နာကျင်မှုတွေဆီကနေ သင်ခန်းစာတစ်ခုရအောင်ယူတတ်ပါစေ။

လူတိုင်းကိုယ်စီမှာ trauma ကိုယ်စီတော့ ရှိကြမယ်ထင်ပါတယ်နော်။ မတူကြတာပဲရှိမယ် ကိုယ့်အထိမခံနိုင်အောင် အထိခိုက်မခံနိုင်ကြတဲ့ နာကျင်မှုတစ်မျိုးစီတော့ရှိကြမှာပါ။ ဒါပေမယ့် အဲဒီ့နာကျင်မှုကို နာကျင်မှုအတိုင်းပဲ ဆက်လက်ခံထားမလား၊ အဲဒီ့နာကျင်မှုကို လက်ခံမယ်၊ အဲဒီ့နာကျင်မှုကနေ ကိုယ့်အတွက် တနည်းနည်းနဲ့အကျိုးရှိနိုင်တဲ့ သင်ခန်းစာတစ်ခုခုယူပြီး ကိုယ့်ဘဝကို အကျိုးရှိအောင်လုပ်မလားဆိုတဲ့အပေါ် မူတည်ပြီးတော့ပဲ နာကျင်မှုကို တုံ့ပြန်ပုံခြင်း ကွဲပြားသွားတာပါပဲ။


လွန်ခဲ့တဲ့ရက်ပိုင်းက ညီမလေးတစ်ယောက်က ကိုယ်ဝန်ဆောင်ရတာနဲ့ပတ်သက်ပြီး စကားစပ်မိပါတယ်။ လက်ထဲမှာ ငွေမလောက်မငနဲ့ ဆေးရုံသွားရတဲ့အခါ မျက်နှာငယ်ပြီး နာကျင်ခံစားခဲ့ရတဲ့အကြောင်းပေါ့။ အဲဒီ့အခါ ကိုယ်တွေခံစားခဲ့ရတဲ့ နာကျင်မှုကို ပြန်သတိရသွားမိပါတယ်။ နာကျင်မှုတွေက အမာရွတ်သာကျန်ခဲ့ပေမယ့် ပြန်တိုက်ဆိုင်လာတိုင်း နာကျင်ရစမြဲပါပဲ။ ကိုယ့်ရဲ့နာကျင်မှုဟာလည်း ကိုယ်ဝန်ဆောင်ချိန်မှာထိခိုက်ခံစားခဲ့ရတဲ့အတွက်ကြောင့်ကို တိုက်ဆိုင်လာတဲ့အခါ သူ့နာကျင်မှုကို အပြည့်အဝနားလည်မိပါတယ်။ မကြာသေးခင်ကမှ ဖတ်လိုက်မိတဲ့ စာသားလေးတစ်ခုလိုပေါ့ (ဘယ်သူရေးမှန်းတော့မသိပါဘူး) “သင့်မှာ ဒဏ်ရာတွေမရှိမချင်း သင်က ဒဏ်ရာရှိတဲ့လူတွေကို ကိုယ်ချင်းစာတတ်မှာမဟုတ်ပါဘူးတဲ့ ။ အရမ်းမှန်တဲ့စကားလေးပါပဲ။ ကိုယ့်ဘဝမှာရခဲ့ဖူးတဲ့ဒဏ်ရာတွေဟာ ကိုယ့်လိုနာကျင်သူကိုတွေ့ရတဲ့အခါ အသစ်လိုပြန်ခံစားလာရတတ်ပါတယ်။

