နှေးတာကအရေးမကြီးပါဘူး။ ရပ်မနေဖို့ပဲလိုပါတယ်။
ဒီစကားကို ကြားဖူးနေလိမ့်မယ်ထင်ပါတယ်။ တကယ်တော့ သင့်ရည်မှန်းချက်တွေဆီကို ရောက်အောင်သွားတဲ့ခရီးလမ်းမှာ နှေးကွေးနေတာက အရေးမကြီးပါဘူးတဲ့။ အရေးကြီးတာက ရပ်မနေဖို့ပါပဲလို့ ပြောချင်တာပါ။ ကျွန်တော်တို့ ငယ်ငယ်ကတည်းက ကြားဖူးတဲ့ ယုန်နဲ့လိပ်ပုံပြင်လိုပေါ့။ ယုန်ကတော့ အရင်ကတည်းက လျင်မြန်ဖြတ်လတ်တဲ့ အစွမ်းရှိပြီးသားပါပဲ။ လိပ်ကတော့ အားလုံးသိသလို နှေးကွေးလေးလံနေတဲ့သူပါ။ ဒါပေမယ့် လိပ်ရဲ့အားသာချက်က ရပ်မနေတာပါပဲ။ သူ့ရဲ့အားနည်းချက်ကို သူသိပြီး နှေးပါစေ၊ တစိုက်မတ်မတ်နဲ့ တရွေ့ရွေ့သွားနေခဲ့တဲ့အတွက် အနိုင်ရတဲ့သူက လိပ်ဖြစ်နေခဲ့တာပေါ့။
ခုချိန်မှာ အောင်မြင်နေတဲ့သူတွေ၊ ကိုယ်အရမ်းအားကျရလောက်အောင် ထူးချွန်ထက်မြက်နေတဲ့သူတွေကို တွေ့တဲ့အခါ “ဟာ….သူတို့က တော်လိုက်တာ၊” ဆိုတဲ့ စကားရဲ့နောက်ကွယ်မှာ ကျွန်တော်အမြဲတွေးမိတာ တစ်ခုရှိပါတယ်။ အဲဒါက ဘာလဲဆိုတော့ “ဒီလောက်တော်အောင်……သူတို့ဘယ်လိုမျိုးများ ကြိုးစားခဲ့ပါလိမ့်၊ သူတို့ဘယ်လောက်များ အပင်ပန်းခံခဲ့ပါလိမ့်” လို့ အမြဲတွေးဖြစ်ပါတယ်။ ခုလက်ရှိအချိန်မှာ အောင်မြင်နေတဲ့သူတွေ၊ အောင်မြင်ကျော်ကြားလူကြိုက်များနေတဲ့သူတွေဟာ အရင်တစ်ချိန်မှာတုန်းက ဒီလိုအခြေအနေဖြစ်လာအောင် မရပ်မနားကြိုးစားခဲ့ကြမှာပါ။
အဲဒီ့မှာ သုံးသပ်မိတာက ယုန်လို ကိုယ့်အရည်အချင်းကို အထင်ကြီးမိခြင်းက ကိုယ့်အတွက် အဆိပ်အတောက်လိုဖြစ်စေတယ်ဆိုတာပါပဲ။ ဘယ်နေရာမှာမဆို ကိုယ်က အရည်အချင်းရှိပြီးသားမို့ အများကြီးသိပ်ကြိုးစားစရာမလိုပါဘူးဆိုတဲ့ စိတ်က ကိုယ့်ရည်မှန်းချက်ဆီ ရောက်အောင်သွားတဲ့လမ်းမှာ အနှောင့်အယှက်ဖြစ်သွားနိုင်ပါတယ်။ ကိုယ့်ကိုကိုယ် သေချာသိခြင်းကလည်း အရေးကြီးပါတယ်။ ပြီးတော့ ကိုယ့်ကိုကိုယ်အထင်မကြီးမိဖို့လည်း လိုပါတယ်။
၁) ကိုယ့်ရဲ့အားသာချက်၊ အားနည်းချက်က ဘာလဲဆိုတာ သိဖို့လိုပါတယ်။ ကိုယ့်ရဲ့အားသာချက်ကို များများအသုံးချပြီး ကိုယ့်ရဲ့အားနည်းချက်ကို များများပြုပြင်နိုင်အောင်ကြိုးစားရပါလိမ့်မယ်။ အဲဒီလိုဖြစ်ဖို့က ကိုယ့်ကိုယ်ကိုယ်အမှန်အတိုင်း သေချာသုံးသပ်ဆင်ခြင်နိုင်ဖို့လိုပါတယ်။ အမှန်အတိုင်းလည်း လက်ခံနိုင်ဖို့လိုပါတယ်။
