သင်တဖြေးဖြေးချင်းစွန့်ခွာသင့်တဲ့သူများ

လူ့အကြောင်းပေါင်းကြည့်မှသိဆိုသလို လူတွေအကြာင်းက သေချာထဲထဲဝင်ဝင်ပေါင်းကြည့်မှသိတာမျိုးပါ။ တခါတလေ တချို့လူတွေက အပေါ်ယံပေါင်းတာလောက် အဆင်ပြေပေမယ့် တကယ်တမ်းပေါင်းကြည့်တဲ့အခါမှတော့ ကိုယ့်ဘဝအတွက်အဆိပ်အတောက်ဖြစ်စေတယ်ဆိုတာမျိုးကို တဖြေးဖြေးမှ သိလာရပါတယ်။ အဲဒီလိုသိလာရတဲ့အခါမှာတော့ သူ့ရဲ့အမူအကျင့်တွေကိုလည်း မပြုပြင်နိုင်သလို၊ ကိုယ့်ဘဝအတွက်လည်း အဆိပ်တောက်ဖြစ်စေတာမျိုးမို့ ထိုသူမျိုးကို စွန့်ခွာပစ်ဖို့လိုလာပါတယ်။ ထိုသူမျိုးကိုမစွန့်ခွာနိုင်တဲ့အခါ အကျိုးဆက်ကိုခံစားရမယ့်သူက ကိုယ်တိုင်ပါပဲနော်။ အဲဒါကြောင့် ဘယ်လိုလူမျိုးတွေကိုဖြေးဖြေးချင်းစွန့်ခွာသင့်သလဲဆိုတာဖော်ပြပေးလိုက်ပါတယ်။


၁) ကိုယ့်အကျိုးလိုသလိုနဲ့သူ့အကျိုးကိုရအောင်ယူတတ်သူတွေ
တချို့လူတွေက အပေါ်ယံမှာတော့ ကိုယ့်အကျိုးကို လိုလားသယောင်ပြတတ်ကြပါတယ်။ ကိုယ်တွေမှာတော့ ကိုယ့်အပေါ်ကောင်းလှချည်ရဲ့ဆိုပြီး အားနာနာနဲ့ပဲ သူခိုင်းသမျှ လိုက်လုပ်ပေးရင်း၊ လိုက်ကူညီပေးရင်း နောက်ဆုံးတော့ ကိုယ်ကသူ့အကျိုးကိုချည်းလိုက်လုပ်ပေးရတဲ့သူဖြစ်မှန်းမသိဖြစ်သွားရပါတော့တယ်။ အဲဒါကြောင့် ကိုယ့်အကျိုးကိုချည်းအသာပေးတိုင်းလည်း “အော်….ငါ့အပေါ်ကောင်းလှချည်ရဲ့” လို့တွေးလို့မရသေးပါဘူး။ အချိန်ကာလတစ်ခုထိ စောင့်ကြည့်သင့်ပါတယ်။ တချို့လူတွေက သင့်အကျိုးကို တခဏဟန်ပြသာ လိုလားကြပြီး သူတို့အကျိုးအတွက်သင့်ကိုအသုံးချသွားတတ်ကြပါတယ်။ အဲဒီလိုလူမျိုးအကြောင်းကိုသိတာနဲ့ တဖြေးဖြေးချင်းစွန့်ခွာသင့်ပါတယ်။ မဟုတ်ရင်တော့ သင့်မှာသူတို့ခိုင်းဖတ်ဖြစ်မှန်းမသိဖြစ်နေရပါလိမ့်မယ်။ နောက်ဆုံးတော့ စေတနာလွန်ကျွန်ဖြစ်…ဆိုတဲ့စကားလိုဖြစ်လာတတ်ပါတယ်နော်။

၂) မနာလိုတတ်တဲ့သူတွေ
သင့်ကိုအပေါ်ယံမှာတော့ ကောင်းပြတတ်ပေမယ့် သင့်ရဲ့တိုးတက်မှု၊အောင်မြင်မှု၊ အဆင်ပြေမှုတွေကို အတွင်းစိတ်ထဲကနေ မနာလိုဖြစ်နေတတ်တဲ့သူမျိုး တကယ်ရှိပါတယ်။ အဲလိုလူမျိုးတွေက သင့်အကျိုးကိုလိုလားသူတွေမဟုတ်ကြပါဘူး။

