Stay home ကာလအတွင်းသင့်အစွမ်းအစတွေတိုးတက်ဖို့ လုပ်သင့်တဲ့အချက်များ

အခုလိုအချိန်မှာ လူတိုင်းလိုလို စိတ်ဖိစီးမှုရှိကြပါတယ်။ ကိုယ်စီစဥ်ထားတာတွေဖြစ်လာပါ့မလား၊ ကိုယ့်အစီအစဥ်တွေ လည်ပတ်နိုင်ပါ့မလား ဆိုတဲ့ အတွေးမျိုးတွေနဲ့ စိတ်ဖိစီးမှုဖြစ်စေတဲ့အကြောင်းအရာတွေ ကိုသာ တွေးပြီး ဒီကာလအတွင်းမှာ ဘာဆက်လုပ်ထားပြီး ဘာကိုပြင်ဆင်ထားရမှန်းမသိ ထူပူနေတတ်ပါတယ်။ အဲဒါကြောင့် ဒီကာလမှာ Comfort zone ထဲကနေ ကိုယ့်ဝါသနာ၊ ကိုယ့်ရည်မှန်းချက်၊ ကိုယ့်အစီအစဥ်တွေအတွက် စွမ်းရည်တစ်ခုခုတိုးအောင်ကြိုးစားတယ်လို့ ယူဆပြီး ကိုယ့်ရဲ့ လုပ်နိုင်တာကိုသာ အာရုံထားပြီးတစိုက်မတ်မတ်လုပ်နေတာပိုကောင်းပါတယ်။


အဲဒါကြောင့် Stay home ကာလအတွင်း ကိုယ့်အစွမ်းအစတွေတိုးတက်ဖို့ လုပ်သင့်တဲ့၊ လုပ်နိုင်တဲ့ ယေဘုယျအချက်လေးတွေကို ဖော်ပြလိုက်ပါတယ်။ ကိုယ်နဲ့အဆင်ပြေပြီး ကိုယ့်အတွက်အထောက်အကူပြုမယ့်အချက်လေးတွေကို ဒီကာလအတွင်း ပြု လုပ်ထားဖို့လည်း တိုက်တွန်းလိုက်ပါတယ်‌နော်။

၁) စိတ်ဖိစီးမှုလျော့ကျဖို့ အတွက် ကိုယ့်ကိုယ်ကိုယ်အချိန်ပေးပါ။
လူတိုင်းနီးပါးစိတ်ဖိစီးနေကြတာမို့ သတင်းကိုတော့ နားစွင့်ပါ။ ဒါပေမယ့် စိတ်ဖိစီးမှုတိုးလာပြီလို့ထင်တာနဲ့တပြိုင်တည်း ကိုယ့်ကိုယ်ကိုယ် စိတ်အပန်းဖြေဖို့ အချိန်ပြန်ပေးပါ။ ကိုယ့်ရဲ့စိတ်ဖိစီးမှုပြေပျောက်ဖို့ရာ လေကောင်းလေသန့်ရှုတာ၊ စာဖတ်တာ၊ အပင်စိုက်တာ၊ သီချင်းနားထောင်တာ တရားထိုင်တာ တခုခုပေါ့။ ကိုယ့်နဲ့အဆင်ပြေရာတခုခုကို တစိုက်မတ်မတ်လုပ်တာပိုကောင်းပါတယ်။

၂) Stay Home ကာလအလွန်မှာ ကိုယ့်ရည်မှန်းချက်အတွက်လုပ်သင့်တဲ့အချက်တွေကို ချရေးပါ။
ခေါင်းအေးသွားတဲ့အချိန်မှာ ၊ စိတ်ငြိမ်နေတဲ့အချိန်မျိုးမှာ ဒီကာလကြီးပြီးသွားတဲ့အခါ ကိုယ်ကဘာတွေလုပ်ဖို့ရည်ရွယ်ထားလဲဆိုတာပြန်တွေးပါ။ ကိုယ်ရည်ရွယ်ထားတာတွေအတွက် ဒီကာလမှာ ဘာလုပ်ထားနိုင်မလဲ တွေးပါ။ ကိုယ်မလုပ်နိုင်တာတွေထက် ကိုယ်လုပ်နိုင်တာလေးတွေကို သေချာတွေးတောပြီး အ၇င်လုပ်နိုင်တာနဲ့နောက်မှလုပ်နိုင်တာကို စာရင်းချရေးထားကာ နံပါတ်စဥ်အတိုင်းလုပ်သွားဖို့ ကိုယ့်ကိုယ်ကိုယ်သတ်မှတ်ထားလိုက်ပါ။ နေံတိုင်းလုပ်သွားဖို့ ကိုယ့်ကိုယ်ကိုယ်လည်းတိုက်တွန်းပါ။