၂) ကိုယ့်ကိုကိုယ်အထင်မကြီးမိဖို့လိုပါတယ်။ ကိုယ့်ကိုယ်ကိုယ်လုပ်နိုင်တယ်လို့ တွေးတာက ကောင်းပေမယ့် ကိုယ်က အစွမ်းရှိသူမို့ သိပ်အများကြီးအားစိုက်စရာမလိုဘူးလို့တွေးတာကတော့မှားတယ်လို့ဆိုနိုင်ပါတယ်။ အဲဒီ့တော့ အားသာချက်ကို များများအသုံးချပါ။ အားသာချက်ကိုအထင်ကြီးပြီး နောက်ထပ်အားစိုက်မထုတ်ရင်တော့ ဘယ်လောက်ပဲအားသာချက်ရှိပါစေ ။ ကိုယ့်ရဲ့ရည်မှန်းချက်ကို အောင်မြင်အောင်လုပ်နိုင်မှာမဟုတ်ပါဘူး။
၃) အမြဲမပြတ်ကြိုးစားနေပါ။ အထက်ကပြောသလို နားနေတာ၊ ရပ်နေတာက တဖြည်းဖြည်းရှိထားပြီးသားအားသာချက်တွေကိုတောင် မှေးမှိန်လာနိုင်စေပါတယ်။ အားသာချက်ကိုပိုပြီးတိုးတက်လာအောင်ကြိုးစားပြီး အမှားတွေကိုသင်ခန်းစာ၊ အားနည်းချက်ကို ဖြည်းဖြည်းချင်းပြုပြင်သွားရင် အားနည်းချက်နည်းလာတဲ့အချိန်မှာ အားသာချက်ကလည်း ပိုပြီးအရောင်တောင်ပလာပါလိမ့်မယ်။ အကျိုးရလဒ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကိုယ့်ရည်မှန်းထားတဲ့လမ်းပေါ်မရပ်မနားဘဲ ဆက်လျှောက်နေသင့်ပါတယ်။
၄) အချိန်တစ်ခုသတ်မှတ်ပါ။ အမြဲတော့ကြိုးစားနေတာပါပဲ။ သေချာအစီအစဉ်မချမှတ်ထားပြီး အချိန်တစ်ခု တနည်းအားဖြင့် ဘယ်အချိန်မှာ ဘယ်အဆင့်လောက်ဖြစ်မြောက်နေရမယ်ဆိုတဲ့ အချိန်သတ်မှတ်ချက်မျိုးလည်း လိုပါတယ်။ အဲဒါမှ အဲဒီ့သတ်မှတ်ထားတဲ့အချိန်ကို target လုပ်ပြီး ကြိုးစားမှသာ ပန်းတိုင်တွေ တစ်ခုပြီးတစ်ခုဖြစ်မြောက်လာနိုင်မှာပါ။ အဲဒီလိုမဟုတ်ရင်တော့ ရေစုန်မှာမြောနေသလို ပန်းတိုင်စိုက်ထူနိုင်မှာမဟုတ်ပါဘူး။
အဲဒါကြောင့် ကွန်ဖြူးရှပ်ပြောထားတဲ့စကားလေး “It does not matter how slow you go as long as you do not stop.” လိုပါပဲ။ ဘယ်နေရာမှာမဆို ကိုယ်ရည်မှန်းထားတာလေးတွေ ချက်ချင်းမဖြစ်လာနိုင်ပါဘူး။ ကိုယ့်ရည်မှန်းချက်ကို နှေးပါစေ၊ ဆက်လျှောက်သွားသွားပါ။ ရပ်မနေဖို့ပဲလိုပါတယ်။ ကိုယ်ရည်မှန်းထားတဲ့လမ်းကြောင်းပေါ်ကို စိတ်ရှည်ရှည်နဲ့ မရပ်မနားဆက်လျှောက်သွားရင် တစ်နေ့မဟုတ် တစ်နေ့တော့ ပန်းတိုင်ကိုရောက်မှာပါလို့ တိုက်တွန်းလိုက်ရပါတယ်။