စိတ်ထားကောင်းသူတွေသာ ရနိုင်တဲ့အကျိုးကျေးဇူးများ

လောကမှာ စိတ်ထားကောင်းသူနဲ့စိတ်ထားယုတ်ညံသူဆိုပြီး နှစ်မျိုးနှစ်စားအကြမ်းဖျင်းခွဲခြားနိုင်ပါတယ်။ စိတ်ထားယုတ်ညံသူကတော့ ကိုယ့်ထက်သာသွားတဲ့အခါ မုဒိတာမပွားနိုင်တာမျိုး၊ ကိုယ့်ထက်မသာနိုင်တော့အောင် နည်းလမ်းအမျိုးမျိုးနဲ့ အနှောင့်အယှက်ပေးတတ်သူမျိုး၊ သူငယ်ချင်းအဖြစ် ချစ်ခင်စွာဆက်ဆံနေပေမယ့် အတွင်းစိတ်ကတော့ အမျိုးမျိုးနည်းလမ်းရှာပြီး ဒုက္ခပေးဖို့စဉ်းစားနေတတ်သူမျိုးစသည်ဖြင့် အကြမ်းဖျင်းသတ်မှတ်လို့ရပါတယ်။ စိတ်ထားကောင်းသူကျပြန်တော့ ကိုယ့်အကျိုးစီးပွားကိုတောင် စွန့်လွှတ်ပြီး အခြားသူများရဲ့အကျိုးစီးပွားကို လိုလားတဲ့သူ၊ ကိုယ်သိမှတ်ထားသလောက်၊ ကိုယ့်အတွက်ဆိုတာထက် အခြားသူများအကျိုးရှိဖို့ ကြိုးစားမျှဝေချင်သူ၊ အခြားသူများအတွက် ကောင်းခြင်းအရာရာဖြစ်စေချင်သူ၊ ကိုယ့်ပတ်ဝန်းကျင်ကသူတွေ ကိုယ်ထက်သာသွားသည့်တိုင်အောင် စိတ်ဓာတ်မပျက်ယွင်းသူ စသည်ဖြင့် အကြမ်းဖျင်းသတ်မှတ်လို့ရပါတယ်။


လူတော်တော်များများကတော့ စိတ်ထားကောင်းတဲ့သူဟာ ကံကောင်းတတ်ပါတယ်…..ဆိုပြီး ပြောတတ်ကြသလို၊ အဲလိုပဲ ယေဘုယျအားဖြင့် သိထားတတ်ကြပါတယ်။ အဲဒါကြောင့် စိတ်ထားကောင်းတဲ့သူတွေ ရရှိနိုင်တဲ့ ဘဝအပေါ်သက်ရောက်တဲ့အကျိုးကျေးဇူးလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
၁) အခက်အခဲကြုံတဲ့အခါ စိတ်ရင်းနဲ့ကူညီသူရှိခြင်း
အတ္တကြီးတဲ့လူတွေကြားမှာ စိတ်ထားကောင်းတဲ့သူတစ်ယောက်က အမြဲလိုလို နာကျင်ရတာတွေ၊ ခံလိုက်ရတာတွေ၊ ဝမ်းနည်းလိုက်ရတာတွေတော့ ရှိစမြဲပါပဲ။ ဒါပေမယ့် စိတ်သဘောထားဆိုးတဲ့သူတွေက ဘဝမှာ အရာရာသာနေတယ်ဆိုလည်း ခဏတဖြုတ်ပဲဆိုတာ မမေ့ပါနဲ့။ တကယ်အရေးကြုံလို့များ ဒုက္ခရောက်ပြီဟေ့….