စိတ်ဖိစီးမှုတွေကို ဘယ်လိုသက်သာအောင် လုပ်ကြမလဲ။

စိတ်ဖိစီးမှုဆိုတာက သင့်ကိုအမျိုးမျိုးထိခိုက်အောင်လုပ်နိုင်ပါတယ်။ စိတ်မပျော်ရွှင်ခြင်းက သင့်ဘဝကို အဖက်ဖက်က ထိခိုက်လာစေပါတယ်။ စိတ်မပျော်ရွှင်တဲ့အခါ ဘယ်အရာကိုမှ အကောင်းမမြင်တော့ပါဘူး။ စိတ်မရှည်တော့ပါဘူး။ ဒေါသတွေကြီးလာပါလိမ့်မယ်။ အစာစားချင်စိတ်ကို လျော့နည်းစေပါတယ်။ တက်ကြွရွှင်လန်းမှုမရှိတော့ပါဘူး။ စိတ်မကျန်းမာတဲ့အခါ ကိုယ်ကျန်းမာရေးအတွက်လည်း အာရုံမရှိတော့ပါဘူး။ အဲဒီ့အတွက် စိတ်ဖိစီးခြင်းက ကိုယ်ကျန်းမာရေးရော စိတ်ကျန်းမာရေးအတွက်ကော အဆိုးတွေပဲဖြစ်လာနိုင်ပါတယ်။ အဲဒါကြောင့် ကိုယ့်ကိုယ်ကိုယ်စိတ်ဖိစီးမှုဖြစ်နေပြီလို့ ခံစားရတဲ့အခါ ကိုယ့်စိတ်ကို ဘယ်လိုထွက်ပေါက်ပေးမလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။


၁) ကိုယ့်ကိုယ်ကိုယ် အချိန်ပေးပါ။
အလုပ်နဲ့ အခြားသော စိတ်ဖိစီးစေတဲ့အရာတွေကို ခဏလောက် လွှတ်ချထားလိုက်ပါ။ ကိုယ့်စိတ်သက်သာသလို နေပါ။ စိတ်ပြေလက်ပျောက်တစ်ခုခုလုပ်ဖို့ ကိုယ့်ကိုကိုယ်သတိပေးပါ။

၂) အာဟာရဖြစ်တဲ့အစားအစာတွေ စားပါ
အာဟာရဖြစ်စေတဲ့အစားအစာတွေကို ကိုယ်တိုင်ဈေးသွားပြီး စိတ်ပြေလက်ပျောက်ဖြစ်အောင် ပြင်ဆင်ချက်ပြုတ်ကြည့်ပါ။ ကိုယ်စားချင်တာလေးတွေ၊ ဒါမှမဟုတ် ကိုယ်စားသင့်တယ်လို့ ထင်တာလေးတွေပေါ့။

၃) အပြင်ထွက်လမ်းလျှောက်ပါ။
အရမ်းကို စိတ်တွေတင်းကြပ်လာပြီဆိုရင် အပြင်ထွက်လမ်းလျှောက်လိုက်ပါ။ အပြင်မှာ ရှုလိုက်ရတဲ့ လေနဲ့ အိမ်ထဲမှာလှောင်ပိတ်နေချိန်ရှုရတဲ့လေက မတူပါဘူး။ အပြင်မှာ အခြားသူတွေကို ဘာမှမတွေးဘဲ အမှတ်တမဲ့ ငေးမောကြည့်ရှုပါ။

၄) အိမ်တွင်းမှာ အပင်သေးလေးတွေစိုက်ကြည့်ပါ။
ကိုယ့်အိမ်ရဲ့ ဝရန်တာမှာဖြစ်ဖြစ် အပင်သေးလေးတွေ စိုက်ကြည့်ပါ။ အိမ်တွင်းအပင်ငယ်လေးတွေက အောက်ဆီဂျင်ထုတ်လွှတ်ပေးနိုင်တာမို့ လေထုကိုသန့်စင်ပေးနိုင်သလို၊ သင့်ကိုလည်း စိတ်ကြည်လင်စေနိုင်ပါတယ်။

