အခြားသူများဆီက Respect လိုချင်လျှင်

ကျွန်တော်တို့ မြန်မာလူမျိုးတွေမှာ “အချင်းချင်း respect ရှိဖို့လိုတယ်…..” ဆိုတဲ့စကားက မကြာခဏကြားဖူးနေကျဖြစ်မှာပါ။အကြမ်းအားဖြင့် လူကြီးသူမတွေနဲ့ဖြစ်ဖြစ်၊ ကိုယ်ရဲ့အထက်လူကြီးနဲ့ဖြစ်ဖြစ်၊ ကိုယ့်ထက် အသက်အရွယ်အရ၊ ဝါအရ ကြီးတဲ့သူမျိုးဆိုရင် လေးစားစွာဆက်ဆံတတ်ရပါတယ်။အမှန်တော့ ရွယ်တူချင်းလည်း လေးစားမှုထားသင့်ပါတယ်။ ကိုယ်တိုင်က လေးစားသင့်တဲ့သူတွေကို လေးစားစွာဆက်ဆံတတ်သလိုပဲ၊ ကိုယ့်ကို အခြားသူတွေက ပြန်ပြီး လေးစားမှုထားတာမျိုးကို လူတိုင်းကလိုချင်တတ်ကြပါတယ်။ အဲဒါကြောင့် ကိုယ့်ကို အခြားသူများလေးစားအောင် ဘယ်လိုနေထိုင်သင့်သလဲဆိုတာလေးကို ဖော်ပြပေးချင်ပါတယ်။


၁) ကိုယ်တိုင်က respect ရှိပါ။
ကိုယ့်ကို သူများက လေးစားမှုထားတာ လိုချင်ရင် အရင်ဆုံး ကိုယ်ကိုတိုင်က အခြားသူများအပေါ် လေးစားမှုပေးရမှာဖြစ်ပါတယ်။ ကိုယ်တိုင်ကိုက အခြားသူများကို မလေးမစားဆက်ဆံတတ်ခဲ့မယ်ဆိုရင် အခြားသူများရဲ့စိတ်ထဲမှာ သင့်ကိုလေးစားစရာကောင်းတဲ့သူအဖြစ် သတ်မှတ်တော့မှာမဟုတ်ပါဘူး။ လူတွေရဲ့သဘောကိုက ကိုယ်ကအရင်စပြီး လိုချင်တတ်ကြတာမဟုတ်လား။ အဲဒါကြောင့် အခြားသူများကို အရင်လေးစားစွာ ဆက်ဆံတတ်ပါစေ။ အဲဒီအခါမှသာ သင့်ကို အခြားသူများကလည်း လေးစားစရာကောင်းတဲ့လူတစ်ယောက်အဖြစ် မြင်မှာဖြစ်ပါတယ်။

၂) ကိုယ်တိုင်မကြိုက်တဲ့အပြုအမူမျိုးကို ကိုယ်တိုင်ကစမလုပ်မိပါစေနဲ့။
တစ်ချို့တွေရှိပါတယ်….ကိုယ်တိုင်ကျတော့ သူများမကြိုက်တာ ကြိုက်တာ နားမလည်ဘဲ မလေးမစားအပြုအမူမျိုး သူများကို အရင်စလုပ်တတ်ပါတယ်။ တဖက်က ခံလိုက်ရတဲ့သူကလည်း မကောင်းတတ်လို့ အောင့်သက်သက်နဲ့ခံလိုက်ရပေမယ့် နောင်တစ်ချိန် အလှည့်ရောက်လာလို့ သင့်ကို ထိုအပြုအမူမျိုးပြန်လုပ်မယ်ဆိုရင် သင်ကြိုက်ပါ့မလား စဉ်းစားပါ။ အဲဒါကြောင့် ကိုယ်တိုင်မကြိုက်တဲ့ အပြုအမူမျိုးကို သူများကိုလည်း မလုပ်မိပါစေနဲ့။ သင့်ရဲ့ငယ်ပေါင်းကြီးဖော်သူငယ်ချင်းတစ်ယောက်က နယ်ပယ်တစ်ခုခုမှာ
ဆရာနေရာရောက်နေတယ်ဆိုပါတော့။ သင့်သူငယ်ချင်းရဲ့လုပ်ငန်းခွင်တစ်နေရာမှာ သင်က သူရဲ့ငယ်စဉ်က ငယ်ကျိုးငယ်နာတွေ သူ့ရဲ့တပည့်တွေရှေ့မှာ ပိုးဆိုးပက်စက်ပြောမယ်ဆိုရင် သင့်သူငယ်ချင်းဘယ်လိုခံစားရမလဲ။ သင်ကတော့ ငယ်ပေါင်းသူငယ်ချင်းမို့ပြောပေမယ့် သင့်သူငယ်ချင်းအပေါ်မလေးမစားလုပ်လိုက်တာပါပဲ။ သင့်သူငယ်ချင်းခမြာ သူ့တပည့်တွေရှေ့မှာ ဘယ်လိုဖြစ်သွားမလဲ၊ အဲဒါအပြင် သင့်သူငယ်ချင်းရဲ့တပည့်တပန်းတွေက သင့်သူငယ်ချင်းကိုတောင် respect မထားနိုင်တော့တာမျိုးဖြစ်သွားတယ်ဆိုရင် ကောင်းပါ့မလား။ အလားတူဖြစ်ရပ်မျိုးသင့်ကို သင့်သူငယ်ချင်းက သင့်ရဲ့အလုပ်ခွင်နယ်ပယ်မှာ ပြန်လုပ်မယ်ဆိုရင်ကော သင်ကြိုက်ပါ့မလား။ အဲဒါက ရွယ်တူချင်းထားသင့်တဲ့ respect ပါပဲ။ လေးစားမှုက စာသားလေးကသာ လေးငါးလုံးရှိတာပါ၊ နားမလည်တဲ့သူအတွက် သင်ပေးရတာ အင်မတန်မှ ခက်ခဲပါတယ်။ အဲဒါကြောင့် ကြီးသူကိုလည်း ရိုသေမှုနဲ့လေးစားပါ၊ ငယ်သူကိုလည်း သနားကြင်နာစိတ်နဲ့လေးစားပါ၊ ရွယ်တူချင်းလည်း ကိုယ်ချင်းစာစိတ်လေးထားပြီး လေးစားသင့်ပါတယ်။

