းခြင်းဆိုတာက ဘဝရဲ့အစိတ်အပိုင်းတစ်ခုပါပဲ။ ဒါပေမယ့်ထိုဝမ်းနည်းခြင်း၊ အားငယ်ခြင်းတွေကနေပဲ တခုခုကိုတော့ သင်ယူနိုင်ပါတယ်။ အဲဒါကြောင့် သင်စိတ်အားငယ်နေချိန်မှာပြန်တွေးသင့်တဲ့အရာတွေကိုဖော်ပြပေးလိုက်ပါတယ်။

၁) ပြီးတော့လည်းပြီးသွားတာပါပဲ။
သင့်ဘဝမှာ အမြဲတမ်းကောင်းတဲ့အရာတွေချည်းဖြစ်နေမှာမဟုတ်တဲ့အတွက်ကြောင့် အမြဲတမ်းပျော်ရွှင်နေရမှာလည်း မဟုတ်ပါဘူး။ စိတ်ညစ်စရာလည်းကြုံရမှာပါပဲ။ အဲဒီလိုပါပဲ စိတ်ညစ်စရာတွေလည်း အမြဲတမ်းကြုံနေမှာမဟုတ်ပြန်ပါဘူး။ အဲဒီ့တော့ ပျော်စရာကြုံနေရင်လည်း အမြဲတမ်းမဟုတ်မှန်းနှလုံးသွင်းပါ။ စိတ်ညစ်စရာကြုံပြန်ရင်လည်း အချိန်တန်ပြီးသွားတာပဲ….ဆိုတာမမေ့ပါနဲ့။ အမှောင်ထုကြီးစိုးနေတဲ့နေ့တွေပြီးသွားတဲ့အခါ အလင်းရောင်ရတဲ့နေ့တွေပြန်ရောက်လာမှာပါ။ စိတ်ညစ်ရတဲ့နေ့တွေကုန်ဆုံးပြီးရင် သင်လည်းပျော်ရွှင်ရတဲ့နေ့ကိုပြန်ရောက်လာမှာပါ။

၂) သင်ထိန်းချုပ်နိုင်တဲ့အရာကိုသာအာရုံစိုက်ပါ။
သင်မထိန်းချုပ်နိုင်တဲ့အရာတွေကိုသာ တွေးမိနေတဲ့အခါ သင့်စိတ်ထဲ ကောင်းမွန်တဲ့စိတ်ခံစားချက်တွေမဖြစ်နိုင်ပါဘူး။ ရာသီဥတုပူတာ သင်ထိန်းချုပ်နိုင်တဲ့ကိစ္စမဟုတ်ပါဘူး။ သင့်မိဘအခြေအနေက သင့်ထိန်းချုပ်နိုင်တဲ့ကိစ္စမဟုတ်ပါဘူး။ သင့်မိဘက သင့်ကိုမွေးလာပေးတဲ့ရုပ်ရည်က သင်ထိန်းချုပ်နိုင်တဲ့ကိစ္စမဟုတ်ပါဘူး။ သင်ကျန်းမာချင်ပေမယ့် ရုတ်တရက်ဆေးရုံတက်ရတာ၊ အလုပ်ကြိုးစားနေပေမယ့် အလုပ်ထုတ်ခံရလိုက်ရတာ စသဖြင့် သင်မထိန်းချုပ်နိုင်တဲ့အရာတွေအများကြီးက သင့်ကိုစိတ်ဓာတ်ကျစေပါလိမ့်မယ်။ ဒါပေမယ့် သင်ထိန်းချုပ်နိုင်တဲ့အရာကိုပြန်ပြီး အာရုံစိုက်နိုင်ပါတယ်။ သင်မထိန်းချုပ်နိုင်တဲ့အရာက အများကြီးဆိုပေမယ့် သင်ထိန်းချုပ်နိုင်တဲ့အရာတွေကလည်း အများကြီးပါ။ စိတ်အားငယ်တဲ့အခါ သင်ထိန်းချုပ်နိုင်တဲ့ကိစ္စကြောင့်လား။ သင်မထိန်းချုပ်နိုင်တဲ့ကိစ္စလား ခွဲခြားပါ။ သင်ထိန်းချုပ်နိုင်တဲ့အရာကိုသာ သင့်အာရုံကိုလွှဲပြောင်းလိုက်ပါ။ သင်မထိန်းချုပ်နိုင်တဲ့ကိစ္စတွေထဲမှာတောင်မှ သင်ထိန်းချုပ်နိုင်တဲ့ကိစ္စ၊ အကြောင်းအရာလေးတွေရှိနေတတ်ပါတယ်။