၅) ကိုယ့်ကိုယ်ကိုယ်သိပါ။
ကိုယ့်စိတ်ဆင်းရဲနေတာမျိုး၊ ကိုယ့်စိတ်ဖိစီးနေတာမျိုးဖြစ်နေပြီဆိုတာနဲ့ ကိုယ့်ကိုယ်ကိုယ်သိပါ။ ကိုယ်ကျန်းမာဖို့၊ ကိုယ်စိတ်ချမ်းသာဖို့ လိုကြောင်း ကိုယ့်ကိုယ်ကိုယ်သတိပေးပါ။ အမြဲတမ်း ကိုယ့်ကိုယ်ကိုယ်ဆန်းစစ်ပါ။

၆) သီချင်းနားထောင်ပါ။
ကိုယ့်ကိုယ်အနားမှာ တစ်ယောက်ယောက်ကလာပြီး အားပေးနေသလိုမျိုး ခံစားရစေတဲ့သီချင်းမျိုးနားထောင်ပါ။ သီချင်းစာသားတွေထဲလိုက်ပါမြောဝင်ရင်း ကိုယ့်ကိုယ်အခြားတစ်ယောက်က လာအားပေးနေသလို ခံစားလာရတဲ့အခါ သင့်စိတ်ဓာတ်မှုကို သီချင်းနားထောင်ရင်း ကုစားတတ်လာပါလိမ့်မယ်။

၇) ကိုယ့်ကိုယ်ကိုယ်အားပေးပါ။
လောကမှာ သင့်ကိုယ်သင်မှအားမပေးရင် ဘယ်သူကမှ အားမပေးနိုင်ဘူးဆိုတာမမေ့ပါနဲ့။ သင့်ကိုသင် လုပ်နိုင်ကြောင်း၊ စိတ်ဆင်းရဲမှုကို ကျော်ဖြတ်နိုင်ကြောင်း ကိုယ့်ကိုယ်ကိုယ်အားပေးပါ။

၈) ကိုယ့်ကိုယ်ကိုယ်ပိုချစ်ပါ။
အတ္တကြီးခိုင်းတာမဟုတ်ပါဘူး။ ကိုယ်နာကျင်နေသမျှအားလုံးကိုကျော်ဖြတ်ဖို့၊ ကိုယ်ခံစားနေရသမျှအားလုံးကို မေ့ပစ်နိုင်ဖို့က သင်လုပ်ချင်တာတွေကို အာရုံစိုက်ဖို့လိုပါတယ်။ သင်အနိုင်ပြန်ယူနိုင်ဖို့ သင်ကျန်းမာနေဖို့လိုပါတယ်ဆိုတာ မမေ့ပါနဲ့။ သင်ကျန်းမာဖို့ စိတ်ကျန်းမာဖို့လိုတယ်လို့ သင့်ကိုယ်သင် ပြောပေးပါ။ သင်ကိုယ်ကျန်းမာဖို့လိုကြောင်း သင့်ကိုယ်သင်ပြန်ပြော ပါ။

၉) သန့်ရှင်းသပ်ရပ်စွာ ဝတ်စားပြင်ဆင်ပါ။
သင်လှလှပပ သန့်ရှင်းသပ်ရပ်စွာနေခြင်းက သင့်ရဲ့စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။ အရမ်းစိတ်ညစ်လို့ အခန်းအောင်းနေတာက ပိုဆိုးစေပါတယ်။ သင့်နှစ်သက်ပြီး သင်နဲ့လိုက်ဖက်တဲ့အဝတ်အစားတွေ ဝတ်ဆင်ပြီး အပြင်ထွက်လည်ပါ။ လန်းဆန်းတက်ကြွစွာနေပါ။ သင်နှစ်သက်တာလေးတွေစားပါ။ စိတ်လန်းဆန်းစေတဲ့ ရေမွှေးဆွတ်တာမျိုး၊ သင့်ကိုသင် ယုံကြည်မှုရှိစေတဲ့ ဝတ်စားပြင်ဆင်မှုမျိုးတွေလုပ်ပါ။ ပြင်ပလောကကို ထွက်ပြီး ဘာရယ်မဟုတ် ငေးမောကြည့်လိုက်ပါ။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။