ဖောက်ပြန်တတ်တဲ့ချစ်သူသို့……

ကျွန်တော်တို့ပတ်ဝန်းကျင်မှာ၊ ဆိုရှယ်မီဒီယာပေါ်မှာ၊ မကြာခဏဆိုသလို ဖောက်ပြန်သွားတဲ့အိမ်ထောင်ရေး၊ ဖောက်ပြန်သွားတဲ့ချစ်သူဆိုတာမျိုးတွေ မကြာခဏ ကြားဖူးကြမှာပါ။ ဘာကြောင့်ဖောက်ပြန်ကြသလဲဆိုတဲ့မေးခွန်းသာ ရှိပေမယ့် အဖြေကတော့ ရေရာစွာမပေးနိုင်ကြပါဘူး။ ဖောက်ပြန်ခံရတဲ့သူကို ကြည့်လိုက်ရင်လည်း ဖောက်ပြန်ရလောက်အောင် ညံ့ဖျင်းဆိုးရွားတဲ့သူမျိုးတွေ မဟုတ်တာကို တွေ့ရပြန်ပါတယ်။ ပြန်သုံးသပ်ကြည့်လိုက်မယ်ဆိုရင် ဖောက်ပြန်တတ်တဲ့လူဖြစ်နိုင်တဲ့အချက်က အဓိက အချက်ကြီး ၃ချက်ကြောင့်ပဲဖြစ်နိုင်ပါတယ်။


၁) ဗီဇကိုမဖျောက်နိုင်လို့
ဖောက်ပြန်တတ်တဲ့သူကို ချစ်သူ(သို့) အိမ်ထောင်ဖက်အဖြစ်ပိုင်ဆိုင်ထားရရင် သင်မှတ်ထားရမယ့်အဓိက အချက်ကတော့ ဖောက်ပြန်တတ်တဲ့သူက သင့်ကိုဘယ်လိုပဲနောက်မလုပ်တော့ပါဘူးလို့ ကတိခံထားပါစေ။ သင်လစ်တာနဲ့ဖောက်ပြန်မှာပါပဲ။ ဖောက်ပြန်ရတဲ့အကြောင်းရင်းကိုက သူတို့ရဲ့နဂိုဗီဇကြောင့်ဖြစ်နိုင်တာမို့ သေတဲ့အထိ ဗီဇကိုပြင်မယ့်သူတွေမဟုတ်ပါဘူး။

၂) အသစ်အဆန်း၊သာယာမှုနဲ့ ကိုယ့်လက်ရှိချစ်သူထက်သာလွန်မှုတခုခုကို တပ်မက်လို့
ဒုတိယဖြစ်နိုင်ချေများတာကတော့ အထိတွေ့ကိုသာယာတာမျိုးဖြစ်နိုင်သလို၊ ကိုယ့်လက်ရှိချစ်သူနဲ့ချစ်နေတဲ့အချစ်တွေ တည်ငြိမ်သွားချိန်မှာ ဂယက်ထအောင်လာချစ်ပြတတ်တာကို အသစ်အဆန်းတစ်ခုလိုခံစားမိသွားတာလည်းဖြစ်နိုင်ပါတယ်။ နောက်ထပ်ဖြစ်နိုင်ချေကတော့ ကိုယ့်လက်ရှိချစ်သူပိုင်ဆိုင်ထားတဲ့ ပိုင်ဆိုင်မှုနဲ့ အရည်အချင်းတွေထက် နောက်တစ်ယောက်က သာလွန်တယ်လို့ထင်ပြီး သာလွန်မှုကိုသာယာသွားတာဖြစ်နိုင်ပါသေးတယ်။ ဘယ်လိုဖြစ်ပါစေ။ ထိုကဲ့သို့ ကိုယ်ကလွဲပြီးနောက်တစ်ယောက်သာယာတတ်တဲ့သူကတော့ နောက်ထပ်အသစ်အဆန်းတွေတွေ့လည်း သာယာအုံးမှာပါပဲ။