၃) မျှမျှတတတွေးပေးပါ။
အထက်က ပြောခဲ့သလိုပါပဲ။ ငါ့နေရာမှာသာ သူဆိုရင်…..ဆိုတဲ့စိတ်လေးထားပြီး နှစ်ဦးနှစ်ဖက် မျှမျှတတတွေးပေးတတ်တဲ့သူကို လူတိုင်းလိုလို လေးစားချင်စိတ်ဖြစ်ပေါ်တတ်ပါတယ်။ အဲဒါကြောင့် သင့်ကို အခြားသူများလေးစားစေချင်တယ်ဆိုရင် ကိုယ့်တစ်ဖက်တည်းမကြည့်ဘဲ မျှတစွာတွေးခေါ်ပေးပါ။ မျှတစွာ လုပ်ဆောင်ပေးပါ၊ မျှတစွာ စဉ်းစားပေးတတ်သူကို အခြားသူများက လေးစားတတ်ပါတယ်။

၄) ကတိတည်ပါစေ။
ကတိတည်ဖို့လည်း လိုပါသေးတယ်။ သင့်ကို ဝါအရ၊ အသက်အရ၊ အလုပ်နေရာအရ စသည်ဖြင့် အကြောင်းတခုခုကြောင့် လေးစားချင်စိတ်ဖြစ်နေတဲ့သူတွေကို သင်ဖျက်လိုက်တဲ့ကတိတစ်လုံးကြောင့်ပဲ လေးစားချင်စိတ်ပျောက်သွားစေတတ်ပါတယ်။ တစ်ခါနှစ်ခါဆို မသိသာတတ်သေးပေမယ့် အခါများလာတဲ့အခါ သင့်စကားကိုဘယ်သူကမှ အလေးအနက်မထားတော့ပါဘူး။ လေးစားမှုလည်း မရှိတတ်ကြတော့ပါဘူး။ အဲဒါကြောင့် အခြားသူများက သင့်ကိုလေးစားမှုရှိစေချင်ရင် ကတိတည်တတ်ပါစေ။

၅) အပြောနဲ့အလုပ်နဲ့ညီပါစေ။
ဒီအချက်ကလည်း အထက်က ကတိနဲ့တော့ ဆင်ပါတယ်။ ဒါပေမယ့် ကတိဆိုတာကတော့ လုပ်ပါ့မယ်လို့ သေချာယတိပြတ်ပြောထားတာမျိုးပါ။ အပြောနဲ့အလုပ်နဲ့ညီဖို့ကတော့ အသင်းအဖွဲ့တစ်ခုမှာ ဒီအလုပ်တစ်ခုကို လုပ်ကြမယ်ဟေ့ဆိုပြီး ဆော်သြလိုက်တယ်ဆိုရင် ဆော်သြလိုက်တဲ့သူကိုယ်တိုင်က အားကျိုးမာန်တက်လုပ်ပြရတာမျိုးကို ပြောချင်တာပါ။ သင်လည်း ကြုံဖူးမှာပါ။ ပရဟိတလုပ်မယ်ဟေ့….ဆိုပြီး လူစု၊ အခြားသူတွေက စိတ်ရောကိုယ်ပါဝိုင်းကူနေချိန်မှာ ဆော်သြလိုက်တဲ့သူက ဘယ်ရောက်နေမှန်းမသိတာမျိုးပေါ့။ အဲလိုပါပဲ။ သင့်ကိုအခြားသူများလေးစားမှုရှိစေချင်ရင် သင်ကိုယ်တိုင်က အပြောနဲ့အလုပ်ညီပါစေ။ ဟန်ကိုယ်ဖို့ မဖြစ်ဖို့လိုပါတယ်။ ကိုယ်တိုင်က ထဲထဲဝင်ဝင် လုပ်ဆောင်ပေးပါ။ အဲဒါက သင့်ကိုလူအများက လေးစားချင်စိတ်ဖြစ်လာစေပါတယ်။
အထက်ပါအချက်တွေက အကြမ်းဖျင်းအားဖြင့် အခြားသူများအပေါ်မှာလည်း
သင်ကိုယ်တိုင်လေးစားမှုထားသင့်မထားသင့်ဆုံးဖြတ်တဲ့အချက်တွေဖြစ်မယ်ထင်ပါတယ်။
အဲဒါကြောင့် အခုကစပြီး သင်ကိုယ်တိုင်အခြားသူများကို လေးစားစွာဆက်ဆံခြင်းက သင့်အပေါ်လည်း အခြားသူများလေးစားစွာဆက်ဆံတတ်လာစေပါတယ်။
အပြန်အလှန်လေးစားမှုထားနိုင်ကြပါစေ။#Bawa101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။