သင် လိုသုံးဖြစ်နေပြီမှန်းသိသာစေတဲ့အချက်များ

လိုသုံးဆိုတဲ့အဓိပ္ပါယ်က သင့်ကို လိုမှသာ သုံးဖို့သတိရတယ်ဆိုတဲ့အဓိပါ္ပယ်ပါပဲ။ တကယ်အခက်အခဲကြုံနေတဲ့လူတစ်ယောက်နဲ့ လိုတော့မှ အသုံးချဖို့သက်သက်နဲ့ကိုယ့်ဆီလာအကူအညီတောင်းတတ်သူနဲ့မတူပါဘူး။ တကယ်အခက်ကြုံလို့ကူညီလိုက်ရတာက ကူညီလိုက်တဲ့သူအတွက် ပီတိဖြစ်ရသလို၊ အကူညီခံရတဲ့သူအတွက်လည်း အကျိုးရှိအဆင်ပြေသွားစေပါတယ်။ ဒါပေမယ့် အဆင်ပြေနေတုန်းတော့ ကိုယ့်ကို သတိတောင်မရဘဲ လိုတော့မှ မျက်နှာချိုလာသွေးပြီး မရအရ အတင်းအကူအညီတောင်းတတ်တဲ့သူကျတော့ ကိုယ့်ကိုလူလည်လုပ်သွားတာဖြစ်သွားပါပြီ။


တစ်ဦးမှာမေတ္တာ၊ တစ်ဦးမှာ စေတနာပါ၊ ကိုယ်က ဘာမှမမျှော်ကိုးဘဲ ကူညီလိုက်ပေမယ့် ကိုယ်တကယ်အကူအညီလိုနေတဲ့အချိန်မှာတော့ ဘယ်သူမဆို ပြန်လည်ကူညီပေးမယ့်သူတော့ မျှော်လင့်တတ်ကြတာချည်းပါပဲ။ အကူအညီမရရင်နေပါစေ၊ ကိုယ့်ကို အားပေးဖော်ရရင် တော်ပါသေးရဲ့။ ခုတော့ အဲဒီလိုမဟုတ်ဘဲ သူတို့အရမ်းခက်ခဲတုန်းကတော့ ကိုယ့်ကို ဒုက္ခပေါင်းသောင်းခြောက်ထောင်နဲ့လာပြီး အကူညီတောင်း၊ ကိုယ်တကယ်ဒုက္ခရောက်နေတော့ သူတို့က ကြိတ်ပျော်နေတတ်တဲ့လူမျိုးတွေလည်း မြင်ဖူးပါတယ်။ ထိုလူမျိုးတွေက သင့်ကို လိုသုံးတစ်ခုလို အသုံးချမယ့်လူတွေသာဖြစ်ပါတယ်။ အဲဒီလို လူမျိုးနဲ့ကြုံနေရပြီဆိုရင် သိသာစေတဲ့လက္ခဏာတွေရှိပါတယ်။ ဖတ်ကြည့်လိုက်ပါအုံနော်။

၁) ဒုက္ခရောက်ပြီဆိုရင် ရောက်လာတတ်ပါတယ်။
အဓိကကတော့ သူတို့တွေက ကိုယ်ဆင်ပြေမပြေ စိတ်မဝင်စားပါဘူး။ သိလည်းမသိချင်ကြပါဘူး။ သူတို့ရဲ့လတ်တလေ အခက်အခဲသာ ပြေလည်ချင်ကြတာဖြစ်ပါတယ်။ သူတို့အခက်အခဲပြေလည်သွားလို့ကတော့ သင့်ဘာဖြစ်ဖြစ် သူတို့စိတ်မဝင်စားပါဘူး။ ပြောရရင် သင်က သူတို့အကူအညီကို မဖြေရှင်းပေးနိုင်ဘူးဆိုပြီး သင့်အခက်အခဲကိုချပြရင်တောင် သူတို့စိတ်မဝင်စားပါဘူး။