၃) ဝဋ်ကြွေးပါလာလို့
နောက်ဆုံးအချက်ကတော့ ကိုယ့်မှာမှ ဒီလိုအဖြစ်အပျက်မျိုးနဲ့ခံစားရဖို့ အတိတ်ကဝဋ်ကြွေးကို ပါလာလို့ဖြစ်မှာပါ။ ကိုယ့်ရဲ့အတိတ်ဘဝက မမြင်နိုင်တဲ့အကုသိုလ်အကျိုးပေးချိန်ရောက်လာရင် ရှောင်လွဲလို့ မရနိုင်ပါဘူး။ အဲဒါကလည်း ဖြစ်နိုင်ချေရှိတဲ့အကြောင်းရင်းတစ်ခုပါပဲ။
ဘယ်လိုပဲဖြစ်ပါစေ။ ကိုယ်က ဖောက်ပြန်တတ်တဲ့ချစ်သူကို ပိုင်ဆိုင်ထားမိတဲ့အခါ ဘာလုပ်သင့်ပါသလဲ။ ခုလက်ရှိအချိန် ဖောက်ပြန်ခံရသူမှာ လုပ်ရက်လေခြင်း….ဆိုတဲ့စိတ်ကြောင့် နာကျင်ထိခိုက်နေမှာအသေအချာပါပဲ။ သွေးပူနေချိန်မှာတော့ သင်ဆုံးရှုံးလိုက်ရတဲ့လူကို သင်ပြန်လိုချင်နေမှာဖြစ်ပေမယ့် ထိုလူမျိုးကိုသင်ပြန်ပြီး ပိုင်ဆိုင်ရခဲ့သည်ရှိသော် နောက်ထပ်အသစ်အဆန်းမြင်တဲ့အခါ ထိုလူမျိုးက ထပ်ပြီး မဖောက်ပြန်ဘူးလို့ အာမခံနိုင်ပါဘူး။ အဲဒီ့အခါ သင်ထပ်ပြီး နာကျင်ရအုံးမှာပါပဲ။ အဲဒီလိုနဲ့ သင်ရင်ခွင်ထဲက သူကထွက်သွားလိုက်၊ သင့်မှာနာကျင်လိုက်နဲ့ အနာပေးလိုက် ဆေးပေးလိုက်လုပ်တာမျိုး ခံနေရအုံးမှာဖြစ်ပါတယ်။ အဲဒီလိုဖြစ်နေခြင်းက သင့်ဘဝရဲ့တန်ဖိုးရှိတဲ့အချိန်တွေကို သူ့ကိုစောင့်မျှော်နေရင်းနဲ့သာ အချိန်ကုန်သွားရပါလိမ့်မယ်။ သင့်ဘဝလည်း အသစ်တဖန်ပြန်မစနိုင်တော့ပါဘူး။
“အထက်ဆုံးဓားက နာကျင်မှုအသက်သာဆုံးပါပဲ” ဆိုတာကို သတိရပါ။ လက်ရှိအချိန်မှာ သင်နာကျင်နေတာက သင်ပြတ်သားနိုင်ရင် ဒီတစ်ခါပဲ နာကျင်ခံစားရမှာပါ။ နာကျင်မှုပြေပျောက်စေဖို့ သင့်ဘဝတိုးတက်စေမယ့်အရာတွေကိုလုပ်ရင်း နာကျင်မှုကို ကုစားလို့ရပါတယ်။ အချိန်တခုအရောက်မှာ သင့်ဘဝလည်း ထင်ထားတာထက် ပိုပြီး အရည်အချင်းနဲ့ပြည့်ဝလာစေသလို၊ ဒဏ်ရာကလည်း အမာရွတ်အဖြစ်သာကျန်နေပါလိမ့်မယ်။ အချိန်လည်း အလကားမကုန်ဆုံးတော့ပါဘူး။
ကိုယ့်ကိုမလိုချင်လို့ ထွက်သွားတဲ့လူဆိုတာ ကိုယ့်အတွက် မစစ်မှန်လို့ပါ။ ထွက်သွားတဲ့အတွက် နာကျင်ရတာမှန်ပေမယ့် ကိုယ့်အတွက်မဟုတ်တဲ့သူကို ကိုယ်ဘဝနစ်မွန်းခံ၊ အချိန်ကုန်ခံပြီး စောင့်နေစရာမလိုပါဘူး။ ထိုလူမျိုးက တစ်ဖက်လူက မဟန်လို့ သင့်ထံပြန်လာရင်တောင် သင့်အနားမှာ နေပြီး အခြားလူတွေကို မျက်စပစ်နေအုံးမှာပါပဲ။ သင်ထပ်ပြီး လက်ခံထားရင်သာ သူ့ကို တချိန်လုံး သံသယဝင်နေရင်း သင်ပါ စိတ်ရောဂါစွဲသွားနိုင်ပါတယ်။ သစ္စာမရှိသူကို သင့်အနားမရရအောင် ပြန်ခေါ်ထားခြင်းက သင့်ကိုသင်နှိပ်စက်နေတာပါပဲ။
အဲဒါကြောင့် သစ္စာမရှိသူမျိုး သင့်အနားက အဝေးဆုံးထွက်သွားတာက သင့်ဝဋ်ကြွေးကုန်သွားတာပါ။ သင့်ဘဝအတွက် တိုးတက်စေမယ့်အရာတွေ၊ သင့်အရည်အချင်းတိုးတက်စေမယ့်အရာတွေကိုလုပ်ရင်း သင့်အတွက် စစ်မှန်တဲ့ရင်ခွင်တစ်ခုကို သင်ပိုင်ဆိုင်ဖို့အခွင့်အရေးရလာအုံးမှာပါလို့ အားပေးလိုက်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။