၃) ကိုယ်ကျင့်တရားမကောင်းတဲ့သူတွေ
ကိုယ်ကျင့်တရားမကောင်းတဲ့သူကတော့ သိတဲ့အတိုင်းပဲ ဘယ်လောက်ပဲသင့်အပေါ်ကောင်းပြနေပါစေ။ အချိန်တန် သူတို့အကျိုးအတွက်သင့်ကိုချနင်းမယ့်သူတွေပါပဲ။ ခုနေဘယ်လောက်ပဲသင့်အပေါ်ကောင်းပြပြီး သင့်ကိုတော့မထိခိုက်နေစေပေမယ့် တကြိမ်မဟုတ်တစ်ကြိမ်တော့သင့်ကိုထိခိုက်လာနိုင်ပါတယ်။ အဲဒါကြောင့် သင်တဖြေးဖြေးချင်းစွန့်ခွာသင့်ပါတယ်။

၄) သင့်အပေါ်လွှမ်းမိုးတတ်တဲ့သူတွေ
ပြောရရင် သူတို့နဲ့ပတ်သက်ပြီးမှ သင့်ဟာသင်ဆုံးဖြတ်ပိုင်ခွင့်တွေတောင်မရှိတော့တဲ့လူမျိုးတွေပေါ့။ တခုခု ဆုံးဖြတ်ရမယ်ဆိုရင်တောင် သူတို့ရဲ့အမြင်၊ သူတို့ရဲ့ဆုံးဖြတ်ချက်တွေအတိုင်း ဆုံးဖြတ်ဖို့တွန်းအားပေးတတ်တဲ့သူတွေပါ။ အဲဒီလိုလူမျိုးနဲ့ ပေါင်းသင်းမိတဲ့အခါ သင့်ပုံရိပ်က မှေးမှိန်သွားတတ်ပတယ်။ သင်ဖြစ်ချင်တာ၊ သင်ပြောချင်တာ၊ သင်ဆုံးဖြတ်ချင်တာတစ်မျိုးဖြစ်နေပေမယ့် သူတို့ဖြစ်စေချင်တဲ့အတိုင်းပဲလိုက်လုပ်ရအောင်တွန်းအားပေးတတ်ပါတယ်။ အဲဒီလိုလူမျိုးတွေနဲ့ပတ်သက်တာကြာလာတဲ့အခါ သင်ပျော်ရွှင်တော့မှာမဟုတ်ပါဘူး။ သင့်ရဲ့စိတ်ကြိုက်ဆုံးဖြတ်ပိုင်ခွင့်လည်း ပျောက်ဆုံးလာတတ်ပါတယ်။

၅) အထင်နဲ့ဆုံးဖြတ်အပြစ်ပြောတတ်သူတွေ
လူတစ်ချို့ရှိပါတယ်။ ထိုလူတွေက လူတွေရဲ့အကြောင်းကိုသေချာမသိပေမယ့် သူတို့သိသလောက်နဲ့အခြားသူကိုဝေဖန်အပြစ်ပြောတတ်တဲ့သူပေါ့။ ဥပမာ။ ညဆိုင်းအလုပ်ဆင်းရတဲ့မိန်းကလေးတစ်ယောက်ကို သူတို့အထင်နဲ့ညဘက်အလုပ်လုပ်တာကို မကောင်းတဲ့မိန်းမတစ်ယောက်လိုမျိုး ထင်ရာမြင်ရာဆွဲပြီးအပြစ်ပြောတာမျိုးပေါ့။ အဲဒီလိုလူတွေက အမြင်သေးသိမ်တဲ့လူတွေပါ။ အဲဒီလိုလူတွေနဲ့ပေါင်းသင်းတဲ့အခါ သင်ကိုယ်တိုင်လည်း အပြစ်ပြောခံရမှာမလွဲပါဘူး။ သူတို့ရဲ့သေးသိမ်တဲ့အတွေးအခေါ်တွေထဲ အခြားသူတွေကိုပိတ်လှောင်ပြီး အပြစ်ပြော၊ အတင်းပြောတတ်တဲသူတွေပဲဖြစ်ပါတယ်။
လူတွေအကြောင်းကတော့ ပြောရရင်ပြောမကုန်တတ်ပါဘူး။ ဒါပေမယ့် အထက်ကဖော်ပြထားတဲ့သူတွေကတော့ ပေါင်းကြည့်မိလို့မှ အကြောင်းသိလာပြီး တဖြေးဖြေးချင်း စွန့်ခွာဖို့ကြိုးစားရမယ့်သူတွေဖြစ်ပါတယ်။ ထိုသူမျိုးတွေက ချက်ချင်းမသိနိုင်ပေမယ့် တကယ်တမ်းပေါင်းသင်းကြည့်လိုက်မှ အကြောင်းသိလာတဲ့သူမျိုးတွေပါ။ ကိုယ်ပေါင်းသင်းနေတဲ့အထဲမှာ ထိုသူမျိုးတွေပါလာခဲ့ရင်လည်း တဖြေးဖြေးစွန့်ခွာနိုင်ဖို့ကြိုးစားကြည့်လိုက်ပါနော်။#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။