ပြတ်သားစွာငြင်းဆန်ရမယ့် အရာများ

ကျွန်တော်တို့ဘဝမှာ တခါတလေ အားနာခြင်းတွေ၊ မတတ်သာခြင်းတွေ၊ ငဲ့ညှာခြင်းတွေနဲ့ ပြတ်သားစွာမငြင်းဆန်နိုင်တဲ့အရာတွေရှိကြမှာပါ။ တကယ်တော့ တချို့အရာတွေကို ပြတ်သားစွာငြင်းဆန်တတ်ဖို့လိုပါတယ်။ “A sharp knife cuts the quickest and hurts the least.” Katharine Hepburn ပြောထားတဲ့စကားလိုပါပဲ။ အထက်ဆုံးဓားက အမြန်ဆုံးဖြတ်တောက်နိုင်တာဖြစ်ပြီး နာကျင်မှုအနည်းဆုံးဖြစ်စေတာပါ။ အဲဒါကြောင့် ကိုယ့်ကို တနည်းနည်းနဲ့ထိခိုက်စေတဲ့ အရာတွေမှန်သမျှကို ပြတ်သားစွာငြင်းဆန်သင့်ပါတယ်။ ဘယ်လိုအရာတွေကိုပြတ်သားစွာငြင်းဆန်သင့်သလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။


၁) တရားဥပဒေနဲ့မလွတ်ကင်းတဲ့အရာတွေ
ကိုယ်မသိလိုက်ဘဲ ခံလိုက်ရတာမျိုးက ကိုယ်မငြင်းဆန်လိုက်နိုင်ပေမယ့် ကိုယ်သိရက်နဲ့ ကိုယ်နဲ့မှမဆိုင်တာဆိုပြီး မသိယောင်ဆောင်နေလိုက်တာကလည် တနည်းနည်းနဲ့ကိုယ့်ကို ထိခိုက်လာနိုင်ပါတယ်။ ဥပမာ။ သင့်အခန်းဘေးက မိသားစုမှာ မူးယစ်ဆေးသုံးနေတဲ့သူရှိတယ်ဆိုပါတော့။ ထိုမိသားစုဝင်က သင်တို့အခန်းကို လာရောက်လည်ပတ်တယ်ဆိုရင် သင်အားနာပြီးလိုက်လျောမိရာကနေ အခါပေါင်းများစွာ ဖြစ်လာနိုင်ပြီး သင့်ကိုတောင် တနည်းနည်းနဲ့ တရားဥပဒေအရ ထိခိုက်လာနိုင်ပါတယ်။ အဲဒီလိုပါပဲ….သင့်အပေါင်းအသင်းတစ်ယောက်ယောက်မှာ အဲဒီလိုဖြစ်နေရင်ကော သင်ဘယ်လိုလုပ်မလဲ။ တနည်းအားဖြင့် ကိုယ့်ကိုထိခိုက်လာစေမယ်ဆိုရင် ပြတ်သားစွာ ငြင်းဆန်ရမှာပါပဲ။

