သင်စိတ်အားငယ်နေချိန်မှာပြန်တွေးသင့်သောအရာများ

လူတိုင်းစိတ်အားငယ်တတ်တဲ့အချိန်ရှိမှာပါ။ ဘာကြောင့်စိတ်အားငယ်ရတာလဲ၊ ဘာကြောင့်စိတ်ဓာတ်ကျအားငယ်နေမှာလဲ၊ ဘယ်လိုပြန်ပြီး ကြိုးစားမလဲဆိုတဲ့အတွေးမျိုးတွေပြန်တွေးပြီး စိတ်အားငယ်ချိန်ကိုကျော်လွှားရမှာပါပဲ။ ဒါပေမယ့် လူတော်တော်များများက စိတ်အားငယ်ချိန်မှာ ဘာကိုမှပြန်ပြီး သုံးသပ်ဖို့သတိမရတတ်ကြဘဲ ကိုယ့်ရဲ့အားငယ်မှုတွေကြားထဲမှာတင် ဝေ့လည်ဝေ့လည်ဖြစ်နေကြကာ ပိုပြီး စိတ်ညစ်စိတ်ဓာတ်ကျ၊ ပိုပြီးခွန်အားဆုတ်ယုတ်တာပေါ့။ အဲဒီ့လိုအချိန်မျိုးနဲ့ သင်လက်ရှိကြုံနေမယ်ဆိုရင်တော့ ဒီစာလေးဖတ်မိခြင်းက သင့်အတွက် ပြန်တွေးသင့်တာတွေကို သတိရလာစေမှာပါ။ သင်အမြဲတမ်းမှတ်ထားသင့်ပြီး သင်စိတ်အားငယ်ချိန်တိုင်းပြန်သတိရသင့်တဲ့အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။


၁) အရာအားလုံးဟာ အချိန်တန်ပြီးဆုံးသွားတာပါပဲ။
လောကမှာ ဘယ်အရာမှ မတည်မြဲပါဘူး။ အဲဒီ့အတွက် သင်ကြုံနေရတဲ့ပြဿနာပေါင်းသောင်းခြောက်ထောင်ဖြစ်ပါစေအုံး၊ ကြာကြာမတည်မြဲပါဘူး။ ပြီးတော့လည်း ပြီးသွားတာပါပဲ။ အဓိကက ထိုအခိုက်အတန့်လေးကို ရဲဝင့်စွာရင်ဆိုင်ပြီး ကျော်လွှားနိုင်ဖို့ပါပဲ။ မဟုတ်ရင် ထိုအခိုက်အတန့်လေးကနေ သင့်ဘဝတစ်ခုလုံးကိုတောင် လွှင့်ပါးသွားစေနိုင်ပါတယ်။ အဲဒီ့အတွက် အခိုက်အတန့်လေးတစ်ခုရဲ့ အနှောင့်အယှက်ဖြစ်ခံမနေပါနဲ့တော့။ သင်စိတ်အားငယ်၊ သိမ်ငယ်လာတိုင်းမှာ အရာအားလုံးဟာအခိုက်အတန့်ပါပဲ။ ဒါလည်း မကြာခင်ပြီးဆုံးသွားမှာပါ။ အားတင်းထားပါလို့….သင့်ကိုယ်သင်ပြန်အားပေးလိုက်ပါနော်။

၂) ပြဿနာတိုင်းမှာ အဖြေရှိပါတယ်။
ဘယ်ပြဿနာမှာမဆို အဖြေတစ်ခုရှိပြီးသားပါ။ ကျွန်တော်တို့က ပြဿနာကို မဖြေရှင်းချင်တာပဲရှိပါတယ်။ မဖြေရှင်းနိုင်တာမရှိပါဘူး။ အဲဒါကို သင်အားငယ်နေချိန်မှာ သင့်ကိုယ်သင်ပြန်ပြောပါ။ တကယ်တမ်း ဖြေရှင်းစရာနည်းလမ်းတစ်ခုထဲ ရှိတယ်ဆိုရင်တောင် အဲဒီ့နည်းလမ်းကို သင်ရဲရဲဝင့်ဝင့်ရင်ဆိုင်လိုက်ပါ။

၃) သင်တစ်ယောက်တည်းခံစားနေရတာမဟုတ်ပါဘူး။
စိတ်အားငယ်တဲ့လူက သင့်တစ်ယောက်တည်းမဟုတ်ပါဘူး။ လူတိုင်းဟာ သူ့အဆင့်နဲ့သူ့ဘဝအလိုက် ပြဿနာတွေဖြေရှင်းနေရသလို၊ စိတ်အားငယ်မှုတွေကိုလည်း ရင်ဆိုင်နေရတယ်ဆိုတာ သင်မမေ့ပါနဲ့။

၄) ကြိုးစားမယ်ဆို မနက်ဖြန်ဟာသင့်အတွက်ရှိပါသေးတယ်။
သင်သာ တကယ်ကြိုးစားမယ်ဆိုရင် မနက်ဖြန်တွေက သင့်အတွက်အခွင့်အရေးပါပဲ။ သင်သာ တကယ်အစွမ်းကုန်ကြိုးစားပါ။

၅) ပိုပြီးအားသာချက်ရှိလာအောင်ကြိုးစားပါ။
သင့်အားငယ်မှုကို ဖြေရှင်းဖို့အတွက် အားမငယ်ရအောင်ကြိုးစားရမှာပေါ့။ သင်ဘာအတွက်အားငယ်နေသလဲ ပြန်တွေးပါ။ အဲဒီ့အားငယ်မှုဖြစ်ပေါ်စေတဲ့အရာကို သူများထက်ပိုပြီး လေ့လာပြင်ဆင်ကြိုးစားအသုံးချမယ်ဆိုရင် သင်အားနည်းချက်ကနေ အားသာချက်ဖြစ်လာနိုင်ပါတယ်။ အဓိကက သင်တကယ်လုပ်မယ်ဆိုတဲ့စိတ်ပါပဲ။ အဲဒါကြောင့် သင်အားငယ်နေချိန်မှာ အားငယ်ရတဲ့အရာကို သိအောင်လုပ်ပါ။ ပိုပြီး အားသာချက်ရှိလာအောင်နှစ်ဆ၊ သုံးဆကြိုးစားလိုက်ပါ။

၆) နာကျင်မှုတွေဆီကနေ သင်ခန်းစာယူတတ်ပါစေ။
သင့်အားငယ်မှုတွေကနေ သင်နာကျင်မှုခံစားရတယ်ဆိုရင်တောင် ထိုနာကျင်မှုကို အခါခါမဖြစ်ပါစေနဲ့။ တစ်ခါတည်းနဲ့ သင်ခန်းစာရအောင်ယူတတ်ပါစေ။ နာကျင်မှုသည် နောင်အားသာချက်ဖြစ်စေဖို့ အရင်းအနှီးဖြစ်ပါစေ။
ဒါဆိုရင်တော့ သင့်ဘဝမှာ အားငယ်မှု၊ သိမ်ငယ်မှုကို ခံစားရတိုင်း ဒီအချက်လေးတွေ ပြန်တွေးကြည့်ခြင်းအားဖြင့် ခွန်အားဖြစ်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။