ကိုယ့်ကိုယ်ကိုယ်ဖျက်ဆီးနေသောအကျင့်ဆိုးများ

လူတိုင်းမှာ အကျင့်ဆိုးဆိုတာရှိတတ်ကြပါတယ်။ လူတိုင်းက prefect ဖြစ်နေကြတဲ့လူတွေမဟုတ်ပါဘူး။ အကျင့်ဆိုးတွေရှိသလို အကျင့်ကောင်းတွေလည်းရှိမှာပါ။ အဓိကကတော့ အကျင့်ဆိုးတွေကို သိပြီး အကျင့်ကောင်းဖြစ်လာအောင်ပြုပြင်ရတာပါပဲ။ အကျင့်ဆိုးတွေနည်းလာတဲ့အခါ အကျင့်ကောင်းတွေများလာမှာပါ။ အကျင့်ကောင်းတွေများလာခြင်းက လူတစ်ယောက် အဖက်ဖက်ကတိုးတက်လာခြင်းရဲ့အစပါပဲနော်။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ်ဖျက်ဆီးနေတတ်တဲ့အကျင့်ဆိုးတွေရှိနေတတ်ပါတယ်။ အကျင့်ဆိုးတွေကို ပြန်ပြီးဆန်းစစ်နိုင်တဲ့အခါ အမှန်ပြင်နိုင်အောင်ဖော်ပြပေးလိုက်ပါတယ်။


၁) ကိုယ်သာအမှန်ထင်နေခြင်း
အမြဲတမ်းကိုယ်သာသိ၊ ကိုယ်သာတတ်တယ်ထင်နေတဲ့သူတွေက သူတို့အမှားလည်းသူတို့လက်မခံတတ်ပါဘူး။ အဲဒါကြောင့် အမှားကိုမပြင်နိုင်လို့ သူတို့ကိုယ်သူတို့ ဖျက်ဆီးနေသလိုဖြစ်နေတဲ့သူတွေပါပဲ။ ဘယ်သူက အပြုသဘောနဲ့ထောက်ပြပါစေ သူတို့အတွက်တော့ သူတို့သာအမှန်ထင်နေတာမို့ အမှားကိုမမြင်နိုင်တဲ့သူတွေပါ။

၂) အစွန်းရောက်လွန်းခြင်း
ဘာသာရေးမှာပဲဖြစ်ဖြစ်၊ လူမျိုးရေးမှာပဲဖြစ်ဖြစ်၊ အစွဲဝါဒတစ်ခုနဲ့အမြဲ အစွန်းရောက်နေတဲ့သူတွေလည်း အလားတူပါပဲ။ သူတို့ရဲ့အမှားကို ဘယ်လိုမှ ပြုပြင်ပြောင်းလဲဖို့ မတွေးတတ်သူတွေပါ။ အဲဒါကြောင့်ကိုပဲ လက်ခံသင့်တာလဲလက်မခံ၊ လက်မခံသင့်တာကိုလည်း မစွန့်လွှတ်နဲ့ ကိုယ့်ကိုယ်ကိုယ်ဖျက်ဆီးနေတဲ့သူပါပဲ။

၃) ရည်မှန်းချက်မရှိခြင်း
ရည်မှန်းချက်မရှိတဲ့သူကတော့ ဘဝမှာ စွန်လိုမျိုး လေနှင်ရာမြောနေတတ်သူတွေပေါ့။ စွန်ကြိုးလည်းပြတ် စွန်လည်းပြတ်ကျမယ့်လူမျိုးတွေပါ။ သူတို့ဘဝကို ဘာကြောင့်ရှင်သန်နေမှန်းမသိတဲ့အတွက် ဘာကိုမှ တိုးတက်အောင်လည်း မကြိုးစားတော့ဘဲ ခုလက်ရှိအနေအထားနဲ့ အဆင်ပြေသလိုသာ နေတတ်သူတွေဖြစ်ပါတယ်။ အဲဒီလိုလူတွေကဘယ်တော့မှလည်း တိုးတက်မှာမဟုတ်ဘဲ သူတို့ကိုယ်သူတို့ဖျက်ဆီးနေတဲ့သူတွေပေါ့။

