ကိုယ့်ကိုယ်ကိုယ်ပျောက်ဆုံးမခံပါနဲ့။
ကိုယ့်ကိုယ်ကိုယ်ပျောက်ဆုံးတယ်ဆိုတာ ဘာလဲ....။ တကယ်တော့ အချို့တွေဆိုရင် ကိုယ့်ကိုယ်ကိုယ်ပျောက်ဆုံးလို့ပျောက်ဆုံးမှန်းမသိတာမျိုးတောင် ရှိနိုင်ပါတယ်။ ကိုယ်ဖြစ်ချင်တာ ဘာလဲ၊ ကိုယ်သွားချင်တဲ့လမ်းကဘာလဲ ကိုယ်ကဘာအတွက်ရှင်သန်နေတာလဲ။ ဆိုတဲ့မေးခွန်းတွေကိုတောင် မသိတော့လောက်အောင် လက်ရှိမဖြစ်မနေလုပ်ကိုလုပ်နေရတဲ့နေ့ဓဒူဝကိစ္စတွေကြားမှာ နစ်မြုပ်နေတာမျိုးပါ။ ကိုယ်က ဘယ်လမ်းကိုလျှောက်ချင်လဲဆိုတာကို သိတဲ့လူအတွက် ကိုယ်သွားချင်တဲ့နေရာကို တန်းတန်းမတ်မတ်သွားနိုင်သလိုမျိုးပါပဲ၊ ကိုယ်က ဘယ်ကိုသွားလို့သွားနေမှန်းမသိတဲ့လူဟာလည်း ဘယ်ထိရောက်အောင်သွားရမယ်မှန်းမသိသလို၊ ဘာကြောင့် ရှင်သန်နေမှန်းမသိတဲ့ အဓိပ္ပါယ်မရှိတဲ့ဘဝကို ကုန်ဆုံးနေရပါလိမ့်မယ်။
တနည်းအားဖြင့်တော့ ကိုယ့်ရဲ့ရှင်သန်ရပ်တည်မှု၊ ကိုယ့်ရဲ့ ဖြစ်တည်မှု၊ ကိုယ့်ရဲ့ခံယူချက်၊ ကိုယ့်ဘဝရဲ့အဓိပ္ပါယ် အားလုံးပျောက်ဆုံးသွားခြင်းပါပဲ။ မြန်မာလူမျိုးအချို့ပြောတတ်တာဆိုရင် ဆန်ကုန်မြေလေးဆိုတဲ့စကားလိုမျိုးပေါ့။ ထမင်းစားနေလို့ ဆန်ကုန်တယ်၊ သယ်ပိုးထားရတဲ့မြေကြီးမှာလည်း လေးလံတာကလွဲပြီး ကျန်တာဘာမှ အကျိုးသက်ရောက်မှုမရှိဘူးဆိုတာမျိုးပါ။ ကိုယ်က ဘာအတွက်ရပ်တည်ရှင်သန်ကြိုးစားနေမှန်းမသိတာ၊ ဒါမှမဟုတ် သူများစိတ်ကြိုက်ရှင်သန်နေတာ ၊ သူများ control လုပ်မှုအတိုင်း ရှင်သန်နေတာမျိုးဆိုရင် ကိုယ့်ကိုယ်ကိုယ်ပျောက်ဆုံးမှုကို အချိန်တစ်ခုအရောက်မှာ ခံစားရလာနိုင်ပါတယ်။ အဲဒီ့လိုမဖြစ်ဖို့အတွက် အဓိက လိုအပ်တာက ကိုယ့်ကိုယ်ကိုယ်ချစ်ခင်မှုပါပဲ။ ဒုတိယကတော့ ကိုယ့်ကိုယ်ကိုယ်သိဖို့ပါ။ အဲဒီ့ ၂ချက်ဟာ အဓိပ္ပါယ်ရှိတဲ့ဘဝရှင်သန်မှုဖြစ်စေဖို့အတွက် မဖြစ်မနေလိုအပ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်ချစ်ခင်ဖို့ဆိုတာက အတ္တတွေကြီးပြီး တစ်ကိုယ်ကောင်းဆန်ဆန် ပြုမူဖို့ဆိုလိုတာမဟုတ်ပါဘူး။ ကိုယ့်ရဲ့ ကိုယ်ကျန်းမာရေးကို အထူးဂရုစိုက်မယ်၊ ကျန်းမာမှ ကိုယ်ဖြစ်ချင်တာတွေကို ကြိုးစားဆောင်ရွက်နိုင်မယ်ဆိုတာကို