ဆိုရင် စိတ်ထားဆိုးတဲ့သူအနားမှာ ဘယ်သူမှ ယောင်လို့တောင်ရှိနေမယ်မထင်ပါဘူးနော်။ စိတ်ထားကောင်းတဲ့သူကတော့ အမြဲလိုလို အနိုင်ကျင့်ခံရင်ခံရပါလိမ့်မယ်။ အနှိမ်ခံရင်ခံရပါလိမ့်မယ်၊ နာကျင်မှုတွေရရင် ရပါလိမ့်မယ်။ ဒါပေမယ့် တကယ်တမ်း အခက်ကြုံလို့ ဒုက္ခရောက်တဲ့အခါ ကိုယ်စိတ်ရင်းနဲ့ကူညီဖူးသူတွေက ပြန်ပြီး ကူညီပေးဖို့ အသင့်ရှိနေတတ်ပါတယ်။ စိတ်ထားကောင်းတဲ့သူတွေအတွက် အရေးကြုံရင် သူတို့ကူညီခဲ့ဖူးတဲ့သူတွေက ပြန်ပြီး ကူညီပေးတတ်ပါတယ်။ အဲဒါကြောင့် အခက်အခဲကြုံတဲ့အခါ တကယ့်စိတ်ရင်းနဲ့ ပြန်ပြီးကူညီတတ်သူရှိစမြဲပါ။
၂) ကံကောင်းတတ်ခြင်း
စိတ်ထားကောင်းတဲ့သူအတွက် အဆိုးတွေ အခုတစ်ရာလောက် ကြုံနေပါစေ။ အချိန်တန်တဲ့အခါ ကံကောင်းခြင်းက လာပြီးဖေးမတတ်ပါတယ်။ ဘဝအတွက် အရမ်းတွေဆိုးဝါးနေခဲ့ရင်တောင် အချိန်တန် ကံကောင်းခြင်းက ထိုသူမျိုးကို လာပြီးကူညီတတ်ပါတယ်။ လောကကြီးက သစ္စာရှိပါတယ်။ သင်ကစိတ်ရင်းမှန်နဲ့ လူတိုင်းအပေါ်စိတ်ကောင်းထားတဲ့အခါ လောကကြီးကလည်း အချိန်တန်သူ့အလုပ်သူလုပ်သွားမှာမို့ စိတ်ထားကောင်းသူတွေက ကံကောင်းတတ်ပါတယ်နော်။
၃) ပျော်ရွှင်မှုအစစ်အမှန်ကိုရနိုင်ခြင်း
စိတ်ထားကောင်းမှုကြောင့်အတ္တကြီးတဲ့သူတွေက ကွက်ကျော်ရိုက်သွားတာမျိုး၊ စိတ်ရင်းမှန်အတိုင်းဆက်ဆံတဲ့အပေါ် အမြတ်ထုတ်ခံရတာမျိုးတွေ စသည်ဖြင့် ခံစားရပေမယ့် တကယ်တမ်း ဘဝမှာ ပျော်ရွှင်ရတဲ့သူကတော့ စိတ်ရင်းကောင်းတဲ့သူတွေပါ။ ဘာလို့လဲဆိုတော့ သူက လူတိုင်းအပေါ်စိတ်ကောင်းထားတဲ့အတွက်ကြောင့် (စိတ်ကောင်းထားခြင်းကို တန်ဖိုးထားတတ်သူနဲ့ပြန်တွေ့ရတဲ့အခါ) ကိုယ်ပေးလိုက်တဲ့အတိုင်း ပြန်ရတတ်ပါတယ်။
ပြီးတော့ လူတိုင်းကို ကူညီဖေးမချင်စိတ်ရှိတဲ့အတွက်ကြောင့် ငွေတွေအများကြီး မရှိပေမယ့် စိတ်ရင်းနဲ့ကူညီပေးလိုက်တဲ့အတွက် ရင်ထဲနှလုံးသားထဲကနေ လှိုက်လှဲစွာ ပျော်ရွှင်တဲ့ပျော်ရွှင်မှုမျိုးကို သူတို့ကသာလျှင် ခံစားနိုင်တာပါ။ စိတ်ရင်းဆိုးတဲ့သူတွေမှာတော့ ရုပ်ပိုင်းဆိုင်ရာပျော်ရွှင်မှုတွေလိုချင်ရင် ငွေနဲ့ပေးဝယ်နိုင်ရင်တောင်မှ စစ်မှန်တဲ့ပျော်ရွှင်မှုမျိုးကို ငွေနဲ့ပေးမဝယ်နိုင်လို့ သနားစရာပါပဲ။ ငွေဘယ်လောက်ပေါပေါ စိတ်ထားမကောင်းတဲ့အခါ အမှန်တကယ်ပျော်ရွှင်မှုကို မရနိုင်ပါဘူး။
၄) လူချစ်လူခင်များခြင်း
