ပြီးတော့လည်းပြီးသွားမှာပါ၊ အဓိကက ဇွဲမလျော့ဖို့ပါပဲ။

အခုချိန်မှာ အားလုံးဟာ ဖိစီးမှုကိုယ်စီနဲ့ပါပဲ။ စီးပွား‌ရေးသမားဟာလည်း စီးပွား‌ရေးသမားအလျောက်၊ ဝန်ထမ်းကလည်း ဝန်ထမ်းအလျောက်၊ လက်လုပ်လက်စားသမားတွေဟာလည်း လက်လုပ်လက်စားအလျောက် အားလုံးမှာ ဖိစီးမှုတွေကို ရင်ဆိုင်နေကြရတာပါပဲ။ အခက်အခဲကိုယ်စီကြုံနေကြတဲ့ကာလမှာ စိတ်တွေဖိစီးရာကနေ လူရဲ့ကျန်းမာရေးကိုပါ ထိခိုက်လာနိုင်ပါတယ်။ အဲဒီ့အခါ တစ်ပူပေါ်နှစ်ပူဆင့် ဖြစ်ရပါလိမ့်မယ်။


အခက်အခဲနဲ့ ရင်ဆိုင်ရတဲ့ ကာလမှာ အရေးကြီးတာက စိတ်ထဲက ခံယူချက်ပါပဲ။ လူတွေတော်တော်များများ သတိမမူမိတာက လူတစ်ယောက်အတွက် စိတ်ကျန်းမာရေးဟာ ကိုယ်ကျန်းမာရေးထက်ပိုအရေးကြီးတယ်ဆိုတာပါပဲ။ လူကို စိတ်ဆောင်တယ်ဆိုတာ ကြားဖူးကြမှာပါနော်။ အခက်အခဲဘယ်လောက်ကြုံကြုံ “ငါတော့အရှုံးမပေးဘူး” ဆိုတဲ့စိတ်က အရေးကြီးပါတယ်။ အဲဒီ့လိုမဟုတ်ဘဲ “အားလုံးတော့သွားပါပြီ ရေစုန်မြောလိုက်ပါတော့” ဆိုတဲ့စိတ်က လူကို တကယ်ကို ဘုန်းဘုန်းလဲတဲ့အထိဖြစ်သွားစေနိုင်ပါတယ်။ အဲဒါက စိတ်လျော့လိုက်လို့ပါပဲ။

အဲဒီ့အတွက်ဘယ်လောက်အခက်အခဲကြုံကြုံ ထိုအခက်အခဲကို ကျော်လွှားဖို့ရာ စိတ်ဓာတ်ကြံ့ခိုင်ဖို့က ပိုအရေးကြီးပါတယ်။ အဲဒါကြောင့် စိတ်ကို တင်းထားလိုက်ပါ။ အခက်အခဲကျရောက်လာတဲ့အခါ စိတ်ကို တည်ငြိမ်အောင် အရင်ဆုံးကြိုးစားလိုက်ပါ။
ပြီးတဲ့အခါ ဒီအခက်အခဲကြားမှာ “ကိုယ်လုပ်နိုင်တာဘာရှိလဲ ” လို့ ပြန်တွေးကြည့်ပါ။ အခက်အခဲကြားမှာ ကိုယ်လုပ်နိုင်တာလေးကို အတတ်နိုင်ဆုံး ဆုပ်ကိုင်ပြီး အကောင်းဆုံးအစွမ်းကုန်ကြိုးစားပါ။ ဇွဲရှိရှိ ကြိုးစားကျော်ဖြတ်ပါ။
မြည်းတစ်ကောင်ဟာ ရေတွင်းထဲကျသွားတဲ့အခါ ရေတွင်းပေါ် ပြန်မတက်နိုင်တဲ့အတွက် ငိုကြွေးပါတော့တယ်။ ပိုင်ရှင်ကလည်း သူ့မြည်းကို ကယ်တင်ဖို့ ကြိုးစားပေမယ့် အချည်းနှီးပါပဲ။ မြည်းကလည်း အပေါ်တက်ဖို့ကြိုးစားပေမယ့်အချည်းနှီးပါပဲ။ အဲဒီ့အခါ ပိုင်ရှင်က ပြန်တွေးပါတယ်။ “မြည်းကလည်း အိုနေပြီ မကြာခင် သေတော့မှာဆိုတော့ သေတော့မယ့်အတူတူ မြေမြုပ်ပေးလိုက်တာပဲကောင်းပါတယ်” ဆိုပြီး ရေတွင်းထဲကို မြေတွေဖို့ပါတော့တယ်။ ပထမတော့မြည်းဟာငိုကြွေးနေပါသေးတယ်။ နောက်မှ မြေတွေဖို့နေတာသိတဲ့အခါ လန့်သွားပါတော့တယ်။ သူ့ကို တခါတည်းမြေမြုပ်တော့မှာကို တွေးမိပြီး သေမှာကြောက်တဲ့မြည်းဟာ ကြောက်ကန်ကန်ပြီး ရေတွင်းထဲက အတင်းခုန်တက်ဖို့ကြိုးစားပါတော့တယ်။ သူ့ကျောပေါ်ကျလာတဲ့မြေတွေကိုချခါလိုက်၊ အပေါ် ကိုခုန်တက်လိုက်နဲ့ မြေတွေများလာလေလေ အပေါ်ရောက်ဖို့နီးလာလေလေ မကြာခင်မှာပဲ အားတင်းခုန်လိုက်တာ ရေတွင်းအပြင်ဘက်ကိုရောက်သွားပါတော့တယ်။ အသက်ဘေးကနေ လွတ်မြောက်သွားတော့တာပေါ့။

