ဆီးချိုသမားတွေအတွက် ဘယ်လိုနေထိုင်စားသောက်သင့်သလဲ။

ဆီးချိုသမားတွေမှာ ကျန်းမာရေးနဲ့အညီနေထိုင်စားသောက်ပြီး ဂရုစိုက်မယ်ဆိုရင် သာမန်လူတစ်ယောက်လို နေထိုင်သွားနိုင်မှာဖြစ်ပါတယ်။ ဆီးချိုရှိပေမယ့် ကိုယ်တိုင်ကိုက အစားအသောက်အနေအထိုင်မဆင်ခြင်ရင်တော့ စိတ်သွားတိုင်းကိုယ်မပါဘဲ ပိုပြီးဆိုးရွားသွားနိုင်ပါတယ်။ အဲဒါကြောင့် ဆီးချိုသမားတွေနေထိုင်စားသောက်သင့်တဲ့ပုံစံကိုဖော်ပြလိုက်ပါတယ်။


၁) ကျန်းမာရေးနဲ့ညီညွတ်မျှတအောင်စားပါ။
ကိုယ်ကဆီးချိုရှိတယ်လို့ သိလိုက်တာနဲ့ ကြောက်လန့်တကြားဖြစ်သွားတာထက် ဆီးချိုသမားကဘာတွေအလွန်အကျွ့့မစားသင့်တာလဲ၊ ဘယ်လိုနေထိုင်သင့်သလဲ၊ ဘာတွေမတည့်ဘဲ ဘာတွေကတော့ ကိုယ်နဲ့အဆင်ပြေနိုင်သလဲဆိုတာ သက်ဆိုင်ရာဆရာဝန်ကိုမေးတာဖြစ်ဖြစ် ကိုယ်တိုင်လည်းစာတွေဖတ်ပြီးလေ့လာတာဖြစ်ဖြစ် ကိုယ့်အတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့နေထိုင်စားသောက်မှုပုံစံဖြစ်ဖို့ ကြိုးစားကျင့်သုံးပါ။ များသောအားဖြင့်က ရောဂါရှိနေချိန်သာ ကြောက်တတ်ကြပြီး စိတ်ကိုအလိုလိုက်၊ ပါးစပ်ကိုအလိုလိုက်ပြီး စားချင်တာရှိလာခဲ့ရင် ကိုယ့်ကျန်းမာရေးကို မေ့သွားတတ်ကြပါတယ်။ ဆီးချိုကြောင့် ခံစားရတဲ့လူတော်တော်များများလည်း အနေအထိုင်အစားအသောက်ကို မဆင်ခြင်ကြတာကြောင့် ပိုပြီးဆိုးရွားကြတာဖြစ်ပါတယ်။ ဟင်းသီးဟင်းရွက်များများစားပေးပြီး သကြား၊ အဆီနဲ့ ကာဗွန်ဟိုက်ဒရိတ်ပါဝင်တဲ့ အစားအသောက်တွေကို လျှော့စားပါ။

၂)လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။
ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ခြင်းက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။ တစ်နေ့ကို ဆယ့်ငါးမိနစ်ခန့် ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးခြင်းက သင့်ဆီးချိုကိုပါထိန်းချုပ်ပေးနိုင်ပြီး နှလုံးရောဂါဖြစ်နိုင်ချေလျှော့ကျစေတဲ့အပြင် ကျန်းမာရေးအတွက်အများကြီးအကျိုးရှိစေပါတယ်။

၃) စိတ်ဖိစီးမှုကိုလျှော့ပါ။
စိတ်ဖိစီးခြင်းက သင့်ရဲ့သွေးတွင်းသကြားဓာတ်ကို တိုးလာစေပါတယ်။ အဲဒါကြောင့် သင့်မှာသာ ဆိးချိုအခံရှိနေတယ်ဆိုရင် စိတ်ဖိစီးမှုများလေလေ သင့်ဆီးချိုလည်း တက်လေလေဖြစ်နေပါလိမ့်မယ်။ အဲဒါကြောင့် စိတ်ဖိစီးမှုကိုလျော့ကျအောင် ကြိုးစားပါ။ စိတ်တည်ငြိမ်အောင် ကျင့်ကြံပါ၊ အခြား စိတ်ဖိစီးမှုကို အာရုံပြောင်းစေမယ့် စိတ်တည်ငြိမ်စေတဲ့အရာတစ်ခုခုကို လုပ်ပေးပါ။ ဥပမာ။ အပင်စိုက်တာ၊ တရားထိုင်တာ၊ ယောဂကျင့်တာ

၄) အရက်၊ ဆေးလိပ်ဖြတ်ပါ။
အရက်က သွေးတွင်းသကြားဓာတ်ကို အရမ်းမြင့်တက်သွားစေတာမျိုး ဒါမှမဟုတ် ကျသွားတာမျိုး ဖြစ်စေနိုင်ပါတယ်။ တနည်းအားဖြင့် အရက်သောက်များခြင်းက သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်လို့မလွယ်စေပါဘူး။ ဆေးလိပ်သမားကလည်း အဆုတ်နဲ့အခြားကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့အတွက်ကြောင့် ဆေးလိပ်ကြောင့် အခြား‌ရောဂါတစ်ခုခုဖြစ်နေမယ်ဆိုရင် ဥပမာ။ အဆုတ်၊ သွေးကြောဆိုင်ရာရောဂါ၊ နှလုံး စတဲ့ရောဂါတွေက ဆီးချိုသမားမှာလည်း ဖြစ်ပွားနိုင်ချေများတာမို့ ဆေးလိပ်သောက်တဲ့အခါ ထိုရောဂါတွေကို ပိုပြီးအားပေးသလိုဖြစ်စေပါလိမ့်မယ်။

၅) ပုံမှန်ဆေးစစ်မှုပြုလုပ်ပါ။
ဆီးချိုသမားတွေက သွေးတွင်းသကြားဓာတ်ကို ပုံမှန်စစ်ဆေးနေသင့်ပါတယ်။ ဒါမှသာ ကိုယ့်ရဲံနေထိုင်စားသောက်မှုကိုလည်း ပိုပြီးဂရုစိုက်နိုင်မှာဖြစ်ပါတယ်။ အဲဒါကြောင့် မနက်ပိုင်းအစားအစာမီအချိန်မျိုးမှာ သွေးတွင်းသကြားဓာတ်တိုင်းတာခြင်းမျိုး ပုံမုန်ပြုလုပ်သင့်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။