၄) အပေါင်းအသင်းမက်လွန်းခြင်း
အပေါင်းအသင်းမက်တဲ့လူအတွက်ကတော့ အပေါင်းအသင်းကသာ အမှန်၊ အပေါင်းအသင်းရှိမှာ နေသာထိုင်သာရှိတာမို့ အပေါင်းအသင်းမှားတဲ့အခါ လမ်းမှားလိုက်တော့တာပါပဲ။ သူတို့သူလည်းပြုပြင်ရကောင်းမှန်းမသိနိုင်ပါဘူး။ သူတို့က အပေါင်းအသင်းကိုသာ ဦးထိပ်ထားတာမို့ သူတို့အပေါင်းအသင်းကောင်းရင်တော့ တော်ရဲ့၊ အပေါင်းအသင်းမှားတဲ့အခါ သူတို့ကိုယ်သူတို့ ဖျက်ဆီးပြီးသားဖြစ်တော့တာပါပဲ။

၅) ပြုပြင်ပြောင်းလဲလိုစိတ်မရှိခြင်း
ဘဝကို တိုးတက်ဖို့အတွက် မှားနေတာပြင်မယ်၊ ပျက်နေတာပြင်မယ်၊ ပြုပြင်ပြောင်းလဲမှုရှိမှဖြစ်ပါမယ်။ ကိုယ့်ကိုယ်ကိုယ်ဖျက်ဆီးနေတဲ့သူတွေကတော့ ဘယ်တော့မှ တိုးတက်မှုကို လိုလားတယ်လည်းမသိ၊ မလိုလားဘူးလည်းမသိ၊ သူတို့ရဲ့အမှားတွေ၊ အကျင့်ဆိုးတွေကိုလည်း ပြုပြင်ပြောင်းလဲရကောင်းမှန်းကိုမသိတဲ့လူတွေပါ။

၆) ဆုံးဖြတ်ချက်မပြတ်သားခြင်း
နောက်ထပ်ကိုယ့်ကိုယ်ကိုယ်ဖျက်ဆီးသလိုဖြစ်နေတဲ့အကျင့်ဆိုးကတော့ ကိုယ့်အတွက် တကယ်တိုးတက်မယ့်အရာတွေကို ဆုံးဖြတ်ရာမှ မပြတ်သားခြင်းပါပဲ။ ပြတ်သားစွာ စွန့်လွှတ်သင့်တာကို ရဲရဲစွန့်လွှတ်မယ် ။ ပြုပြင်သင့်တာကို ရဲရဲပြုပြင်မယ်၊ အမှားတွေကို ရဲရဲပြင်မယ်၊ အပေါင်းအသင်းဆိုးတွေကို စွန့်ခွာမယ် ၊ မူးယစ်ဆေးဝါးတွေကို ဖြတ်မယ် စတဲ့ပြတ်သားတဲ့ဆုံးဖြတ်ချက်ကိုမချနိုင်တဲ့အခါ သူ့ဘဝက အမှားတွေထဲမှာပဲ သံသရာလည်နေတာမို့ သူတို့ကိုယ်သူတို့ဖျက်ဆီးနေတာပါပဲ။

၇) မူးယစ်ဆေးဝါးစွဲလမ်းခြင်း
နောက်ထပ် ပြတ်သားစွာမစွန့်လွှတ်နိုင်တဲ့အကျင့်ကတော့ မူးယစ်ဆေးဝါးစွဲလမ်းခြင်းပါပဲ။ မူးယစ်ဆေးဝါးကို အပျော်ကနေ အပျက်ဖြစ်တဲ့အထိ စွဲလမ်းလာတာကိုလည်း မပြတ်နိုင်တဲ့သူဟာ သူ့ကိုယ်သူဖျက်ဆီးနေတဲ့သူပါပဲ။ ကိုယ့်ဘဝကို ဖျက်ဆီးမယ့်အကျင့်ဆိုးကြီးကို ပြတ်သားစွာမစွန့်လွှတ်နိုင်ခြင်းဖြစ်သလို၊ နောက်ဆုံးထိုအကျင့်ဆိုးကပဲ ကိုယ့်ကိုယ်ကိုယ်ဖျက်ဆီးစေတာပါ။
အထက်ကအချက်တွေကို ကိုယ့်မှပြန်လည်ဆန်းစစ်ပြီး ကိုယ့်ဘဝကို တိုးတက်စေချင်တယ်ဆိုရင် ပိုပြီးကောင်းမွန်သာယာတဲ့ဘဝဖြစ်လာဖို့ ပြုပြင်ကြည့်ပါ။ ပြုပြင်ခြင်းကနေမှာ ပိုပြီးအမှားနည်းလာတဲ့လူဖြစ်လာတဲ့အခါ ပိုပြီး သာယာတိုးတက်တဲ့ဘဝကို ရနိုင်မှာပါ။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။