ကလေးတွေကို ဘယ်လိုပုံပြင်ပြောပြရမလဲ။
ကလေးတစ်ယောက်အရွယ်ရောက်လာတဲ့အခါ အမှန်အမှားခွဲခြားဆုံးဖြတ်နိုင်စွမ်းရှိဖို့၊ သူ့ကိုယ်သူထိန်းချုပ်နိုင်စွမ်းရှိုဖို့၊ လိမ္မာတဲ့သားသမီးဖြစ်ဖို့၊ လူကောင်းတစ်ယောက်ဖြစ်ဖို့၊ ကိုယ်ချင်းစာနာစိတ်ရှိပြီ းအတ္တမကြီးတဲ့သူဖြစ်ဖို့ စသည်ဖြင့် ခြုံပြောရရင်တော့ ပိုကောင်းတဲ့လူတစ်ယောက်ဖြစ်လာဖို့ စာဖတ်ကျင့်လုပ်ပေးဖို့ လိုပါတယ်။
ကလေးတစ်ယောက်ကို လူကောင်းတစ်ယောက်အဖြစ် ပြုစုပျိုးထောင်နိုင်ဖို့ ကလေးရဲ့ အသက်ငါးနှစ်အရွယ်က အရေးကြီးပါတယ်ဆိုတဲ့ ဆောင်းပါးမှာ ဖော်ပြထားဖူးပါတယ်။ အဲလိုပါပဲ ကလေးကို စာဖတ်ပြီး အမှန်အမှားခွဲခြားနိုင်တဲ့ကလေးဖြစ်လာစေဖို့ ထိုအရွယ်မှာ မိဘထိန်းကျောင်းပုံက အရေးကြီးပါတယ်။ အဲလိုစာဖတ်ကျင့်ဖြစ်ဖို့ ပုံပြင်လေးတွေ ပြောပြရာက စမှ ရမှာပါ။
၁) ကိုယ်တိုင်ဖတ်ကြည့်ပါ။
ကလေးကို ပြောပြမယ့်ပုံပြင်ကို ကိုယ်တိုင်ဖတ်ကြည့်သင့်ပါတယ်။ စာအုပ်ကိုင်ပြီး ဖတ်ပြတာပဲ…..အရင်ကြိုဖတ်ထားစရာမလိုဘူးလို့ တွေးလို့မရပါဘူးနော်။ ကလေးကို မဖတ်ပြခင် အရင်ကိုယ်တိုင်အစအဆုံးဖတ်ရပါမယ်။ အဲဒါမှ ဒီပုံပြင်က ဘာကိုဆိုလိုချင်တာလဲ၊ ပေးချင်တဲ့မက်ဆေ့က ဘာလဲ၊ ထိုမက်ဆေ့ရောက်အောင် ကလေးကို ဘယ်လိုပြောမလဲ ဆိုတာမျိုး စဉ်းစားလို့ရအောင် ကလေးကို မပြောခင် ကြိုတင်ဖတ်ကြည့်ခိုင်းတာပါ။ ပြီးတော့ အသက် ၄ နှစ် ၅နှစ်ကလေးတွေက စာအုပ်ကြီးကိုင်ပြီး စာအုပ်ထဲက စာသားတွေအတိုင်း ရွတ်ပြတာကို သူတို့စိတ်မဝင်စားပါဘူး။ သဘာဝကျကျ ပုံပြင်ပြောတာက ကလေးကို စာအုပ်ကိုတွေကိုစိတ်ဝင်စားမှုမြင့်တင်နိုင်သလို၊ ပုံပြင်တွေကို ပိုပြီး စွဲလမ်းမှုဖြစ်စေပါတယ်။ အဲဒါမှ ကလေးကလည်း “အိပ်ချိန်ရောက်ပြီ…..မေမေပုံပြောပြမယ်….” ဆိုတာနဲ့ ခုန်ပေါက်ပျော်ရွှင်စွာ အိပ်ရာဝင်မှာဖြစ်ပါတယ်နော်။
၂) အသံအနိမ့်အမြင့်နဲ့ပြောပြပေးပါ။
ပုံပြင်ကို အစအဆုံးခြုံငုံမိပြီဆိုရင် ကလေးအတွက်လည်း သင့်တော်မယ်ထင်တဲ့ပုံပြင်မျိုး၊ အထူးသဖြင့်ကလေးအရွယ်နဲ့သင့်တော်မယ်ထင်ရင် ပြောပြလို့ရပါတယ်။ ပြောတဲ့အခါ စာအုပ်မှာ အရောင်စုံပါရင် ပြောနေရင်းနဲ့ စာအုပ်ရဲ့ဘယ်စာမျက်နှာကဆိုပြီး ပုံလေးတွေထောက်ပြပေးပါ။ ပုံပြင်ထဲက စာကြောင်းတွေအတိုင်း မသွေမတိမ်းလိုက်မရွတ်ပါနဲ့။ ကလေးပျင်းသွားရင် နောက်ဆို စာဖတ်ဖို့ ပုံပြင်နားထောင်ဖို့စိတ်မဝင်စားနိုင်တော့ပါဘူး။ ကိုယ်ဖတ်ထားတဲ့အတိုင်း အသံအနိမ့်အမြင့်အလိုက်ပြောပေးပါ။ ဥပမာ။ ကျားကြီးက ဝေါင်းခနဲ ဆိုရင် သင့်က ကျားကြီးမျက်နှာလို စိတ်ဆိုးနေတဲ့စတိုင်နဲ့ ဝေါင်းခနဲ အော်တဲ့အခါ အသံငြိမ်နေတာကနေ ရုတ်တရက် ဝေါင်းဆိုတဲ့မြည်သံကြီးနဲ့ ဟိန်းလိုက်တာပေါ့ဆိုတဲ့ပုံစံမျိုး လုပ်ပြပါ။ တိတ်ဆိတ်သွားတယ်ဆိုရင်လည်း လုံးဝတိတ်ဆိတ်နေတာကနေ ငြိမ်သွားတာမျိုး၊ ပြီးမှ ဝါးခနဲလုပ်တာမျိုးပေါ့။ အဲဒါက ကလေးရဲ့စိတ်ဝင်စားမှုကို မြင့်တင်ပေးနိုင်ပါတယ်။
၃) ကိုယ့်ပြောချင်တာလေးတွေ ကြားညှပ်ပြောပါ။
ပုံပြင်ပြောပြခြင်းက ကလေးကို ရေရှည်မှာ စာဖတ်ကျင့်ဖြစ်စေနိုင်သလို၊ ပုံပြင်နဲ့အလားတူ ကိုယ်ဆုံးမ သွန်သင်ချင်တာလေးတွေကိုလည်း ထည့်ပြောလို့ရပါတယ်။ ဥပမာ။ ကလေးက sharing မလုပ်ချင်တဲ့သူဆိုပါတော့ မုန့်ဝေစားဖို့ဆိုပါတော့ သူမုန့်ကို အခြားသူများနဲ့ဝေမစားချင်ဘူး၊ သူများမုန့်ကျစားချင်တယ်ဆိုရင် ကိုယ့်က ထိုအရာကို ဆုံးမပေးချင်တယ် ။ ပုံပြင်ထဲမှာလည်း ထိုအချက်နဲ့ ကိုက်ညီတာလေးတွေပါတယ်ဆိုရင် ပုံပြင်ထဲကကိုယ်ပြောချင်တဲ့အချက်ကို ရောက်တာနဲ့ “ပုံပြင်ထဲက ကျားကြီးလိုပေါ့သားရယ်၊ ဘယ်အရာမဆို အခြားသူများဟာကိုကျတော့ လိုချင်တဲ့သူက ဘယ်ကောင်းပါ့မလဲ၊ လောဘကြီးတယ်ခေါ်တာပေါ့။ သားအလှည့်မှာ သူများမုန့်ကိုစားချင်တဲ့အခါ သားလုစားမှာလား။ ဘယ်ဟုတ်မလဲ၊ သားမုန့်တုန်းက သူများကို ကျွေးထားရင် သားအလှည့်ကျတော့ သူငယ်ချင်းကလည်း ပြန်ကျွေးချင်မှာပေါ့။” စသည်ဖြင့် သင်ဆုံးမချင်တဲ့အချက်ကို ကြားညှပ်ပြီး ထည့်ပေးပါ။ အဲဒါက ကလေးကို ပုံပြင်ပြောရင်း ဆုံးမပြီးသားဖြစ်စေပါတယ်။
၄) ကလေးရဲ့အမြင်ကိုမေးပါ။
“သားဆိုရင်ကော…..။ အဲပုံပြင်ထဲမှာ ဘယ်သူ့ကို သဘောကျသလဲ။ ဘယ်သူ့ကိုတော့ မကြိုက်ဘူးလဲ” “ဘယ်လိုထင်လဲ….” စသည်ဖြင့် ကလေးရဲ့ နားလည်သလိုပြောတဲ့အဖြေကို နားထောင်ပါ။ ကလေးရဲ့အမြင်ကို နားထောင်ပြီး ကိုယ့်စိတ်ထဲမှာကိုယ် ကလေးရဲ့စိတ်ထားကို သုံးသပ်နိုင်ပါတယ်။ ပြီးတော့ “ငါ့ကလေးကတော့ ဘယ်နေရာမှာ အားနည်းနေတာပဲ။ ဘယ်လိုပြုပြင်ရမလဲ” ဆိုတာမျိုးသိလာနိုင်ပါတယ်။ ကလေးက စိတ်ပုပ်တဲ့လူကို သဘောကျတယ်ပြောပါတော့။ “စိတ်ပုပ်တဲ့လူက ပုံပြင်ထဲမှာ သူများကိုလိုက်လုပ်တယ်နော်။ သားကိုအဲလိုစိတ်ပုပ်တဲ့သူက လာလုပ်ရင်ကော ကြိုက်ပါ့မလားသားရဲ့။ မေမေကတော့ အဲလိုလူမျိုးကို မကြိုက်ပါဘူး။ စိတ်ပုပ်သူက နောက်ဆုံး ကိုယ်ပဲပြန်ခံရတယ်လေ။” စသည်ဖြင့် သူ့ရဲ့အမြင်လေးကို မသိမသာ ပြုပြင်သိမ်းသွင်းပေးပါ။ သူ့ရဲ့အမြင်က မှန်တယ်ဆိုရင်လည်း ထောက်ခံအားပေးပါ။ “ဟယ်….တော်လိုက်တာ။ သားပြောတာ အရမ်းမှန်တာပဲ” ဆိုတာမျိုးပေါ့။
