ဖေ့ဘုတ်ကို ဘယ်လိုအကျိုးရှိအောင် အသုံးချနိုင်သလဲ။

ဒီနေ့ခေတ်မှာ ဖေ့ဘုတ်ကို လူတိုင်းနီးပါးသုံးနေကြပါတယ်။ ဖေ့ဘုတ်ကို သုံးကြတဲ့အခါ အကျိုးရှိအောင် ဘယ်လိုသုံးသင့်သလဲ။ အများစုက ဖေ့ဘုတ်သုံးရင်း သူငယ်ချင်းအသစ်တွေရကြတာကောင်းပေမယ့် ဘယ်ကမှန်းဘယ်သူမှန်းမသိတဲ့သူတွေကို သူငယ်ချင်းအဖြစ်လက်ခံမိတာမျိုးက ဆိုးကျိုးတွေအများကြီးဖြစ်လာနိုင်ပါတယ်။ အဲဒါအပြင် အခြားသူတွေကို လက်လွတ်စပယ်အနိုင်ကျင့်မိတာမျိုး၊ အခြားသူတွေရဲ့လက်လွတ်စပယ်အနိုင်ကျင့်ခြင်းကို ခံရတာမျိုးတွေလည်း ဖြစ်လာနိုင်ပါတယ်။ အခြားသော အကျိုးဆက်တွေအများကြီးပါပဲ။ အဲဒီလိုမျိုးဆိုးကျိုးတွေမဖြစ်ရဘဲ ကိုယ့်ရဲ့ဖေ့ဘုတ်ကို အချိန်ကုန်ရကျိုးနပ်အောင် အကျိုးရှိစွာအသုံးချနိုင်မယ့်နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။


၁) စာဖတ်နိုင်ပါတယ်။
ဖေ့ဘုတ်မှာတင် မီဒီယာအသစ်တွေ၊ စာရေးဆရာအသစ်တွေ၊ တန်ဖိုးရှတဲ့စာတွေတင်ပေးလေ့ရှိတဲ့ပေ့ချ်တွေ အများကြီးရှိပါတယ်။ ကိုယ်က စာအုပ်ကိုသယ်သွားရတာ ဝန်လေးတယ်ထင်ရင် ဖုန်းထဲကနေပဲ ထိုစာဖတ်လု့ိရတဲ့ပေ့ချ်တွေကို လိုက်လုပ်ထားလိုက်ရုံနဲ့တင် စာဖတ်နိုင်ပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်သမျှကိုလည်း ဆရာဝန်တွေကိုယ်တိုင်ရေးသားထားတဲ့ပေ့ချ်တွေကနေ ဖတ်ရှုနိုင်ပါသေးတယ်။ ကိုယ်တိုင်ဇဝေဇဝါဖြစ်နေတာတွေရှိရင် ထိုဆရာဝန်တွေကိုတောင် ကိုယ်တိုင်မေးမြန်းနိုင်ပါသေးတယ်။ ဗဟုသုတအစုံ ရနိုင်ပါသေးတယ်။ တခုရှိတာကတော့ ဆရာဝန်တွေကိုယ်တိုင်ရေးသားထားတာဟုတ်မဟုတ်နဲ့ ကိုယ်ဖတ်တဲ့စာရဲ့ အရင်းအမြစ်သေချာမှုရှိမရှိတော့ သတိထားသင့်ပါတယ်။
၂) စီးပွားရေးစတင်ဖို့ လေ့လာနိုင်ပါတယ်။