၂) သင့်ရဲ့ကိုယ်ပိုင်အချိန်ကိုထိခိုက်လာနိုင်တဲ့အရာတွေ
တချို့လူတွေက အချင်းချင်းကြားသတ်မှတ်သင့်တဲ့စည်းတွေဘောင်တွေကို နားမလည်တတ်ကြပါဘူး။ တဖက်လူကို ခင်မင်ရင်းနှီးနေတာနဲ့တင် တဖက်လူရဲ့အချိန်တွေအားလုံးကို ဝင်ပြီး စီမံတတ်သလို၊ အချိန်လည်း ယူတတ်ကြပါသေးတယ်။ လူတိုင်း ကိုယ့်ရဲ့ကိုယ်ပိုင်အချိန်ဆိုတာ သတ်မှတ်ထားကြမယ်ထင်ပါတယ်။ ခင်မင်ရင်းနှီးမှုကို အသုံးချပြီး တဖက်လူရဲ့ကိုယ်ပိုင်အချိန်ကိုပါ ဖျက်ပြီး အကူအညီတောင်းတတ်တာမျိုး၊ ကိုယ့်အတွက်ကိုယ်လုပ်စရာရှိတာတွေတောင် မလုပ်နိုင်တော့ဘဲ သူတို့ရဲ့ကိစ္စတွေ၊ ဝေယျာဝစ္စတွေအထိ လိုက်အကူအညီတောင်းတတ်တဲ့သူမျိုးတွေနဲ့ ကြုံဖူးကြမယ်ထင်ပါတယ်။ ထိုလူမျိုးတွေနဲ့ကြုံတဲ့အခါ ကိုယ့်ရဲ့ကိုယ်ပိုင်အချိန်ထိခိုက်လောက်တဲ့အထိ အဖြစ်မခံသင့်ဘဲ ပြတ်သားစွာငြင်းဆန်သင့်ပါတယ်။

၃) ကိုယ့်ကျင့်တရားကို ထိခိုက်စေတဲ့အရာတွေ
တချို့လူတွေက ကိုယ့်ရဲ့ကိုယ့်ကျင့်တရားကိုထိခိုက်စေတဲ့အထိ ဖြစ်စေတတ်ပါတယ်။ ဥပမာ။ အကူအညီတခုခုတောင်းရင်းကနေ လိမ်ညာပြောဆိုခိုင်းတာမျိုး၊ ဒါမှမဟုတ် ဟန်ဆောင်ခိုင်းတာမျိုးတွေ။ ကိုယ်တိုင်မလုပ်ချင်ပေမယ့် တနည်းနည်းအားဖြင့် ကိုယ့်ကိုထိခိုက်စေနိုင်တယ်ဆိုရင် ပြတ်သားစွာငြင်းဆန်သင့်ပါတယ်။ တချို့ကျပြန်တော့ ကိုယ့်နဲ့ပတ်သက်နေတဲ့သူ ဒါမှမဟုတ် အပေါင်းအသင်းက ကိုယ်ကျင့်တရားပျက်ပြားတာမျိုးဖြစ်ပြီး တရားခံအဖြစ်အထင်ခံရတော့ ကိုယ်ကအထင်ခံရတာမျိုးပါ။ အဲဒီလိုလူမျိုးတွေနဲ့ဆိုရင်လည်း အပေါင်းအသင်းဖြစ်ဖို့၊ ဒါမှမဟုတ် ပတ်သက်ဖို့ကို ပြတ်သားစွာငြင်းဆန်သင့်ပါတယ်။

၄) သင့်ရဲ့ပျော်ရွှင်မှု့ကိုထိခိုက်စေတဲ့အရာတွေ
လူတိုင်းကပျော်ရွှင်ချင်တဲ့လူတွေချည်းပါပဲ။ တခုခုကြောင့်ပျော်ရွှင်အောင် ၊ စိတ်ဓာတ်တက်ကြွအောင်လုပ်ဆောင်တာမျိုးမဟုတ်ဘဲ တကယ့်စိတ်ရှင်းရှင်းနဲ့ စိတ်လက်ပေါ့ပါးစွာပျော်ရွှင်နေတဲ့အချိန်မှာ ကိုယ်ပတ်သက်တဲ့သူတစ်ယောက်ယောက်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရတာမျိုး၊ စိတ်သောကရောက်ရတာမျိုးတွေကြုံဖူးကြမှာပါ။ ဥပမာ။ သင်က သင့်အိမ်မှာ အလုပ်တွေအားလုံးပြီးစီးလို့ စိတ်လက်ပေါ့ပါးစွာနေတဲ့အချိန်မှာ သင့်သူငယ်ချင်းတစ်ယောက်က သူဒုက္ခရောက်နေလို့ အမြန်လာကူညီပေးပါလို့ သင့်ဆီကိုဖုန်းဝင်လာတာမျိုးပေါ့။ အဲဒီ့လိုမျိုးမှာ သင်က ကူညီဖို့ကြိုးစားပေမယ့် သင့်ပါ စိတ်ဒုက္ခရောက်ရမယ့်ကိစ္စမျိုးဆိုရင် သင်ပြတ်သားစွာငြင်းဆန်သင့်ပါတယ်။ အားနာမှုနဲ့ မငြင်းဆန်ဘဲနေလိုက်ခြင်းက သင့်ကို တောက်လျှောက် စိတ်ဒုက္ခပေးနေတော့မှာဖြစ်ပါတယ်။အဲဒါကြောင့် ကိုယ့်ရဲ့ပျော်ရွှင်မှုလည်းရစေ၊ အခြားသူရဲ့ပျော်ရွှင်မှု့ကိုလည်း မထိခိုက်စေဖို့လည်း လိုပါတယ်။