ကျွန်တော်တို့ နေ့စဥ်ဘဝမှာလည်း အလားတူပါပဲ။ တခါတလေ အခက်အခဲတွေဟာ အားတင်းကျော်ဖြတ်ဖို့ အကြောင်းရင်းဖြတ်လာတတ်ပါတယ်။ အဲဒီ့အခက်အခဲတွေကြောင့် အသက်ဘေးကလွတ်အောင်ဇွဲရှိ ရှိ ကြိုးစားရင်းနဲ့ ကျော်ဖြတ်ရတာပါပဲ။
အခုလို ကိုဗစ်ကာလဟာလည်း ကြာရှည်ရင် ကြာရှည်ပါလိမ့်မယ်။ ဒါပေမယ့် ယာယီပါပဲ။ တစ်သက်လုံးတော့ မတည်မြဲနေနိုင်ပါဘူး။ အဲဒီ့အခက်အခဖြစ်နေတဲ့ကြးထဲမှာ ကျွန်တော်တို့လုပ်နိုင်တာကဘာလဲပြန်တွေးရမှာပါ။ ကျွန်တော်တို့လုပ်နိုင်တာကိုသာ ဆုပ်ကိုင်ပြီး အကောင်းဆုံး လုပ်ရမှာပါ။ ဥပမာ လူစုလူဝေးရှောင်မယ်။ မတတ်သာလို့အပြင်ထွက်ရင် Mask / faceshield တပ်မယ်။ စနစ်တကျ လက်ဆေးမယ်။ အိမ်ပြန်ရောက်တာနဲ့ ရေချိုးမယ်။ အဝတ်တွေ လျော်ဖွတ်လိုက်မယ်။ အိမ်ကို ပိုးသတ်မယ်။ စသဖြင့် ကိုယ်တတ်နိုင်တာလေးတော့ အစွမ်းကုန်ကာကွယ်ရင်း ကိုယ်လုပ်စရာရှိတာလုပ်သွားရမှာပါပဲ။
“ဒီအခက်အခဲမပြီးဆုံးသရွေ့ ငါတို့လည်း အရှုံးမပေးဘူး” ဆိုတဲ့စိတ်ဓာတ်ကြံ့ခိုင်အောင်ထားမယ်။ ဇွဲရှိရှိ တတ်နိုင်တာလေး လုပ်ရင်း ကာကွယ်ရေး ရှေ့ဆက်သွားရမှာပါပဲ။ စိတ်ဓာတ်ကျချင်လာတဲ့အခါတိုင်းလည်း "လောကမှာ ဘယ်အရာမှမမြဲဘူး......" ဆိုတာလေးပြန်တွေးရင်း
ဒီကိုဗစ်ဟာလလည်း မကြာခင်ပြီးဆုံးတော့မှာပါလို့ ကိုယ့်ကိုယ်ကိုယ်အားပေးလိုက်ပါ။
လောကမှာ ဘယ်အရာမှ တည်မြဲတယ်ဆိုတာမရှိပါဘူး။ အားလုံးဟာ ယာယီပါပဲ။ အဲဒီ့အတွက် ခုလက်ရှိ သင်ကြုံနေတဲ့အခက်အခဲတွေဟာလည်း ယာယီပဲဆိုတာ ပြန်တွေးပါ။

အဲဒီ့အခက်အခဲကို စိတ်ဓာတ်ကြံ့ခိုင်ခြင်းနဲ့ ဇွဲရှိခြင်း နှစ်မျိုးပေါင်းပြီး ကျော်ဖြတ်ကြည့်ပါ။ သင့်အခက်အခဲတွေကို ကျော်ဖြတ်နိုင်လာမှာ အသေအချာပါပဲလို့ အားပေးလိုက်ရပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။