ကိုယ့်ကိုယ်ကိုယ်ဘောင်ခတ်မိနေပြီလား ?

ကိုယ့်ကိုယ်ကိုယ်ဘောင်ခတ်မိခြင်းဆိုတာက ဘာလဲ။ နေရာတော်တော်များများမှာ ဖြစ်ဖြစ်၊ ကိစ္စတော်တော်များများမှာ ဖြစ်ဖြစ်ကိုယ်တိုင်ဖြေရှင်းဖို့နည်းလမ်းမရှာဘဲ အကြောင်းပြချက်တွေနဲ့ ကိုယ့်ကိုယ်ကိုယ်တားဆီးထားတာမျိုးပါပဲ။ ဥပမာ။ “ငါမလုပ်နိုင်ဘူး…..” “ငါမတတ်နိုင်လောက်ပါဘူး” “မိဘတွေကမှ မထောက်ပံ့တာ” “ငါ့မှ အရင်းအနှီးမှမရှိတာ” “အင်္ဂလိပ်စာကောင်းအောင် ကျောင်းကောင်းကောင်းမှမတက်ခဲ့ရတာ” “ဒါတွေမှ တခါမှ မလုပ်ဖူးတာ၊ ဘယ်လုပ်တတ်ပါ့မလဲ” စတဲ့ အလားတူ အကြောင်းပြချက်မျိုးတွေပါပဲ။


တကယ်တမ်းက ထိုအကြောင်းပြချက်တွေကို လေ့လာကြည့်မယ်ဆိုရင် တကယ်လုပ်ချင်တဲ့စိတ် ၊ တကယ်ပြင်းပြတဲ့စိတ်နဲ့သာဖြတ်ကျော်မယ်ဆိုရင် ဖြေရှင်းနိုင်တဲ့ပြဿနာအသေးအဖွဲလေးတွေပါ။ အဲဒီ့အသေးအဖွဲ ပြဿနာလေးတွေကို ပြဿနာကြီးသဖွယ်ထင်ပြီး မဖြေရှင်းနိုင်ဘူးဆိုတဲ့အကြောင်းပြချက်နဲ့ ဘာကိုမှအောင်မြင်တိုးတက်အောင် ဆက်မကြိုးစားချင်တဲ့စိတ်ပါပဲ။
အင်္ဂလိပ်ပုံပြင်တိုလေးတစ်ပုဒ်ဖတ်ဖူးကြမယ်ထင်ပါတယ်။ ဆင်ပေါက်လေးကို ခြေထောက်မှာ ကြိုးနဲ့ချည်ပြီး ငုတ်တိုင်မှာအမြဲချည်နှောင်ထားပါတယ်တဲ့။ ထိုဆင်ပေါက်လေးက ရုန်းတဲ့အခါ ကြိုးကြောင့် ခြေထောက်နာကျင်ရပြီး ရုန်းမရ ပြေးမရဖြစ်တဲ့အခါ အခါခါ ကြိုးစားရုန်းရှာပါတယ်။ ဒါပေမယ့် နေ့တိုင်းလိုလို ရုန်းပေမယ့်လည်း မလွတ်မြောက်ဘဲ သူ့ခြေထောက်ကို ကြိုးချည်ထားတာကို သိလာတဲ့အခါ ရုန်းဖို့မကြိုးစားတော့ပါဘူး။ ဆင်ပေါက်လေးကနေ ဆင်ကြီးအရွယ်ကိုရောက်လာတဲ့အခါမှာလည်း ဘယ်တော့မှမရုန်းတော့ဘဲ နေပါတော့တယ်။ ဆင်ပေါက်လေးဘဝကတည်းကနေ စွဲမြဲလာတဲ့စိတ်က န ဆင်ကြီးအရွယ်ရောက်တဲ့အချိန်ထိ သူ့စိတ်ထဲမှာ “ဒီငုတ်တိုင်ကနေ ငါရုန်းနိုင်မှာမဟုတ်ပါဘူး” ဆိုတဲ့ သူ့ကိုယ်သူဘောင်ခတ်ထားတဲ့စိတ်ကြောင့်ပါပဲ။ တစ်နေ့လုပ်ကြည့်လို့ မရရင် နှစ်ရက်မြောက်နေ့မှာ ရချင်ရမှာပေါ့၊ ၂ရက်မြောက်နေ့မှာ လုပ်ကြည့်လို့မဖြစ်လာရင် ၃ရက်မြောက်နေ့မှာ ဖြစ်ချင်ဖြစ်လာမှာပေါ့။ အဓိကက အမှားတွေအပေါ်မှာ သင်ခန်းစာယူပြီး ဇွဲမလျှော့ဘဲ ဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်ပါပဲ။