၅) ငွေရေးကြေးရေးနဲ့ဆိုင်တဲ့ကိစ္စတွေ
အပေါင်းအသင်းမှာတောင် ငွေရေးကြေးရေးပတ်သက်လာရင် မိတ်ပျက်တတ်ပါတယ်။ ငွေကြေးပြဿနာတွေကြားထဲဝင်ပါဖို့ အကူအညီတောင်းလာရင် လုံး၀၀င်မပါသင့်ပါဘူး။ ကိုယ်တတ်နိုင်ရင် ကိုယ်နိုင်သလောက် ချေးငှားတာမျိုးမဟုတ်ဘဲ အပြတ်ကူညီလိုက်တာပိုကောင်းပါတယ်။ အဲလိုမဟုတ်ဘဲ အပေါင်းအသင်းကြား အကျိုးတစုံတရာ မျှော်လင့်ပြီး ငွေကြေးဆိုင်ရာပတ်သက်မှုက ပြဿနာတွေဖြစ်လာနိုင်ပါတယ်။ ငွေကြေးဆိုင်ရာကိစ္စတွေမှာ ကိုယ့်ငွေနဲ့ချေးငှားတာမျိုးမဟုတ်ရင်တောင် အခြားသူကို ချေးငှားပေးဖို့ ခေါင်းခံလိုက်တာတွေ၊ ကိုယ့်အပေါင်းအသင်းမို့ ကိုယ့်နာမည်တပ်ပြီး ချေးငှားစေတာတွေက နောင်တချိန်မှာ ပြဿနာအကျယ်အကျယ်ဖြစ်လာနိင်ပါသေးတယ်။ အဲဒါကြောင့် အဲဒီလို ငွေကြေးကိစ္စတွေမှာ ကိုယ်မတတ်နိုင်ရင် ပြတ်သားစွာ ငြင်းဆန်ခြင်းက အကောင်းဆုံးပါပဲ။

တချို့ကိစ္စတွေမှာ ကိုယ့်ဘက်က ပြတ်သားစွာငြင်းဆန်ခြင်းက ကိုယ့်ကို စိတ်ရှုပ်စေမှာ၊ စိတ်အနှောင့်အယှက်ဖြစ်မယ့်ကိစ္စမျိုးကို ကိုယ်နဲ့ဝေးရာကိုရောက်သွားစေပါတယ်။ အထူးသဖြင့် ဘဝမှာ အပူအပင်ကင်းကင်းနဲ့ စိတ်ရှင်းစွာနေနိုင်ဖို့ ပြတ်သားစွာငြင်းဆန်သင့်တဲ့ကိစ္စတွေမှာ ငြင်းဆန်ရမှာဖြစ်ပါတယ်။ အဲဒါက အတ္တကြီးတာမဟုတ်ဘဲ လူသားဆန်ခြင်းတစ်မျိုးသာဖြစ်ပါတယ်လို့ တိုက်တွန်းလိုက်ရပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။