သင်လိုချင်တဲ့ပန်းတိုင်ကို ရောက်ဖို့ လွှတ်ချသင့်တဲ့အရာများ

အမှန်တကယ်လွတ်လပ်ခြင်းဆိုတာက သင်နေချင်သလိုဘဝမျိုးနဲ့ နေထိုင်ရခြင်းဖြစ်ပြီး သင်နှစ်သက်တဲ့၊ သင့်ကိုလည်း တကယ်နှစ်သက်သူများဖြင့်သာ ဘဝကို အချိန်ကုန်ဆုံးရခြင်းပါပဲ။ ကျွန်တော်တို့ အများစုအားဖြင့်တော့ အမှန်တကယ်လွတ်လပ်တဲ့ဘဝက ဝေးကွာလှတဲ့အိပ်မက်တစ်ခုလိုပါပဲ။ မလိုချင်တဲ့ဘဝမျိုးနဲ့လည်း အသက်ရှင်ရပ်တည်နေရတာမျိုး ရှိပါတယ်။ ကျွန်တော်တို့က တကယ်လိုချင်တဲ့ဘဝမျိုးကို ဖုံးကွယ်ထားတတ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အမှန်တရားက ခါးသီးလွန်းလို့ပါ။ အဲဒါကြောင့် သင်တကယ်လိုချင်တဲ့ဘဝမျိုးနဲ့ရှင်သန်ချင်တယ်ဆိုရင် သင့်လိုချင်တဲ့ဘဝကို သေချာသိဖို့လိုပါတယ်။ ပြီးရင် သင့်ကိုသင်သတ်မှတ်ထားတဲ့နည်းလမ်းတွေနဲ့ ရှင်သန်ဖို့ကြိုးစားပါ။ ကိုယ်လိုချင်တဲ့ဘဝကို ရဖို့ သင်လွှတ်ချသင့်တဲံအရာတွေကို ဒီဆောင်းပါးမှာ ဖတ်ကြည့်လိုက်ပါ။


၁) မိမိကိုယ်ကိုလိမ်ညာခြင်း
အမှန်တရားကိုရှာဖွေတဲ့အခါ ဖုံးကွယ်ခြင်း၊ လိမ်ညာခြင်း ၊ အဆိုးမြင်ခြင်းတွေ ကင်းဖို့လိုပါတယ်။ အရာအားလုံးကို အမှန်အတိုင်းမြင်အောင်ကြည့်တတ်ဖို့ အရေးကြီးပါတယ်။ အမှန်တရားကသာ သင့်ကိုပိုကြံ့ခိုင်လာစေတယ်ဆိုတာ မမေ့ပါနဲ့။ မကြာခဏဆိုသလို ကျွန်တော်တို့ကအမှန်တရားကို ဖုံးကွယ်ထားတတ်ကြပါတယ်။ ဘာလို့လဲဆိုတော့ ပြဿနာတွေကို ရင်မဆိုင်ချင်လို့ပါပဲ။ ပြဿနာတွေကို ရင်ဆိုင်ဖို့ကြိုးစားပါ။ ပြဿနာတွေကို ရှောင်လွှဲချင်စိတ်နဲ့ မိမိကိုယ်ကို မလိမ်ညာပါနဲ့။ ပြဿနာကို ထိပ်တိုက်ရင်ဆိုင်ပြီး ဖြေရှင်းနိုင်ဖို့ ကြိုးစားလိုက်တဲ့အခါ သင့်စိတ်ထဲမှာ ထင်တာထက်ကို ပိုပြီးပေါ့ပါးသွားတာကို သင်ခံစားရလာပါလိမ့်မယ်။ မိမိကိုယ်ကို လိမ်ညာခြင်းနည်းလမ်းနဲ့ ပြဿနာတွေကို မရှောင်ဖယ်ပါနဲ့။ အဲဒါက သင့်ကို ပိုပြီးစိုးရိမ်ပူပန်မှုဖြစ်ပေါ်စေပါတယ်။ သင့်ကို မလွတ်မလပ်နဲ့ချုပ်နှောင်ထားသလို သင်ခံစားနေရမှာပါ။
၂) မိမိကိုယ်ကို သက်တောင့်သက်သာရှိစေခြင်း