ခုခေတ်မှာက ဖေ့ဘုတ်မှာတင် စီးပွားရေးနဲ့ပတ်သက်တာတွေလေ့လာနိုင်ပါတယ်။ အဲဒါအပြင် ကိုယ်လုပ်ချင်တဲ့စီးပွားရေးလမ်းကြောင်းတစ်ခုရဲ့ အပြင်က အခြေအနေတွေကိုလည်း ဖေ့ဘုတ်ကနေသိနိုင်ပါသေးတယ်။ စီးပွားရေးဂရုတွေမှာ တင်ထားသမျှ စာတွေ၊ အရောင်းအဝယ်အခြေအနေတွေကိုလည်း လေ့လာသုံးသပ်နိုင်ပါတယ်။ အဲဒါအပြင် အခြားသူတွေ စီးပွားရေးလမ်းကြောင်းကို ဘယ်လိုလုပ်နေသလဲ၊ ဘယ်လိုဈေးကွက်ရှာနေသလဲ စသဖြင့် လေ့လာသိရှိနိုင်ပါတယ်။
၃) နောက်ထပ်ဝင်ငွေတစ်ခုရဖို့ အသုံးချနိုင်ပါတယ်။
ခုခေတ်မှာဆိုရင် ဖေ့ဘုတ်မှာ ပေ့ချ်တစ်ခုကို သီးသန့်ကိုင်တတ်တဲ့သူတွေကိုတောင် အလွတ်သဘောမျိုး အလုပ်ခေါ်နေတာတွေရှိပါတယ်။ အခြားဝင်ငွေတစ်ခုအနေနဲ့ freelance သဘောမျိုးလုပ်လို့ရတာတွေလည်း ရှိပါတယ်။ ဒါမှမဟုတ် ကိုယ်ပိုင်လုပ်ငန်းစတင်ဖို့အတွက် စီးပွားရေးပေ့ချ်တစ်ခုထောင်ပြီး ကိုယ်လုပ်ငန်းစီးပွားကိုတောင် ကြေငြာနိုင်ပါသေးတယ်။ အဲလိုမှမဟုတ်ဘဲ အွန်လိုင်းကနေပဲ ဈေးရောင်းတာမျိုးလည်း လုပ်လို့ရပါတယ်။ ကိုယ်ရဲ့ပုံမှန်ရနေကျလစာအပြင် အခြားဝင်ငွေတစ်ခုရအောင် ဖေ့ဘုတ်ကနေ ဖန်တီးနိုင်တဲ့နည်းလမ်းတွေလည်း များပြားလာပါတယ်။
၄) ဗဟုသုတရှာဖွေနိုင်ပါတယ်။
အရင်ခေတ်တွေကဆိုရင် စာဖတ်များသူတွေသာ ဗဟုသုတနဲ့ ပြည့်စုံနိုင်တာဖြစ်ပြီး ဗဟုသုတနည်းပါးကြပါတယ်။ ခုခေတ်မှာတော့ ဗဟုသုတရမယ့် ဗီဒီယိုဖိုင်တွေကို youtube မှာရှာမလား၊ google မှာရှာမလား စသဖြင့်ရှာဖွေနိုင်ပါတယ်။ ကိုယ်က ဒီဇိုင်းသမားဆိုရင် ဒီဇီုင်းနဲ့ပတ်သက်တဲ့ tutorial တွေရှာကြည့်တာမျိုး၊ ကိုယ်မသိတဲ့နေရာကို google ကနေ ရှာနိုင်တာမျိုး၊ ကိုယ်မသိတဲ့စကားလုံး ဒါမှမဟုတ် အကြောင်းအရာကို google ကနေ ရှာဖတ်နိုင်ပါတယ်။ ဖေ့ဘုတ်ပေါ်မှာလည်း ရေးကြ၊ရှယ်ကြတာမို့ တော်တော်များများသိနိုင်ပါပြီ။ ကိုယ်ဖတ်တဲ့အကြောင်းအရာက အရင်းအမြစ်စစ်မှန်တဲ့ဆီကဖြစ်ဖို့တော့လိုပါတယ်။
၅) လူတွေအကြောင်းပိုသိနိုင်ပါတယ်။