၃) ကိုယ့်ရည်မှန်းချက်နဲ့ပတ်သက်ရာ တခုခုကို လေ့လာသင်ယူဖို့အချိန်ပေးပါ။
ကိုယ့်ရည်မှန်းချက်နဲ့ပတ်သက်တဲ့ တခုခု၊ ကိုယ်ရည်မှန်းချက်တိုးတက်ဖို့၊ အကောင်အထည်ပေါ်လာဖို့ လုပ်သင့်တဲ့အရာ၊ တတ်သင့်တဲ့အရာတခုခုကို အွန်လိုင်းကနေဖြစ်ဖြစ်၊ စာအုပ်တွေကနေဖြစ်ဖြစ် လေ့လာပါ၊ ပြန်သင်ယူနေပါ။

၄) ဘာသာစကားနဲ့ပတ်သက်တဲ့ application တွေ အသုံးပြုကြည့်ပါ။
အဂ္္လိပ်စာနဲ့ပတ်သက်ပြီး အခုချိန်မှာ လေ့လာမှုလုပ်ဖို့လည်း အကောင်းဆုံးပါပဲ။ အိမ်ကနေ application တွေနဲ့လေ့လာပါ။ YouTube / free application တွေကနေတဆင့် ပြန်လေ့လာထားလိုက်ပါ။ Stay Home ကာလပြီးမှာ ကိုယ့်စွမ်းရည်တခုတိုးလာလည်း မနည်းပါဘူး။

၅) စာဖတ်ပါ။
အကောင်းဆုံးစိတ်ငြိမ်ဆေးပါပဲ။ ဒီကာလမှာ စာအုပ်တွေချည်း တစ်နေ့တစ်အုပ်ဖတ်ရင်တောင် ကိုယ် ဖတ်ချင်တဲ့စာအုပ်တွေ အတော်ပြီးသွားမှာပါ။ ဒါမှမဟုတ် စာဖတ်ကျင့်လုပ်ချင်တယ်ဆိုလည်း ခုကာလနဲ့အကိုက်ပါပဲ။ စာစဖတ်ဖို့ အချိန်ကောင်းပါပဲ။

၆) ဝါသနာပါရာ တခုခုကို စတင်လုပ်ဆောင်ကြည့်ပါ။
အရမ်းစိတ်ဖိစိးလာပြီး ဘာကိုမှမလုပ်ချင်မကိုက်ချင်ဖြစ်နေပြီထင်ရင် ကိုယ့်ရဲ့ဝါသနာပါရာလေးတွေလုပ်ဖို့ စတင်လိုက်ပါ။ အပင်လေးတွေစိုက်တာမျိုး၊ ပန်းချီဆွဲတာမျိုး၊ စာရေးတာမျိုး၊ ကဗျာရေးတာမျိုး၊ တရားထိုင်တာမျိုး ၊ ကိူယ်ချစ်တဲ့ တိရိစ္ဆန်လေးတွေကို အချိန်ပေးတာမျိုး စသဖြင့် တခုခုပေါ့။ ကိုယ်လုပ်ချင်တဲ့အရာလေးတွေ တအခုချိန်မှာပိုတိုးပြီးလုပ်ပေးလိုက်ပါ။
အခုလို Stay Home နေရချိန်မှာ ကိုယ့်အတွက် လုပ်ချင်တာလေးတွေ လုပ်ဖို့အခါင့်အရေးပိုရတယ်လို့့အကောင်းဘက်ကတွေးပြီး လုပ်နိုင်တာလေးတွေကိုသာ အာရုံပြောင်းပြီးလုပ်ပါလို့ တိုက်တွန်းလိုက်ရပါတယ်နော်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။