၂) အခွင့်အရေးယူဖို့သာ မြင်တတ်ပါတယ်။
သင့်ကိုသူတို့ဆက်သွယ်လာပြီဆိုတာက အမြဲတမ်း ငွေကြေး၊ ပစ္စည်း၊ လူအကူအညီ စသဖြင့် သင့်ဆီက တခုခုအကူအညီအရဖို့သာ စိတ်ဝင်စားတာပါ။ သင့်ကိုပြန်ကူညီဖို့ လုံးဝစိတ်မဝင်စားပါဘူး။

၃) တကိုယ်ကောင်းဆန်သူတွေဖြစ်ပါတယ်။
သူတို့ကများသောအားဖြင့် တကိုယ်ကောင်းဆန်တဲ့သူတွေသာဖြစ်ပါတယ်။ သင့်ထံကဆိုရင် ဘာအခွင့်အရေးတွေရနိုင်တယ်၊ ဘာတွေ တောင်းဆိုနိုင်တယ်ဆိုတာကိုပဲ စိတ်ဝင်စားပါတယ်။

၄) သင့်ခံစားချက်ကို လုံးဝစိတ်မဝင်စားပါဘူး။
သင့်အခြေအနေနဲ့ သင့်ခံစားချက်ကို လုံးဝကိုစိတ်မဝင်စားပါဘူး။ သင်က စိတ်ညစ်လို့ ညည်းပြနေရင်တောင် သူတို့အနေနဲ့ လုံးဝစိတ်ထဲမရှိပါဘူး။ “အော်….အင်း…” ဆိုတာလောက်နဲ့ ပြီးသွားမှာပါ။ တကယ်လှိုက်လှဲစွာ စိတ်ထဲမပါဘဲ သင့်ထံက ရယူလိုမှုသာ အလေးထားတာဖြစ်ပါတယ်။

၅) မလိုအပ်ရင် သင့်ကိုအဖက်မလုပ်ပါဘူး။
သိသာပါတယ်နော်….သူတို့မလိုအပ်တော့တဲ့အခါ သင့်ကိုလုံးဝကို ဖက်လှဲတကင်းမရှိသလို၊ ဂရုကိုမစိုက်တာပါ။ သင့်ထံကိုသာ လိုအပ်မှ အသည်းအသန် ခယတောင်းခံမှာဖြစ်ပါတယ်။

၆) အပေးဆိုတာမရှိပါဘူး။
သင့်ကိုပြန်ပြီး ကူညီပေးတာမျိုး ဒါမှမဟုတ် ရုပ်ပိုင်းဆိုင်ရာအားဖြင့် မကူညီနိုင်ရင်တောင် သင့်ခံစားချက်တွေကို နားလည်ပေးတာမျိုးလည်း လုံးဝမရှိပါဘူး။ သင့်ထံက အယူသာရှိရင်ရှိမယ်၊ သင့်ကိုပေးရမယ့် အပေးဆိုတာတော့ မရှိပါဘူး။
သင်နဲ့ပတ်သက်ပေါင်းသင်းနေတဲ့ဝန်းကျင်မှာ ထိုကဲ့သို့ ဆက်ဆံတတ်တဲ့လူရှိရင်တော့ သတိထားလိုက်ပါတော့။ သင့်ကို သူတို့အခွင့်အရေးအတွက်သာ အသုံးချချင်နေတာဖြစ်ပါတယ်။ သမရိုးကျကိစ္စမျိုးမှာ ကိစ္စမရှိပေမယ့် အခြား သင့်နာမည်၊ ဂုဏ်သိက္ခာထိခိုက်စေတဲ့အထိဖြစ်လာရင်တော့ သင့်ကိုအများကြီးနစ်နာစေမှာမို့ ထိုလူမျိုးကို လုံးဝသတိထားလိုက်ပါနော်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။