လူတိုင်းလိုလိုက ကိုယ်လိုချင်တဲ့ဘဝကိုတော့ မျှော်မှန်းတတ်ကြပေမယ့် မိမိကိုယ်ကို သက်တောင့်သက်သာရှိစေတဲ့အရာတွေကနေတော့ ရုန်းမထွက်နိုင်ကြပါဘူး။ အဲဒီ့အချက်ကို သဘောမပေါက်ကြဘဲ ကိုယ်ရထားတဲ့ဘဝကိုလည်း မပျော်ရွှင်၊ ကိုယ်လိုချင်တဲ့ဘဝကိုလည်း ရအောင် မကြိုးစားနိုင်ဘဲ comfort zone ထဲမှာသာ နေသာသလိုနေနေကြပါတယ်။ အဲဒါကြောင့် သင်လိုချင်တဲ့ဘဝပုံစံမျိုးနဲ့ ရှင်သန်ချင်တယ်ဆိုရင်တော့ သင်ပျော်နေတဲ့ comfort zone ထဲကနေ ရုန်းထွက်နိုင်ဖို့ ကြိုးစားရပါလိမ့်မယ်။ သင်လိုချင်တဲ့ဘဝကို ရစေဖို့ အပြင်းအထန်ကြိုးစားရတာမျိုးရှိမယ်၊ အနှောင့်အယှက်တွေလည်း ကြုံရတာမျိုးရှိမယ်၊ အခက်အခဲပေါင်းစုံတွေ့ရနိုင်ပါတယ်။ နာကျင်ခြင်း၊ ဝမ်းနည်းခြင်း၊ ကြေကွဲခြင်း၊ ပြိုလဲခြင်း စတဲ့ ခံစားချက်ပေါင်းစုံကို ရင်ဆိုင်ဖြေရှင်းပြီး comfort zone ထဲကနေ ရုန်းထွက်နိုင်ခြင်းက သင့်လိုချင်တာရဖို့ ပိုနီးစပ်လာစေပါတယ်။ ဘာတွေပဲ ကြုံလာပါစေ…..သင်ခံစားနေသမျှ၊ သင်ပင်ပန်းနေသမျှသည် သင်လိုချင်တဲ့ဘဝကို ရဖို့ အားတင်းလျှောက်လှမ်းနေခြင်းပဲဖြစ်တယ်လို့ တွေးလိုက်တာက သင်မောပန်းနေသမျှ အမောပြေစေမှာပါ။
၃) ငွေကြေးဆိုင်ရာပူပန်မှု
ငွေကအရာအားလုံးကို ဖန်တီးနိုင်တယ်လို့ပြောကြပါတယ်။ အမှန်ပါပဲ။ ငွေက လူတိုင်းရဲ့သည်းခြေကြိုက်ပါပဲ။ ငွေမရှိဘဲ လုပ်မရတာ အတော်များပါတယ်။ ဒါပေမယ့် သင့်ပန်းတိုင်ကိုရောက်ဖို့အတွက်တော့ ငွေမရှိမှာကိုတော့ အချိန်တိုင်း တွေးကြောက်ပူပန်နေဖို့ မလိုပါဘူး။ အဲဒါကို ကျော်လွှားနိုင်ဖို့က
(၁) ဝင်ငွေနဲ့ထွက်ငွေကို စီစစ်သုံးစွဲခြင်း ၊(၂) သင်တတ်နိုင်သလောက် ပုံမှန် စုဆောင်းခြင်း စတဲ့အချက်နှစ်ချက်ကို လုပ်ဆောင်သင့်ပါတယ်။ သင့်ရဲ့စွမ်းရည်တွေ တိုးတက်လာတဲ့အခါ သင့်ရဲ့ဝင်ငွေကလည်း တိုးတက်လာမှာပါပဲ။ ဒါပေမယ့် ကြိုးစားနေဆဲ ကာလမှာတော့ ငွေကို အထက်ပါနည်းလမ်း ၂မျိုးနဲ့ စီစစ်ဖို့တော့လိုပါတယ်။
ပြောချင်တာက သင်ဖြစ်ချင်တဲ့ဘဝက ကဗျာဆရာဆိုပါစို့။ သင့်ကဗျာတွေ လူမသိသေးတဲ့အတွက် သင့်ဝင်ငွေနည်းပါးနေသေးတယ်ဆိုရင် နည်းလမ်း ၁နဲ့၂ကိုအသုံးချပြီး စီစစ်ပါ။ တဖက်ကနေလည်း သင့်ကဗျာတွေ ပိုရေးနိုင်ဖို့၊ လူပိုသိစေဖို့၊ တစိုက်မတ်မတ်ကြိုးစားတာမျိုးလုပ်သင့်ပါတယ်။ ကဗျာနဲ့အသက်မွေးလို့မရသေးပေမယ့် အခြားအသက်မွေးဝမ်းကျောင်းအလုပ်တစ်ခုကို ကဗျာရေးခြင်းနဲ့တွဲလုပ်တာမျိုးလည်း လုပ်နိုင်ပါတယ်။ အဲဒီ့အတွက် အချိန်အားတိုင်း သက်တောင့်သက်သာတော့ မနေရဘဲ ကဗျာထိုင်ရေးနေတာမျိုးတော့ လုပ်ရမှာပေါ့။ အဲဒါက သင့်ရဲ့ comfort zone ထဲက ရုန်းထွက်ခြင်းပါပဲ။ သင်လိုချင်တဲ့ဘဝကို ရဖို့ပေါ့။ . ပြောချင်တာက သင်ဖြစ်ချင်တဲ့ဘဝက စားဝတ်နေရေးအတွက်အဆင်မပြေနိုင်ဘူးဆိုရင် အဲဒါကို စွန့်လွှတ်လိုက်ဖို့မလိုပါဘူး။ သင်ဖြစ်ချင်တဲ့ကဗျာဆရာဘဝက အသက်မွေးဝမ်းကျောင်းမဖြစ်နိုင်ဘူးလို့ ငွေအတွက်ကြောင့် ပူဆွေးပြီး
သင့်ပန်းတိုင်ကို မလျှောက်ဘဲမနေပါနဲ့။ သင်ဖြစ်ချင်တဲ့ဘဝရောက်ဖို့ဆိုတာ သင်ကိုယ်တိုင်ကြိုးစားမှဖြစ်မှာပါ။ အဲဒါအပြင် သင်တကယ်ကြိုးစားတာတွေအရာထင်လာတဲ့အခါ ငွေကြေးက ပူစရာမလိုပါဘူး သင့်နောက်ကို ငွေကလိုက်လာမှာပါပဲ။
၄) သင့် ပန်းတိုင်နဲ့ မနီးစပ်သူတွေ
ဘယ်သူကမှ သူတို့ရဲ့ပင်ကိုယ်သဘာဝကို မပြုပြင်နိုင်ပါဘူး။ အဲဒါကြေင့် သင်က သင့်အတွေးအခေါ်နဲ့နီးစပ်တဲ့သူမျိုး၊ သင့်ပန်းတိုင်နဲ့နီးစပ်သူမျိုး၊ သင်နဲ့ရည်မှန်းချက်ခြင်းတူတဲ့သူမျိုး စသဖြင့် သင့်ပန်းတိုင်နဲ့နီးစပ်သူတွေနဲ့ ဝန်းရံခြင်းက ပိုကောင်းပါတယ်။ သင်က ပန်းချီဆရာဖြစ်ချင်တယ်ဆိုရင် ပန်းချီဆရာတွေ ဝန်းကျင်မှာနေမှ သင့်ရဲ့လက်ရာကို သူတို့ပိုပြီး မြင်နိုင်မယ်၊ သုံးသပ်နိုင်မယ်၊ ပိုလေ့လာနိုင်ပါလိ့မ်မယ်။ ကဗျာဆိုရင်လည်း ကဗျာဆရာတွေနဲ့ပတ်သက်တဲ့ဝန်းကျင်ပေါ့။
အဲဒါကြောင့် သင့်ပန်းတိုင်ကို သင်အရောက်သွားလို့ သင်ရှင်သန်ချင်တဲ့ဘဝပုံစံမျိုးနဲ့ သင့်ဘဝကို ကုန်ဆုံးချင်တယ်ဆိုရင်တော့ သင့်ပန်းတိုင်ကို နားမလည်၊ သင့်ပန်းတိုင်နဲ့မနီးစပ်သူတွေကို ရှောင်ဖို့လိုပါတယ်။ အဲလိုမဟုတ်ရင်တော့ သင့်ခံစားချက်ကို သူတို့က နားမလည်နိုင်တဲ့အတွက် သင်လုပ်သမျှ သူတို့အတွက် အထူးအဆန်းဖြစ်ရုံမက မကောင်းသောအမြင်တွေနဲ့ အပျက်သဘော ဝေဖန်မှုတွေပါလာရင် သင်ပိုပြီး စိတ်ပျက်ရပါလိမ့်မယ်။
ကိုယ်ဖြစ်တာကို ပုံဖော်ခွင့်ရနေတဲ့ဘဝက ပျော်ရွှင်ခြင်းနဲ့ လွတ်လပ်ခြင်းပါရရှိပါတယ်။ အချုပ်အနှောင်ကင်းသလိုခံစားရလို့ အမြဲလို ပျော်ရွှင်နေရပါလိမ့်မယ်။ ငွေကြေးပြည့်စုံသည်ဖြစ်စေ၊ မပြည့်စုံသည်ဖြစ်စေပေါ့။ အဲဒါကြောင့် သင်ဖြစ်ချင်တဲ့ဘဝနဲ့ သင်ရှင်သန်နိုင်ဖို့၊ သင့်ပန်းတိုင်ကို အရောက်သွားနိုင်ဖို့ ကြိုးစားပါလို့။ အဲဒါသည် အဖိုးမဖြတ်နိုင်တဲ့ဘဝရဲ့တန်ဖိုးပါပဲ။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။