လူ့အကြောင်းပေါင်းကြည့်မှသိတယ်ဆိုပေမယ့် ခုခေတ်မှာတော့ လူ့အကြောင်းသိချင် ဖေ့ဘုတ်ပေါ်တက်ကြည့်လို့ပြောရမလိုပါပဲ။ တချို့တွေကတော့ ဖေ့ဘုတ်ပေါ် ကိုယ့်အချက်အလက်တွေဘာမှမတင်တတ်ပေမယ့် တချို့တွေကျပြန်တော့လည်း မိုးလင်းကနေ မိုးချုပ် အသေးစိတ်ကအစ တင်ပြနေတတ်ပြန်ပါတယ်။ တချို့ကျပြန်တော့လည်း အိမ်တွင်းရေးကအစ၊ အခြားသောအရေးအရာတွေကို ဖေ့ဘုတ်မှာ ရင်ဖွင့်တတ်ကြပြန်ပါတယ်။ အဲဒါကြောင့် တော်တော်များများရဲ့အကြောင်းကို မြင်ရသိရကြားနေရတတ်ပါတယ်။ ကိုယ့်မှာမှ အဆိုးတွေကြုံနေပါလား …. ရယ်လို့ စိတ်ဓာတ်ကျချင်သလိုဖြစ်လာတဲ့အခါ ေ့ဖဘုတ်ပေါ်မှာ ကိုယ့်ထက်ဆိုးဝါးတဲ့အခြေအနေရှိသူတွေကို မြင်နိုင်ပါတယ်။ ကိုယ့်ထက်သာတဲ့သူတွေကိုလည်း မြင်နိုင်ပေမယ့် ယူတတ်ရင်တော့ အမြတ်ချည်းပါပဲ။ “ကိုယ့်ဘဝထက်ဆိုးတဲ့သူတွေမှ အများကြီးပါလား….” ဆိုတဲ့အတွေးအခေါ်က သင့်ဘဝကို ပိုပြီး နေပျော်လာစေပါတယ်။ ဘာပဲပြောပြော ကိုယ်ကမှ တော်ပါသေးတယ်ဆိုတဲ့အတွေးက သင့်ဘဝကို ပြန်ပြီးတန်ဖိုးထားတတ်လာစေပါတယ်။
၆) အဝေးကလူတွေနဲ့ပြန်လည်ဆက်သွယ်နိုင်ပါတယ်။
အထူးသဖြင့် နိုင်ငံခြားရောက်နေတဲ့ မိသားစုဝင်တွေကို ငွေကြေးအသက်သာဆုံးနဲ့ ဆက်သွယ်လို့ရနိုင်တဲ့နည်းလမ်းဖြစ်ပါတယ်။ အရင်ခေတ်တွေတုန်းကဆိုရင် နိုင်ငံရပ်ခြားရောက်နေတဲ့အခါ အဆက်အသွယ်ရဖို့ မနည်းကြိုးစားကြရပါတယ်။ ခုကတော့ ဖေ့ဘုတ်မှာတင် တစ်နေ့တာဖြစ်ပျက်နေသမျှတွေ၊ အခြားအကြောင်းအရာတွေကို မျှဝေပြောပြနိုင်လာပါတယ်။
အထက်ကအချက်တွေက ဖေ့ဘုတ်ကိုအကျိုးရှိအောင် အသုံးချနိုင်တဲ့အကြောင်းအရာတွေဖြစ်ပါတယ်။ ဘယ်အရာမဆို ကောင်းမွန်တဲ့အကျိုးတွေကို မြင်တတ်ပြီး အသုံးချတတ်ရင် ကိုယ့်အတွက် ကောင်းကျိုးတွေချည်းဖြစ်လာနိုင်ပြီး တိုးတက်လာနိုင်ပါတယ်။ အဲဒါကြောင့် ဒီနေ့ခေတ်မှာ အသုံးများလာတဲ့ဖေ့ဘုတ်ကို ကောင်းတဲ့ဘက်က အသုံးချဖို့ တိုက်တွန်းလိုက်ရပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။