စိတ်ဖိစီးမှု နည်းတဲ့ လူတွေရဲ့အကျင့်များ

စိတ်ဖိစီးမှုက ဒီနေ့ခေတ်မှ မခံစားရတဲ့သူမရှိသလောက်ပါပဲနော်။ အနည်းနဲ့အများသာ ကွာခြားသွားတာပါ။ အဲဒါကြောင့် စိတ်ဖိစီးမှုအနည်းဆုံးဖြစ်အောင် နေထိုင်တတ်ဖို့လိုပါတယ်။ စိတ်ဖိစီးမှုနည်းအောင် နေထိုင်တတ်တဲ့သူတွေမှာ ဘယ်လိုအကျင့်လေးတွေရှိသလဲဆိုတာ ဖတ်ကြည့်လိုက်ပါအုံး။


၁) အခြားသူတွေရဲ့အကြောင်းအရာတွေကို သိပ်အာရုံမထားတတ်ကြပါဘူး။
အခြားသူတွေရဲ့အကြောင်းအရာဆိုတာက အခြားသူတွေရဲ့အကျင့်စရိုက်တွေ၊ အခြားသူတွေရဲ့လူမှုရေးအရှုပ်အရှင်းတွေ၊ အခြားသူတွေရဲ့ကိုယ်မပြုပြင်နိုင်တဲ့အကျင့်ဆိုးတွေကြောင့် အာရုံနောက်သိပ်မခံပါဘူး။ ကိုယ်ဘာလုပ်နိုင်သလဲဆိုတာကိုပဲ အာရုံစိုက်တတ်ကြပါတယ်။ အခြားသူတွေကြောင့် ကိုယ့်ရဲ့အလုပ်အကိုင်၊ ကျန်းမာရေး၊ ကိုယ့်ရဲ့တစ်နေ့တာမှာ အထိခိုက်မခံတတ်ကြပါဘူး။

၂) သူတို့က သိပ်အကြာကြီးမခံစားတတ်ကြပါဘူး။
ခံစားစရာရှိရင် သိပ်အကြာကြီးမခံစားသင့်ဘူးဆိုတာ သူတို့က သိကြပါတယ်။ တနုံနုံနဲ့မပြီးနိုင်မစီးနိုင်ခံစားနေပြီး
ဒရမ်မာချိုးနေတာမျိုးမလုပ်တဲ့အတွက် ဖိစီးမှုသိပ်မရှိပါဘူး။ လက်တွေ့လုပ်လို့ရတာကိုသာ အာရုံစိုက်တတ်ကြပါတယ်။ ဒရမ်မာချိုးတတ်တဲ့သူတွေက အဆိပ်အတောက်ပတ်ဝန်းကျင်ကိုဖန်တီးပေးတတ်ပါတယ်။ ဘာလို့လဲဆိုတော့ အမြဲတစေ မကောင်းတာတွေကိုသာ အာရုံရှိပြီး မကောင်းမြင်တဲ့အမြင်နဲ့ခံစားနေတတ်ကြတာမို့ပါ။ အဲဒါကြောင့် သိပ်မခံစားတတ်တဲ့သူတွေက ဖိစီးမှုသိပ်မရှိတတ်ကြပါဘူး။

၃) သူတို့ကိုယ်သူတို့တိုးတက်ဖို့သာအာရုံစိုက်ကြပါတယ်။
စိတ်ဖိစီးမှုက မရှိတဲ့သူမရှိပါဘူး။ နည်းတာနဲ့များတာပဲကွာပါတယ်။ နည်းတာများတာဆိုတဲ့နေရာမှာလည်း စိတ်ဖိစီးမှုကို အချိန်ကြာကြာအာရုံစိုက်တဲ့သူနဲ့ အချိန်တိုအတွက်ပြန်လည်ချေဖျက်နိုင်တဲ့သူကွာသွားတာပါပဲ။ များသောအားဖြင့် ကိုယ့်ရဲ့တိုးတက်မှုကိုသာ အာရုံစိုက်တတ်သူတွေက စိတ်ဖိစီးမှုကြုံရတဲ့အခါမှာ သိပ်အကြာကြီး မခံစားတတ်ကြဘဲ ဘာဆက်လုပ်ရင်ကောင်းမလဲ….ကိုယ်လုပ်နိုင်တာကဘာလဲဆိုတာမျိုးကို ပြောင်းတွေးတတ်ကြပါတယ်။ အဲဒါကြောင် ကိုယ့်ရဲ့တိုးတက်မှုကိုသာ အာရုံစိုက်တတ်သူတွေက သူတို့ရဲ့စွမ်းအင်တွေ၊ သူတို့ရဲ့လုပ်နိုင်စွမ်းတွေကိုသာ အာရုံထားပါတယ်။ အဲဒီ့အတွက်ကို စိတ်ဖိစီးမှုကို ခပ်ကြာကြာခံစားနေဖို့အချိန်မရှိတော့ပါဘူး။

