စာဖတ်ချိန်မရဘူးဆိုသူတွေအတွက် နည်းလမ်းကောင်းများ

စာဖတ်ချိန်မရဘူးဆိုတဲ့သူတွေအတွက် မဖြစ်မနေရတဲ့နည်းလမ်းနဲ့စာဖတ်ဖို့ ဆုံးဖြတ်ချက်ချထားတယ်ဆိုရင်‌တော့ လုပ်လို့ရနိုင်တဲ့နည်းလမ်းလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။ ဒီနေ့ခေတ်က အွန်လိုင်းပေါ်ကနေ ဘာမဆိုဖတ်လို့ရနေတာမို့ စာဖတ်ချိန်သီးသန့်မထားဘဲနေလို့ရတယ်လို့ထင်လို့မဖြစ်ပါဘူး။ လူတိုင်းလိုလို တိုးတက်ဖို့ အပြိုင်အဆိုင် ကြိုးစားကြနေတာမို့ စာဖတ်ချိန်ကို မဖြစ်မနေ ထားသင့်ပါတယ်နော်။ စာဖတ်ဖြစ်ဖို့ အဓိက အချက်ကတော့ စာဖတ်မယ်ဆိုတဲ့ခိုင်မာတဲ့ဆုံးဖြတ်ချက်ပါပဲ။ ဆုံးဖြတ်ချက်အတိုင်း မသွေမတိမ်း ဖတ်ဖြစ်အောင်ဖတ်မယ်ဆိုတဲ့စိတ်ရှိတဲ့နောက်မှာတော့ တကယ်စာဖတ်ချိန်သတ်သတ်မှတ်မှတ်ဖြစ်လာမှာပါ။


၁) ebook ဖုန်းထဲထည့်ထားပါ။
ခုခေတ်မှာ တိုးတက်လာတဲ့နည်းပညာတွေကို စာဖတ်ဖြစ်မယ့်နေရာမှာ ကောင်းကောင်းအသုံးချနိုင်ပါတယ်။ ကိုယ်ဖတ်ချင်တဲ့စာအုပ်ကို အင်တာနက်ကနေ pdf file နဲ့ဖြစ်ဖြစ် ebook ဖြစ်ဖြစ် ဒေါင်းပြီး ဖုန်းထဲထည့်ထားလိုက်ပါ။ အလုပ်မှာ ထမင်းစားချိန်ခဏနားတာဖြစ်ဖြစ်၊ ဘတ်စ်ကားစီးချိန်ထိုင်ခုံရချိန်ခဏဖြစ်ဖြစ် ညဘက် ဂိမ်းဆော့ချိန်ကို လျှော့ပြီး ဖုန်းထဲက အခြားဆိုရှယ်မီဒီယာသုံးမယ့်အချိန်ကိုလျော့ပြီးဖြစ်ဖြစ် ဖတ်လို့ရပါတယ်။

၂) Audio book တွေနားထောင်ပါ။
Audio book တွေကို နားကြပ်နဲ့ ဖုန်းထဲထည့်ပြီး အထက်ကလိုပဲ အားလပ်ချိန်လေးခဏရတဲ့အခါ စာအုပ်ကို အသံဖိုင်နဲ့ နားထောင်လို့ရပါတယ်။ တချို့ကတော့ အသံဖိုင်နဲ့နားထောင်ရတာကို မကြိုက်တတ်လို့ ebook ကိုသာ ဖတ်ကြပြန်ပါတယ်။ ebook ဖတ်စမရှိသေးလည်း အကျင့်ရအောင်ဖတ်ကျင့်ရှိသွားတဲ့အခါ ဖတ်တတ်သွားပါတယ်။ နောက်ဆုံး ebook / audio book တွေလုံးဝမဖတ်တတ်ရင် စာအုပ်လေးတစ်အုပ်တော့ ဘယ်သွားသွား ဆောင်သွားလို့လည်း အပန်းမကြီးလောက်ပါဘူး။

၃) စာဖတ်ချိန်သီးသန့်ထားပါ။
စာဖတ်ချိန်သီးသန့်ထားပြီး စာဖတ်ချိန်သတ်မှတ်ထားတဲ့အချိန်မှာ ကျန်တဲ့ ဖုန်း၊ တီဗီ၊ ကွန်ပြူတာလုံးဝမကိုင်တော့ဘဲ စာအုပ်ကိုသာ စိတ်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ ဖတ်ပါ။ အကျင့်ရလာတဲ့အခါမှာတော့ စာဖတ်ချိန်ရောက်တဲ့အခါ အလိုလိုစာဖတ်ချင်စိတ်ဖြစ်လာပါလိမ့်မယ်။
စာဖတ်သင့်တဲ့အချိန်ကောင်းကတော့ အိပ်၇ာဝင်ခါနီး ၂နာရီအလိုခန့်ဆိုပိုအဆင်ပြေပါတယ်။ အိပ်ရာဝင်ခါနီး Screen time မသုံးသင့်တဲ့အချိန်မှာ စာအုပ်ဖတ်လိုက်တယ်ဆိုရင် တစ်ချက်ခုတ်နှစ်ချက်ပြတ် Screen time လည်းနားပြီးသားဖြစ်၊ စာအုပ်လည်းဖတ်ဖြစ်သွားစေပါတယ်။

၄) ဖတ်မယ့်စာအုပ်စာရင်းလေးလုပ်ထားပါ။
နောက်တစ်ခုကတော့ စာဖတ်ချင်တယ်.....အားလပ်ချိန်လည်းရတယ်ဆိုတဲ့အချိန်မှာမှ ဘယ်စာအုပ်ဖတ်ရမယ်မှန်းမသိတာပါပဲ။ အဲဒီလိုနဲ့တင် စာဖတ်မယ့်အချိန်ကို ဖုန်းပွတ်တာနဲ့တင် အချိန်ကုန်သွားတတ်ပါတယ်။ အဲဒီ့အတွက် အခြားသူတွေရဲ့ စာအုပ် review တွေဖတ်ပြီး ကိုယ်ဖတ်ချင်တဲ့စာအုပ်စာရင်းကို ကိုယ်အမြဲသယ်သွားမယ့်မှတ်စုစာအုပ်မှာမှတ်ထားတာဖြစ်ဖြစ်၊ ဖုန်းမှတ်စုမှာမှတ်ထားတာဖြစ်ဖြစ် လုပ်သင့်ပါတယ်။ အဲဒါမှ Pdf နဲ့ရှာလို့ရရင် တခါတည်းဖုန်းထဲဒေါင်းထားသင့်သလို တခါတည်း ဝယ်မယ်ဆိုရင်လည်း စာရင်းသိပြီးသားမို့ ဝယ်လို့အဆင်ပြေစေနိုင်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။