လူငယ်လေးအချို့ရဲ့ ညည်းညူသံကို ကြားဖူးပါတယ်။ “မိဘက အိမ်ထဲကနေ အိမ်ပြင်မထွက်ခိုင်းဘဲ အိမ်အလုပ်ပဲခိုင်းနေတာမို့ အပြင်အလုပ်ဘာမှမလုပ်တတ်ဘူး” ဆိုတဲ့ စကားမျိုးပါ။ အိမ်ကမိဘက အိမ်ထဲကနေ အိမ်ပြင်မထွက်ခိုင်းလို့ ကိုယ်ဖြစ်ချင်တဲ့ရည်မှန်းချက်တွေဖြစ်မလာဘူးဆိုတာက တကယ်တော့ ကိုယ့်ကိုယ်ကိုယ်ဘောင်ခတ်ထားတဲ့ အကြောင်းပြချက်တစ်ခုပါပဲ။
“ကြီးမားလွန်းတဲ့အိပ်မက်ဆိုတာမရှိသလို၊ ကြီးကျယ်လွန်းတဲ့စိန်ခေါ်မှုဆိုတာလည်းမရှိပါဘူး ကျွန်တော်တို့သာ တကယ်လိုချင်စိတ်ရှိရင် အားလုံးကို လက်လှမ်းမီနိုင်ပါတယ်” ဆိုတဲ့ Donald Trump စကားလိုပေါ့။ တကယ်သာ လုပ်ချင်စိတ်ရှိမယ်ဆိုရင် ဘယ်သူတွေဘယ်လောက်တားတား မရရအောင်လုပ်ဖို့အတွက် လမ်းကြောင်းတစ်ခုခုကိုတော့ ရအောင်စဉ်းစားပြီး လုပ်ဖို့လမ်းစကို ရအောင်ရှာမှာပါပဲ။ ဗိုလ်ချုပ်အောင်ဆန်းခေတ်တုန်းက မြန်မာပြည်လွတ်လပ်ရေးရဖို့ ဖြစ်နိုင်မယ်လို့ လူတိုင်းလိုလိုထင်ကြမယ်ထင်လား။ ဘယ်ထင်ပ့ါမလဲ….အင်္ဂလိပ်တွေက အင်အားတောင့်တယ်၊ လက်နက်အင်အားလူအင်အား၊ အစစ သာနေတာ၊ မြန်မာပြည်လွတ်လပ်ရေးရဖို့မဖြစ်နိုင်ဘူးလို့ လူတိုင်လိုလိုတွေးကြမှာပါ။ ဒါပေမယ့် ဗိုလ်ချုပ်အောင်ဆန်းက တနည်းမဟုတ်တနည်းရှာပြီးရအောင်လုပ်သွားတာပါပဲ။ အမေစုလည်း နှစ်ပေါင်းများစွာ သူမဖြစ်ချင်တဲ့ရည်မှန်းချက်ကို မလုပ်နိုင်အောင် နေအိမ်အကျယ်ကျနေခဲ့တာပါပဲ။ ဒါပေမယ့် အခုတော့ အိပ်မက်တွေဖြစ်လာခဲ့ပြီမဟုတ်လား။ (ဒါသည် နိုင်ငံရေးကိုပြောချင်တာမဟုတ်ပါ။ တကယ်ဖြစ်အောင်လုပ်ချင်ရင် လုပ်နိုင်မယ့် လမ်းစတစ်ခုခုကိုတော့ အမြဲရှာနေမှာပဲဆိုတာကို ပြောချင်တာပါ)
“ဒီအခြေအနေတွေထဲကနေ ငါဘာလုပ်နိုင်မလဲ……”ဆိုတဲ့အတွေးက လမ်းစရှာတဲ့အတွေးဖြစ်ပါတယ်။ အဲဒီ့အတွေးတွေးပြီးတဲ့နောက်မှာတော့ လမ်းတစ်ခုမဟုတ် တစ်ခုကို ရှာတဲ့အတွက် တွေ့ကိုတွေ့ပါလိ့မ်မယ်။ “ဒီအခြေအနေကြားမှာ ငါဘာမှမလုပ်နိုင်ပါဘူး” ဆိုတဲ့အတွေးကကျတော့ သင့်ကိုသင်ဘောင်ခတ်တဲ့အတွေးဖြစ်ပါတယ်။ ထိုအတွေးထဲမှာတင် သင်ကို ရုန်းထွက်လို့မရအောင် မလုပ်နိုင်ဘူးဆိုတဲ့အတွေးက ဘောင်ခတ်လိုက်တာပါ။ အဲဒါကြောင့်ကို လွတ်မြောက်မယ့်လမ်းစ ဘာကိုမှမရှာတော့ပါဘူး။ အဲဒါကြောင့် သင့်ကိုသင်ဘောင်ခတ်မိနေသလားဆိုတာ ကျွန်မတို့ ကိုယ့်ကိုယ်ကိုယ်ပြန်သုံးသပ်ကြည့်သင့်တဲ့အတွေးပါပဲ။