၃) မနက်ဖြန်တွေရှိပါသေးတယ်။
စိတ်ညစ်အားငယ်နေတဲ့အချိန်မှာ ဒီနေ့ပြီးသွားပေမယ့် နောက်ထပ်ကြိုးစားဖို့အတွက် မနက်ဖြန်ဆိုတာသင့်အတွက်ရှိနေပါသေးတယ်။ သင်မမေ့ပါနဲ့။ ဒီနေ့မကြိုးစားဖြစ်လိုက်တဲ့အရာတွေအတွက် အားငယ်စိတ်ဓာတ်ကျနေတာနဲ့တင် မနက်ဖြန်မှာပါ အချိန်မပုပ်ပါစေနဲ့။ ဒီနေ့ဖြစ်ခဲ့သမျှကို ဒီနေ့မှာတင် အဆုံးသတ်လိုက်ပါတော့။ မေ့ပစ်လိုက်ပါတော့။ မနက်ဖြန်မှာ တစ်ကပြန်စပါ။

၄) သင့်ဘဝရဲ့ကျေးဇူးတင်စရာကိစ္စလေးတွေကို ပြန်တွေးပါ။
ယုတ်စွအဆုံး မနက်ဖြန်မှာ ထပ်ကြိုးစားဖို့ သင်အကောင်းအတိုင်းရှိနေသေးတာ ကျေးဇူးတင်စရာပါပဲ။ ခုချိန်ထိ ကျန်းမာစွာရှိနေခြင်းက ကျေးဇူးတင်စရာပါပဲ။ အဖေမရှိတော့ပေမယ့် အမေရှိနေသေးတာကျေးဇူးတင်စရာပါပဲ။ သင့်မှာလည်း ထိုကဲ့သို့ကျေးဇူးတင်ရမယ့်အရာလေးတွေရှိနေအုံးမှာပါ။

၅) သင်က ကြံ့ခိုင်တဲ့လူတစ်ယောက်ပါ။
ခုချိန်ခက်ခဲနေသမျှက သင့်ဘဝအတွက်သင်ခန်းစာကောင်းတွေ သင်ပေးဖို့ပါ။ သင်က လွယ်လွယ်ကျရှုံးမယ့်သူမဟုတ်ပါဘူး။

၆) ပြဿနာတိုင်းက အဖြေရှိပါတယ်။
သင်မှတ်ထားရမယ့် ပြဿနာတွေက အဖြေမရှိဘူးဆိုတာမရှိပါဘူး။ ပြဿနာတိုင်းမှာ အဖြေရှိပါတယ်။ သင်က ဝမ်းနည်းအားငယ်နေတာနဲ့တင် အဖြေကို ရှာမတွေ့သေတာပါ။

၇) ကောင်းတဲ့အချက်ကိုတွေးပါ။
ခြေတစ်ဖက်ကျိုးသွားတယ်ဆိုပါတော့ ခြေနှစ်ဖက်လုံးကျိုးတာထက်စာရင် တော်သေးတာပေါ့။ နေမကောင်းလို့မထနိုင်တာလည်း အလုပ်တွေမလုပ်ရလို့ အနားယူရတာပေါ့လို့တွေးကြည့်ပါ။ နေမကောင်းဖြစ်နေတုန်း အပြည့်အဝနားလိုက်တာပေါ့။ စသဖြင့် ကောင်းတဲ့အချက်ကိုတွေးကြည့်ပါ။

၈) သင်တစ်ယောက်တည်းဖြစ်နေတာမဟုတ်ပါဘူး။
လောကမှာ ဝမ်းနည်းတယ်၊ အားငယ်တယ် စိတ်ဓာတ်ကျနေတယ်ဆိုတာ သင်တစ်ယောက်တည်းဖြစ်နေတာမဟုတ်ပါဘူး။ သင့်လိုခံစားနေရတဲ့လူတွေအများကြီးရှိပါသေးတယ်။

၉) နာကျင်မှုတွေကသင်ယူပါ။
ခုသင်နာကျင်နေရတဲ့ကိစ္စတွေကနေ နောက်ထပ် အလားတူနာကျင်မှုမျိုးမခံစားရအောင် သင်ခန်းစာအဖြစ်မှတ်ယူပါ။

၁၀) အနာဂတ်မှာပိုကောင်းဖို့ကြိုးစားမယ်။
ခုနာကျင်ရတာ ထားခဲ့ပါ။ စိတ်ဓာတ်ကျနေလည်းထားခဲ့ပါ။ ပိုကောင်းတဲ့အနာဂတ်ဖြစ်ဖို့ကြိုးစားပါ။ အဲဒီ့အတွက်ခုချိန်မှာ ပိုကောင်းအောင်နေလိုက်ပါ။ လက်ရှိအချိန်ကိုကောင်းကောင်းအသုံးချလိုက်ပါ။
အထက်ကအချက်တွေက သင်ခံစားနေချိန်မှာ အနည်းငယ်သက်သာစေပါလိမ့်မယ်။ လုံးဝအရှင်းသက်သာဖို့ကတော့ သင်ကိုယ်တိုင်မှာပဲ တာဝန်ရှိတာပါ။ ခုလက်ရှိအချိန်ကောင်းပါမှ အနာဂတ်မှာ ပိုကောင်းနိုင်မှာဖြစ်ပါတယ်။ ခုလက်ရှိအချိန်ကိုတန်ဖိုးထားပြီး ပျော်အောင်နေလိုက်ပါလို့တိုက်တွန်းလိုက်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။