၅) ပုံပြင်တစ်ပုဒ်လုံးကို ချုံငုံမိအောင် သုံးသပ်ပြပါ။
ဥပမာ။ “ပုံပြင်ထဲက ဝံပုလွေကြီးက စိတ်ပုပ်တော့ နောက်ဆုံး သေသွားတယ်မဟုတ်လား။ သူများကို မကောင်းကြံတဲ့သူဆိုတာ ဘယ်တော့မှ ကောင်းတာမဖြစ်ဘူးသားရဲ့” “သူများမုန့်တွေ လောဘကြီးပြီး လုစားတဲ့ကလေးလေးက နောက်ဆုံး သူ့မုန့်တွေ အကုန်မှောက်ကျသွားရတယ်မဟုတ်လား။ အဲဒါသူများကို အနိုင်ကျင့်လို့ပေါ့။ မကောင်းတဲ့သူက အဲလိုပဲ မကောင်းတာပဲပြန်ရတတ်တယ်သားရဲ့” စသည်ဖြင့် အဲလိုမျိုး ကိုယ်ပေးချင်တဲ့ မက်ဆေ့ကို ပြောပြရမှာပါ။
အဲလိုမျိုး ပုံပြင်ပြောပြတာကို စွဲလမ်းနေပြီးဆိုရင် စာအုပ်လေးတွေပြပြီး ပြောပြပါ။ စာအုပ်ဆိုင်ခေါ်သွားပါ။ စာအုပ်ဆိုင်သွားရင် ကလေးကြိုက်လောက်တဲ့စာအုပ်တွေပြပါ။ ကလေးကို ဘယ်စာအုပ်ယူလို့ အမိန့်မပေးပါနဲ့။ သူယူလာတဲ့အထဲက စာအုပ်တွေကို အကြမ်းဖတ်ပြီး “ဒီစာအုပ်က ဘာအကြောင်း၊ ဟိုစာအုပ်ကဘာအကြောင်း” ခြုံငုံပြောပြလိုက်ပါ။ ခြုံငုံပြတဲ့အထဲက ကြိုက်ရာရွေးဝယ်ပါစေ။ ကလေးကြိုက်ကာတွန်းကားတွေကို စာအုပ်အဖြစ်ထုတ်ထားတာတွေရှိပါတယ်။ အဲဒါမျိုးကြိုက်လည်း အိမ်မှာအခွေရှိတာပဲ ဆိုပြီး မဝယ်ပေးဘဲမနေပါနဲ့။ အဲလို ဖုန်းတွေ၊ တီဗွီတွေနဲ့ကြည့်မယ့်အစား စာအုပ်ထဲက ဝယ်ပြီးဖတ်တာက ပိုကောင်းပါတယ်။ အခွေရှိပြီးသားကို စာအုပ်အနေနဲ့ဝယ်ပြီးပြန်ဖတ်တာက ကလေးအတွက် စာအုပ်ကိုပိုပြီး စိတ်ဝင်စားမှုတိုးစေပါတယ်။
အထက်ကဖော်ပြပေးထားတဲ့အချက်လေးကိုအခြေခံပြီး ကလေးကို ပုံပြင်လေးတွေပြောပြပေးပါ။ ကလေးက ဘယ်လိုပုံပြင်မျိုးကို ပိုစိတ်ဝင်စားတတ်လဲဆိုတာ သိဖို့လိုပါသေးတယ်။ ကလေးစိတ်ဝင်စားတတ်တဲ့အကြောင်းလေးတွေအဓိက ရွေးပြောပေးတော့ ကလေးက ပုံပြင်ကိုပိုကြိုက်လာပါတယ်။ ပုံပြင်ကို အာရုံစုစည်းပြီး နားထောင်တတ်တဲ့ကလေးက များသောအားဖြင့် မိဘက မရိုက်နှက်ဘဲ အကျိုးသင့်အကြောင်းသင့်ရှင်းပြရင် နားထောင်တတ်လာပါတယ်။
လိမ္မာတဲ့ကလေးဖြစ်ဖို့ စာဖတ်တဲ့အကျင့်ကို ပျိုးထောင်ပေးကြပါစို့။#BAWA101