၄) သူတို့ရဲ့စွမ်းအင်တွေကို ဘယ်လိုစီမံရမလဲသိသူတွေဖြစ်ကြပါတယ်။
ကိုယ့်ရဲ့တိုးတက်မှုကိုသာ အာရုံရှိနေတဲ့အတွက် သူတို့ရဲ့စွမ်းအင်ကို ဘယ်လိုမျိုး စီမံရမလဲဆိုတာ သိတဲ့သူတွေဖြစ်ပါတယ်။ စိတ်ဖိစီးနေတဲ့အခါ ခပ်ကြာကြာခံစားနေတဲ့အခါ ကိုယ့်ရဲ့အချိန်လည်းပုပ်သလို၊ ကိုယ့်ရဲ့စွမ်းအင်လည်းကုန်ပါတယ်။ အဲဒါကို သူတို့ကနားလည်ပြီး သူတို့ရဲ့စွမ်းအင်ကို ဘယ်လိုပြန်ပြီးအသုံးချမလဲ၊ အိပ်စက်ချိန်ပြည့်ဝအောင်အိပ်တာမျိုး၊ အာဟာရပြည့်ဝအောင်စားတာမျိုး၊ လေ့ကျင့်ခန်းလုပ်တာမျိုးတွေနဲ့ သူတို့ရဲ့စွမ်းအင်တွေပြန်ဖြည့်တတ်ပါတယ်။ မှန်ကန်အောင်လည်း အသုံးချတတ်ပါတယ်။

၅) စိတ်ဖိစီးမှုဖြစ်ရတဲ့အကြောင်းရင်းကိုလည်း သိသလို၊ သူတို့ရဲ့အားနည်းချက်ကိုလည်း သိကြပါတယ်။
ပြောချင်တာက ကိုယ်တိုင်ပြုပြင်လို့ရတဲ့ပြဿနာမျိုးလား၊ ကိုယ့်ပယောကကြောင့် မဟုတ်တဲ့ပြဿနာမျိုးလား၊ ကိုယ့်စိတ်ဖိစီးမှုဖြစ်ရတဲ့အကြောင်းရင်းကိုသေချာနားလည်တတ်ပါတယ်။ အဲဒါကြောင့်လည်း ဖြေရှင်းတတ်ပါတယ်။ သူတို့ရဲ့အားနည်းချက်ကိုလည်း သိပြီး အားနည်းချက်အရ ပြဿနာပိုမဆိုးအောင်လည်း နားလည်တတ်သူဖြစ်ပါတယ်။ သူတို့အားနည်းချက်ကြောင့် ဖြစ်ရတယ်ဆိုရင်လည်း အားနည်းချက်ကိုပြုပြင်ဖို့ကြိုးစားတတ်ကြပါတယ်။

၆) ကိုယ့်ကိုကိုယ်တန်ဖိုးထားတတ်ကြပါတယ်။
သူတို့ကများသောအားဖြင့် ကိုယ့်ကိုကိုယ်တန်ဖိုးထားတတ်ကြတဲ့အတွက် ကိုယ့်ကိုစိတ်ဖိစီးမှုဖြစ်စေမယ့်ကိစ္စတွေကို ရှောင်တတ်ကြပါတယ်။ ကိုယ့်ကိုချစ်ခင်စိတ်ကြောင့် ကိုယ့်ရဲ့စိတ်ဖိစီးမှုဖြစ်နိုင်တဲ့ကိစ္စမှန်သမျှကို သိပ်အာရုံမထားနိုင်တော့ပါဘူး။

၇) သူတို့ကိုယ်သူတို့လည်း လက်ခံနိုင်တဲ့သူတွေဖြစ်ပါတယ်။
စိတ်ဖိစီးမှုနည်းတဲ့သူတွေက များသောအားဖြင့် သူ့တို့ကိုယ်သူတို့ အရှိကိုအရှိအတိုင်းလက်ခံတတ်သူတွေဖြစ်ပါတယ်။ ကိုယ်က ဆင်းရဲတဲ့မိသားစုကမွေးဖွားလာတယ်ဆိုတာကို လက်ခံတဲ့သူအတွက် လူတကာအထင်ကြီးအောင်လုပ်ပြမနေတော့ပါဘူး။ ကိုယ့်ကိုကိုယ်အသားမည်းတယ်လို့လက်ခံထားတဲ့သူအတွက် အသားဖြူဖို့မကြိုးစားတော့ပါဘူး။ ကိုယ့်ကိုကိုယ်အရပ်ပုတယ်လက်ခံထားတဲ့သူအတွက် တမင်ကိုအရပ်ရှည်အောင်လုပ်ယူစရာမလိုတော့ပါဘူး။ အဲဒီ့အတွက် ကိုယ့်ကိုကိုယ်လက်မခံနိုင်ဘဲ အခြားသူများရဲ့အမြင်ကိုစဉ်းစားပြီး ကိုယ့်ရဲ့အားနည်းချက်ကိုဖုံးကွယ်ဖို့အတွက် အာရုံနောက်စရာမလိုတော့သလို၊ ဖိစီးမှုလည်းမဖြစ်တော့ပါဘူး။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။