လေးနက်စွာနားလည်မယ်။ စိတ်ကျန်းမာရေးကိုလည်း ဂရုစိုက်မယ်။ စိတ်ဖိစီးလာရင် ဘေးထွက်ဆိုးကျိုးမရှိ၊ ပတ်ဝန်းကျင်ကိုလည်း မထိခိုက်စေမယ့်အရာလေးတွေ လုပ်ရင်း စိတ်ပျော်အောင်နေမယ်။ စိတ်ချမ်းသာမှုကိုရှာမယ်။ အဲဒါမျိုးနည်းလမ်းတွေနဲ့ ကိုယ့်ကိုယ်ကိုယ်ချစ်ခင်တတ်ဖို့ပါ။ ကိုယ်စိတ်မပါတဲ့အလုပ်၊ နောက်ဆံတင်းရမယ့်အလုပ်ဆိုရင် ယဥ်ကျေးစွာ ငြင်းပယ်လိုက်မယ်။ ဒါမျိုးတွေပေါ့။ ကိုယ့်ကို စိတ်ဒုက္ခပေးမယ့်သူတွေဆို ဝေးဝေးရှောင်မယ်၊ ရှောင်မရရင် အာရုံထဲက ဖျောက်ပစ်လိုက်မယ်။ အဲလိုမျိုးတွေနဲ့ ကိုယ့်စိတ်ကိုယ်ကျန်းမာရေးကိုဂရုစိုက်ဖို့ပြောချင်တာပါ။
ကိုယ့်ကိုယ်ကိုယ်ချစ်ခင်တဲ့လူဟာ စိတ်ဖိစီးမှုနည်းပြီး စိတ်ပျော်ရွှင်မှု များလာပါတယ်။ အဲဒီ့အခါ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး ရှင်းရှင်းလင်းလင်းနားလည်လွယ်လာစေပါတယ်။ “ငါတကယ်ဖြစ်ချင်တာက ဘာလဲ။ ငါကြိုးစားချင်တာကဘာလဲ။” ဆိုတဲ့အတွေးမျိုးတေါနဲ့ ကိုယ့်ကိုယ်ကိုယ်ပြန်သုံးသပ်နိုင်လာတဲ့အခါ ကိုယ့်ကိုယ်ကိုယ်ပိုသိလာပါတယ်။ အဲဒီ့အခါကျမှ ကိုယ့်ဘဝအတွက် တကယ်လိုအပ်နေတာတွေကို မြင်နိုင်လာပါတယ်။ အဲဒါကြောင့် ကိုယ့်ကိုယ်ကိုယ်ပျောက်ဆုံးနေတယ်ဆိုရင်လည်း ပြန်မြင်လာပါလိမ့်မယ်။ “ငါတကယ်ဖြစ်ချင်တာက ဒါပါလား။ ဒါပေမယ့် ငါလုပ်နေတာတွေက ငါဖြစ်ချင်တာနဲ့ တခြားစီဖြစ်နေပါလား။” ဒါမျိုးအတွေးတွေနဲ့ ကိုယ့်ဖြစ်ချင်တဲ့အရာကို ပြန်ဖမ်းဆုပ်နိုင်ဖို့ ကြိုးစားလို့ရလာပါလိမ့်မယ်။
ကိုယ်ဖြစ်ချင်တာတွေ၊ ကိုယ်ရည်မှန်းထားတာတွေ၊ ကိုယ်ပုံဖော်ချင်တာတွေအားလုံးကို ပြန်ပြီး သတိရလာဖို့ ကိုယ့်ကိုယ်ကိုယ်အမြဲပြန်သုံးသပ်နေဖို့လိုပါတယ်။ အဲဒါမှသာ ကိုယ်ကိုယ်ကိုယ်ပိုပြီး သိလာနိုင်မှာပါ။ ပျောက်ဆုံးခါနီးဆဲဆဲဖြစ်နေရင်တောင် ကိုယ့်ကိုယ်ကိုယ်ပြန်လည်ဖမ်းဆုပ်နိုင်လာစေမှာပါ။ အဲဒါကြောင့် အခုလို နှစ်ဟောင်းကုန်ဆုံးတော့မယ့်အချိန်မှာ နောင်နှစ်သစ်မှာ ကိုယ့်အတွက်ကိုယ်ဘာလုပ်မလဲ ဆိုတာမျိုး ပြန်ပြီးသုံးသပ်ဆင်ခြင်ရင်း ကိုယ့်ကိုယ်ကိုယ်ပြန်လည်ရှာဖွေကြည့်ကြပါလို့ တိုက်တွန်းလိုက်ရပါတယ်နော်။