ဘောင်ခတ်မိတဲ့အခါ ကိုယ့်ခတ်ထားတဲ့ဘောင်ထဲကနေ ဘယ်လိုမှ ရုန်းထွက်နိုင်မယ့်လမ်းကို မရှာတော့ပါဘူး။ အဲဒီ့အခါ အဖြေက မဖြစ်နိုင်ဘူး……ဆိုတဲ့အဖြေသာထွက်ပါတယ်။ အဲဒါကြောင့်ကိုယ့်ကိုယ်ကိုယ်ဘောင်ခတ်လိုက်တဲ့လူဟာ ဘယ်နေရာမှာမှ မအောင်မြင်နိုင်သလို၊ ဘယ်နေရာမှာမှ မတိုးတက်နိုင်တော့ပါဘူး။ အဲဒီလိုဘောင်ခတ်ထားတဲ့အတွေးတွေနဲ့သာ နေထိုင်ရင်း ကိုယ့်ရည်မှန်းချက်တွေကို ကိုယ်တိုင်သတ်မိတဲ့လူဖြစ်နေတော့တာပါပဲ။

တကယ်လို့များ သင့်မှာ ဖြစ်ချင်တဲ့ရည်မှန်းချက်လည်းရှိတယ်၊ ထိုရည်မှန်းချက်ကလည်း လက်တွေ့ကျကျဖြစ်နိုင်တဲ့ရည်မှန်းချက်မျိုးဆိုရင် တကယ်ဖြစ်ချင်တကယ်လုပ် အဟုတ်ဖြစ်ပါလိမ့်မယ်။ အဲဒီ့အတွက် ကိုယ့်ကိုယ်ကိုယ်ဘောင်ခတ်မိနေသလားဆိုတာ ပြန်စဉ်းစားပြီး ထိုဘောင်ထဲက ရုန်းထွက်နိုင်မယ့်လမ်းစကို ရှာကာ အချိန်နဲ့အမျှ ကြိုးစားပါ။ ဖြစ်ကိုဖြစ်လာပါလိမ့်မယ်။ ဒါပေမယ့် အသက် ၂၅နှစ်ကျော်မှ ခုရထားတဲ့ဘွဲ့ကိုမလိုချင်တော့လို့ ဆေးကျောင်းတက်ပြီး ဆရာဝန်ဖြစ်ချင်တယ်ဆိုတဲ့ အိပ်မက်ရည်မှန်းချက်မျိုးကတော့ ဘယ်ဖြစ်နိုင်ပါ့မလဲနော်။ တကယ်ဖြစ်နိုင်ချေရှိတဲ့ လက်တွေ့ကျတဲ့ရည်မှန်းချက်အိပ်မက်သာဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ်အခြားသော အကြောင်းပြချက်တွေနဲ့ လှောင်ပိတ်မထားဘဲ ဖြစ်အောင်လုပ်နိုင်ပါတယ်လို့ တိုက်တွန်းအားပေးလိုက်ရပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။