စိတ်ရင်းကောင်းသူတွေက အခြားသူများကိုလည်း ကိုယ်အားဖြင့်၊ ဉာဏ်အားဖြင့် ကူညီပေးဖို့လည်း မတုံ့ဆိုင်းတတ်ကြပါဘူး။ အဲဒါကြောင့် လူချစ်လူခင်ပေါပါတယ်။ နောက်ကျောဓားနဲ့ထိုးခံရတာတွေ၊ အလိမ်ခံရမှာတွေ၊ လူလည်ကျခံရမှာတွေ ခံလိုက်ရမှာကို မတွေးလဲ စိတ်ရင်းနဲ့ကူညီတတ်သူများမို့ သူတို့ကို လူချစ်လူခင်ပေါပါတယ်။
၅)စိတ်ရင်းနဲ့ ပေါင်းသင်းသူပေါခြင်း
မျက်နှာချိုချိုနဲ့ တကယ်တမ်းကျ စိတ်ထားဆိုးတဲ့သူတွေအတွက်တော့ တကယ်အရေးကြုံရင် ဘယ်သူမှမရှိတတ်ကြသလို၊ သူရှေ့တွင်သာ ရယ်ပြ၊ ပြုံးပြရုံ ဟန်ဆောင်တတ်သူတွေသာရှိပြီး သူလိုမျိုးပြန်တုံ့ပြန်တတ်သူတွေသာ များလို့ တကယ်ချစ်ခင်ရင်းနှီးသူမရှိနိုင်ပါဘူး။ သူတို့ကစိတ်ရင်းကောင်းတဲ့သူမို့ သူတို့လိုလူမျိုးကို စိတ်ထဲရှိတာတွေအကုန်ရင်ဖွင့်တတ်သူတွေ၊ စိတ်ခံစားချက်တွေအမှန်အတိုင်ဖွင့်ပြောပြီး ပေါင်းသင်းတတ်သူများပါတယ်။ အပေါင်းအသင်းနည်းပါတယ်ဆိုရင်တောင် ထိုအပေါင်းအသင်းက အတုအယောင်ထက် စိတ်ရင်းနဲ့ပေါင်းတဲ့သူတွေဖြစ်နေတတ်ပါတယ်။
၆) အခြားသူများထက် ချစ်စရာကောင်းနေခြင်း
သူများကို အမြဲ ကလိမ်ကျဖို့၊ ယုတ်မာဖို့၊ ကောက်ကျစ်ဖို့၊ ချောက်ချဖို့၊ လိမ်ညာဖို့တွေးနေတတ်သူက ဘယ်လောက်ပဲပေါ့ပါးချင်ယောင်ဆောင်နေပါစေ။ တကယ်တမ်း သူ့လိပ်ပြာသူမလုံတဲ့အတွက် ဘယ်တော့မှ တကယ်မပေါ့ပါးပါဘူး။ စိတ်ရင်းအမှန်နဲ့ စိတ်ထားကောင်းကောင်းထားတတ်သူကတော့ သူ့စိတ်ထဲမှာ ဘာဆိုဘာမှ ဖုံးကွယ်ပြီး တိတ်တဆိတ်ကြံစည်နေတာမရှိလို့ ရယ်မောရင်လည်း လွတ်လပ်ပွင့်လင်းစွာရယ်မောနိုင်ပြီး ငိုစရာရှိလည်း ဘွင်းဘွင်းပြောပြီး ငိုချပစ်လိုက်မှာမို့ ပြီးတာနဲ့ စိတ်ထဲပေါ့ပါးရှင်းလင်းနေတတ်ပါတယ်။ စိတ်ရှင်းသူမို့ မျက်နှာလေးကလည်း ရုပ်ဘယ်လောက်ဆိုးဆိုး အပြုံးမပျက်ချစ်ဖို့ကောင်းသူဖြစ်တတ်ပါသေးတယ်။
အထက်က အချက်လေးတွေဖတ်ပြီးပြီဆိုရင်တော့ သူငယ်ချင်းတွေကို ရှယ်ပြီး စိတ်ထားကောင်းသူတွေမှ ရတတ်တဲ့ကောင်းကျိုးလေးတွေကို လက်တို့လိုက်ပါအုံး။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။