မောင်တစ်ထမ်း မယ်တစ်ရွက်ဆိုတာ…….
မြန်မာလူမျိုးအချို့မှာ လွဲမှားနေတုန်း အယူအဆတစ်ခုရှိပါတယ်။ အဲဒါကတော့ အိမ်မှုကိစ္စမှန်သမျှ အမျိုးသမီးအိမ်ရှင်မအလုပ်ဖြစ်ပြီး စီးပွားရှာတဲ့အလုပ်ကတော့ အိမ်ထောင်ဦးစီးအလုပ်လို့ တရားသေမှတ်ထားကြတာပါပဲ။ အဲဒီ့အယူအဆကိုဆွဲကိုင်ထားတဲ့လူတော်တော်များများက မောင်တစ်ထမ်း မယ်တစ်ရွက်ဆိုတဲ့စကားကို မေ့နေကြဟန်တူပါတယ်။ တကယ်တော့ ထိုစကားရဲ့အဓိပ္ပါယ်က မောင်ကတစ်ထမ်းဆိုရင် မယ်ကလည်း တစ်ရွက်ဆိုတဲ့ တာဝန်ကို ညီတူညီမျှ ယူကြမယ်ဆိုတဲ့အဓိပါ္ပယ်ပါပဲ။ အဲဒီ့လိုအဓိပ္ပါယ်ရကတည်းက အိမ်ထောင်စုတစ်ခုမှာ တာဝန်အားလုံးဟာ ညီတူညီမျှ ရှိတဲ့သဘောပါပဲ။
အထူးသဖြင့် မိခင်တွေမှာ ကိုယ်ဝန်ဆောင်ရတဲ့အချိန်မှာ တစ်ခါ အသက်အန္တရာယ်နဲ့ရင်ဆိုင်ရသလို၊ မမွေးဖွားခင်မှာလည်း အနေအစားရှောင်ပြီး သန္ဓေသားကိုဂရုစိုက်ရပြန်ပါတယ်။ မွေးဖွားပြီးလည်း အနေအစားရှောင်ရပြန်ပါတယ်။ မွေးဖွားပြီးချိန်မှာလည်း အရွယ်မရောက်မီ သေချာပြုစုပျိုးထောင်ပေးရပြန်ပါတယ်။ အဲဒီလို အချိန်မျိုးမှာ စိတ်ပိုင်းဆိုင်ရာအရရော၊ ခန္ဓာကိုယ်ကျန်းမာရေးအရကော ကူညီဖေးမ အားပေးမှုတွေအများကြီးလိုအပ်နေတာဖြစ်ပါတယ်။ အဲဒီလိုအချိန်မျိုးမှာဆိုရင် အိမ်မှုကိစ္စမှန်သမျှ အမျိုးသမီးတာဝန်လို့မှတ်ယူပြီး အမျိုးသားကလည်း အိမ်မှုကိစ္စမျိုးကို မလုပ်ဘဲနေထိုင်လို့မသင့်တော့်ပါဘူး။ အဲဒီလိုအခြေအနေမျိုးမှာ အိမ်ထောင်ရှင်အမျိုးသားအနေနဲ့ကလည်း ချစ်ခင်နှစ်သက်စွာလက်ထပ်ယူထားတဲ့ဇနီးမယားကို ကူညီသောအားဖြင့် အိမ်မှုကိစ္စတွေကိုဝိုင်းကူလုပ်ကိုင်ပေးသင့်ပါတယ်။ သားသမီးရဲ့ဗာဟီရတာဝန်ကိုလည်း တတ်နိုင်လောက်ဖေးမကူညီပေးခြင်းဟာ ဇနီးမယားကို ချစ်ခင်ကြင်နာပေးခြင်းတစ်မျိုးဖြစ်ပါတယ်။ အဲဒီလိုပါပဲ…..ဒီနေ့ခေတ်မှာဆိုရင် အိမ်ထောင်ရှင်ယောကျ်ားသာမက ဇနီးမယားကလည်း ဝင်ငွေအတွက် တဖက်တလမ်းကနေ ကူညီပြီး ရှာဖွေပေးနေကြပါပြီ။ အပြင်ထွက်အလုပ်လုပ်တဲ့ကိစ္စဆိုတာသည် အိမ်ထောင်ရှင်ယောကျ်ားရဲ့တာဝန်သာမဟုတ်တော့ဘဲ အမျိုးသမီးတွေလည်း ရင်ဘောင်တန်းအလုပ်လုပ်နေတဲ့ခေတ်ဖြစ်နေပါပြီ ။ အဲဒီလိုအခြေအနေမျိုးမှာမှ “ကိုယ်ကတော့ အိမ်ထောင်ရှင်အမျိုးသားမို့ ဝင်ငွေရှာဖွေရတဲ့အတွက် အိမ်ပြန်ရောက်ရင် အနားယူမယ်” လို့ တဖက်သတ်တယူသန်ပြောလို့ ယူဆလို့မရတော့ပြန်ပါဘူး။ နှစ်ယောက်လုံးအလုပ်လုပ်ဝင်ငွေရှာနေတဲ့အခါ အိမ်မှုကိစ္စကိုလည်း နှစ်ယောက်လုံးမျှဝေလုပ်ကိုင်ရပါတော့တယ်။ အနောက်နိုင်ငံတွေမှာဆိုရင် အိမ်ထောင်တစ်ခုမှာ နှစ်ယောက်စလုံးအပြင်ထွက်အလုပ်လုပ်မယ် ၊ အိမ်ပြန်ရောက်တဲ့အခါ အိမ်ရဲ့ကိစ္စအ၀၀ကို အတူတကွ တာဝန်ခွဲဝေပြီးလုပ်ကိုင်ကြတာပဲဖြစ်ပါတယ်။ ဆရာမဂျူးရဲ့စာအုပ်ထဲကစာသားလိုပေါ့ “မီးဖိုချောင်နဲ့ရင်းနှီးတဲ့ယောကျ်ားတွေက ပိုပြီးချစ်စရာကောင်းပါတယ်” ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ချစ်ခြင်းမေတ္တာတွေကို မြင်နိုင်တာကိုး။ ဒီနိုင်ငံမှာကတော့ များသောအားဖြင့် မီးဖိုချောင်ဝင်ချက်ပြုတ်နေတဲ့အမျိုးသားတစ်ယောက်ကိုမြင်ရင် သိက္ခာပဲကျသွားသလို၊ ကျင့်ဝတ်ပဲဖောက်ဖျက်နေသလို လှောင်ပြောင်တတ်တာမျိုးတောင်ရှိပါသေးတယ်။ တကယ်တော့ “ကိုယ်က ဘုန်းရှိလို့ ၊ အိမ်ထောင်ဦးစီးယောကျ်ားဖြစ်နေလို့” ဆိုပြီး မီးဖိုချောင်ဝင်ချက်ပြုတ်ခြင်းက ကျင့်ဝတ်ဖောက်ဖျက်တာမဟုတ်ပါဘူး ။ သိက္ခာကျစရာကိစ္စလည်းမဟုတ်ပါဘူး။ ကိုယ့်ချစ်ခင်နှစ်သက်လို့ လက်ထပ်ယူထားတဲ့ဇနီးမယားကို သက်သာပါစေတော့ဆိုတဲ့စိတ် ၊ စေတနာမေတ္တာသာဖြစ်ပါတယ်နော်။ သမီးရည်းစားဘဝမှာ ကျောင်းတက်ကျောင်းဆင်းအကြိုအပို့လုပ်ပေးရင် ဒါမှမဟုတ် ရုံးတက်ရုံးဆင်း အကြိုအပို့လုပ်ပေးရင် ထမင်းချိုင့်လေးကူဆွဲပေးတာ၊ အိတ်လေးကူဆွဲပေးတာတွေက ကိုယ့်ချစ်သူကိုချစ်ခင်တဲ့စိတ်လေးနဲ့မဟုတ်ပါလား ။ အဲဒီ့သဘောတရားပါပဲနော် ။ အိမ်ထောင်ပြုပြီး တစ်အိုးတစ်အိမ်ထူထောင်ကြတဲ့အခါမှာ ပိုပြီးတော့တောင်တာဝန်တွေများလာမယ်၊ ဝတ္တရားတွေများလာမယ်၊ အပူအပင်သောက ဗျာပါဒတွေများလာမှာမို့ မောင်ကတစ်ထမ်းထမ်းရင် မယ်ကတစ်ရွက် ၊ မယ်ကတစ်ရွက်ရွက်ရင် မောင်ကလည်း တစ်ထမ်းဝင်ထမ်းပေးမယ်ဆိုတဲ့အဓိပါ္ပယ်ပါပဲ။
အိမ်ထောင်ပြုတယ်ဆိုတာက တစ်ယောက်အကျိုးကိုတစ်ယောက်မျှော်ကိုးပြီး လက်ထပ်ကြတာမဟုတ်ပါဘူး။ ထိုကဲ့သို့ အကျိုးမျှော်ကိုးပြီးလက်ထပ်လိုက်ကြမယ်ဆိုရင်လည်း စေတနာမေတ္တာအပြည့်အဝပါဝင်မှာမဟုတ်ပါဘူး။ ကိုယ်မျှော်ကိုးထားတဲ့အကျိုးရပိုင်ခွင့်ရနိုင်တုန်းပဲ စေတနာထားနိုင်မှာဖြစ်ပြီး အကျိုးရလဒ်မရှိနိုင်တော့တဲ့အခါ စိတ်ပျက်၊ စိတ်ကုန်လာနိုင်ပါတယ်။ အဲဒါကြောင့် အိမ်ထောင်ပြုလက်ထပ်ခြင်းဟာ တစ်ယောက်အကျိုးတစ်ယောက်မျှော်ကိုးခြင်းမဟုတ်ပါဘူး။ မတူညီတဲ့လူနှစ်ယောက် ပေါင်းဖက်ပြီး ဘဝတစ်ခုကို အတူတည်ဆောက်ကြတာဖြစ်ပါတယ်။ တစ်ယောက်ယောက်က စည်းဖောက်တာနဲ့ ထိုဘဝက မသာယာနိုင်တော့သလို၊ ပြိုကွဲသွားနိုင်ပါတယ်။ ဘဝခရီးတစ်ခုရဲ့အဆုံးထိ နှစ်ယောက်အတူကြိုးစားလျှောက်လှမ်းကြတာဖြစ်ပါတယ်။ ဒုက္ခတွေ့ရင်လည်း အတူရင်ဆိုင်မယ်၊ သုခတွေ့ရင်လည်း အတူပျော်ရွှင်မယ်၊ ရည်မှန်းချက်တွေကို အတူပုံဖော်ကြမယ်၊ တစ်ယောက်ကို တစ်ယောက် ချစ်ခြင်းတရားထက်ပိုတဲ့ အပြန်အလှန်နားလည်ပေးမှု၊ မေတ္တာတရားနဲ့စေတနာတွေထည့်ပြီး ဖြည့်စွက်ရမှာဖြစ်ပါတယ်။ ချစ်ခြင်းတရားကတော့ မီးလိုပဲ တောက်လောင်နေတုန်းတော့ ဟုန်းဟုန်းတောက်နေပေမယ့် အချိန်တန် ထိုမီးက ငြိမ်သွားတဲ့အခါ မေတ္တာတရားနဲ့ စေတနာထည့်ပေါင်းထားတဲ့အိမ်ထောင်ရေးကတော့ အညည်းအညူမရှိ ဆက်လက်တည်မြဲနေမှာဖြစ်ပါတယ်။ အဲဒါကြောင့်သာ ဆံဖြူသွားကျိုးတဲ့အထိ ပေါင်းသင်းနေထိုင်သွားနိုင်မှာပါ။ ချစ်ခြင်းတရားတစ်ခုထဲနဲ့တော့ အိမ်ထောင်ရေးကမတည်မြဲနိုင်ပါဘူး။ “ချစ်တော့ချစ်တယ်….အလိုမလိုက်ဘူး” ဆိုတဲ့စကားလိုပေါ့၊ ချစ်ခြင်းကသပ်သပ်၊ အိမ်ရှင်မတာဝန်က အိမ်ရှင်မတာဝန်၊ အိမ်ထောင်ဦးစီးတာဝန်က အိမ်ထောင်ဦးစီးတာဝန်ပဲ၊ ဘာကိုမှ ကူမလုပ်ပေးနိုင်ဘူးဆိုတာတော့ တရားသေမှတ်ယူလို့မရနိုင်ပါဘူး။ ယေဘုယျအားဖြင့်တော့ အိမ်ရှင်မကလည်း အိမ်ရှင်မတာဝန်တွေရှိတာမှန်ပေမယ့်အိမ်ထောင်ဦးစီးကလည်း အိမ်ထောင်ဦးစီးတာဝန်တွေရှိတာမှန်ပါတယ်။ ဒါပေမယ့် အဆင်ပြေရင်ပြေသလို သူ့တာဝန်ကိုယ့်တာဝန်ရယ်မခွဲခြားဘဲ ဖေးမကူညီပေးသင့်ပါတယ်။ အချစ်ဆိုတာ ရွေးချယ်စရာမဟုတ်ဘဲ တာဝန်တစ်ခုသာဖြစ်ပါတယ်တဲ့။ အဲဒီလိုပါပဲ အိမ်ထောင်ရေးဆိုတာလည်း ကိုယ့်အတွက် အပြည့်စုံဆုံးဖြစ်စေမယ့်သူကိုရွေးချယ်ရတာမဟုတ်ဘဲ အတူပြည့်စုံအောင်ကြိုးစားတာဖြစ်ပါတယ်။ အပြည့်စုံဆုံးဖြစ်နေတဲ့သူက ကိုယ့်အတွက် သင့်တော်တဲ့သူဖြစ်ချင်မှဖြစ်နိုင်မှာပါ။ အဓိကက နှစ်ယောက်စလုံးတက်ညီလက်ညီဘဝကို တိုက်ပွဲဝင်ရတာပါပဲ။ နှစ်ယောက်စလုံးမှာတာဝန်ရှိပါတယ်။ အဲဒါကြောင့် သူ့တာဝန်ကိုယ့်တာဝန်ရယ်မခွဲခြားဘဲ အိမ်ထောင်ရှင်မတာဝန်သည်လည်း အိမ်ထောင်ဦးစီးတာဝန်ဖြစ်ပြီး အိမ်ထောင်ဦးစီးတာဝန်သည်လည်း အိမ်ရှင်မတာဝန်လို့ ယူဆပါလို့ တိုက်တွန်းလိုက်ရပါတယ်။