ကိုယ့်ရဲ့အသက် ၂၂နှစ်တိတိမှာ ကိုယ်ဝန်ဆောင်ရတဲ့အခါ လက်ထဲမှာ ငွေအများကြီးစုဆောင်းမိတာမျိုးမရှိခဲ့ပါဘူး။ ပြဿနာက ဆေးရုံရောက်တဲ့အခါမှာ နဖူးတွေ့ဒူးတွေ့ကြုံရတော့တာပါပဲ။ သွေးစစ်လိုက်တဲ့အဖြေမှာ အသည်းရောင်အသားဝါ ဘီ ပေါ့စတစ်ဖြစ်တဲ့အတွက် ကိုယ့်ရဲ့သန္ဓေသားမထိခိုက်ဖို့အတွက် အရေးပေါ်ချက်ချင်းဆေးထိုးဖို့ရာ ငွေတစ်သိန်းတိတိပြည့်မှ ဝယ်လို့ရမှာမို့ ချက်ချင်းကို ငွေကလိုလာတဲ့အခါ ကိုယ့်လက်ထဲက တတိတိနဲ့ပဲ့သွားတဲ့ငွေလေးကိုကြည့်ရင်း နာကျင်ခဲ့ရတဲ့ခံစားချက်က ခုနေပြန်တွေးတိုင်း မလိုချင်လောက်အောင် နာကျင်ရပါတယ်။ ခပ်လွယ်လွယ်ပြောရရင်တော့ “ကိုယ့်ကလေးအတွက် ကိုယ်တိုင်မပြင်ဆင်ထားတာ ကိုယ့်အပြစ်ပေါ့” တကယ်လည်း အဲဒီ့က ရခဲ့တဲ့နာကျင်မှုဟာ အသည်းထဲစွဲနေခဲ့တာပါ။ ဘယ်တော့မှ သေချာမပြင်ဆင်ဘဲ ကလေးတစ်ယောက်မွေးမြူဖို့ မဖြစ်နိုင်ဘူးဆိုတဲ့အသိက ဘဝနဲ့ချီပြီးရခဲ့တဲ့သင်ခန်းစာပါ။ ကိုယ်တိုင် ဆေးရုံကို ငွေမလုံမလောက်နဲ့သွားရတဲ့အခါ ခံစားရတဲ့ စိုးရိမ်ခြင်း၊ အားငယ်ခြင်း၊ ဝမ်းနည်းခြင်း၊ ကူကယ်ရာမဲ့ခြင်းဆိုတဲ့ ခံစားချက်ပေါင်းစုံကို ကိုယ်တိုင်နာကျင်ဖူးသူမို့ တပါးသူ နာကျင်နေတာကို ထပ်တူနားလည်မိတာပါပဲ။ နာကျင်မှုခြင်း ကိုယ်ချင်းစာမိတဲ့အခါကျတော့ တဖက်လူကို ခပ်လွယ်လွယ် အပြစ်မတင်ရက်တော့ပါဘူး။ အရပ်စကားနဲ့ပြောမယ်ဆိုရင် “ ကြိုပြင်ဆင်ထားရမှာ မပြင်ဆင်ထားတဲ့အတွက် ခံပေါ့၊ နည်းတောင်နည်းသေးတယ်” လို့ တဖက်သားထပ်ပြီးနာကျင်သွားမယ့်စကားမျိုး ပြောမထွက်တော့ပါဘူး။
လူတိုင်းလူတိုင်းမှာ ကိုယ်မသိနိုင်တဲ့ နာကျင်မှုတွေ ၊ အခက်အခဲတွေ ရှိမှာပဲဆိုတဲ့စိတ်က နာကျင်မှုကို ထပ်တူခံစားနားလည်သွားတဲ့အခါ ဖြစ်လာတဲ့ကိုယ်ချင်းစာစိတ်ပါပဲ။ ကိုယ်တိုင်ကတော့ အဲဒီ့အချိန်မှာ “ကိုယ့်ရဲ့သားသမီးဟာ အသည်းရောင်ဘီနဲ့သေဆုံးသွားခဲ့ရင်.......” ဆိုတဲ့ နာကျင်ကြောက်လန့်မှု့ကို နာကျင်လွန်းလို့ ဘယ်တော့မှ အလားတူဖြစ်ရပ်မျိုးမဖြစ်စေရဘူး....လို့ ပြတ်သားတဲ့ဆုံးဖြတ်ချက်ချမိခဲ့တာပါပဲ။
မကြာသေးခင်က ပရဟိတနာမည်ကြီးမင်းသမီးရဲ့‌ဂေဟာရှေ့မှာ ကလေးတွေလာပြီး စွန့်ပစ်တာ ရက်ဆက်ဖြစ်လာတယ်လို့ သတင်းတွေကြားမိပါတယ်။ အလားတူဂေဟာတစ်ခုမှာ ဆရာမတစ်ယောက်ရေးတဲ့စာအုပ်လေးထဲမှာလည်း “ကလေးမွေးဖို့ဗိုက်လာအပ်ခဲ့ပြီး ကလေးမွေးပြီးတဲ့အခါ ကလေးကို စွန့်ပစ်ခဲ့ကာ နောင်တစ်ချိန်ပြန်တွေ့ချိန်မှာ ထိုမိန်းကလေးကိုပဲ ရည်းစားဖြစ်သူနဲ့တွဲလျက် မျက်နှာချင်းဆိုင်ပြန်တွေ့ခဲ့တယ်” ဆိုတဲ့ စာလေးလည်း ဖတ်ခဲ့မိပါတယ်။ (မှတ်မိသလောက်ပြန်ရေးတာမို့ အနည်းငယ်ကွဲလွဲနေနိုင်ပါတယ်နော်) ဒါတွေကို ဘာလို့‌ရေးပြနေသလဲဆိုရင် အပြစ်ပြောချင်တာထက်စာရင် နာကျင်မှုတွေကနေ သင်ခန်းစာမယူဖြစ်ခြင်းကို သက်သေပြချင်လို့ပါပဲ။
ဘဝမှာ အမှားချင်းမတူတာသာရှိမယ် လူတိုင်းမှားဖူးကြပါတယ်။ အဲဒီ့အမှားတွေဟာလည်း ကိုယ့်ကို နာကျင်စေခဲ့နိုင်ပါတယ်။ ဒါပေမယ့် အဲဒီ့နာကျင်မှုကို ကိုယ့်ဘဝပိုပြီးမှန်ကန်အောင်နေထိုင်သွားဖို့အတွက် သင်ခန်းစာအဖြစ်ယူနိုင်တဲ့အခါ အဲဒီ့လူရဲ့ဘဝဟာ အမြင့်ကိုတက်တဲ့လှေကားကိုတက်သလို တဆင့်မြင့်သွားတာပါပဲ။ ဒါပေမယ့် နာကျင်မှုကို နာကျင်နေတုန်းပဲ တသသခံစားနေပြီး နာကျင်မှုက အမာရွတ်အဖြစ်ပြောင်းသွားတဲ့အခါ ဘာကိုမှမသင်ယူနိုင်ဘဲ အလားတူအမှားကိုချည်းဆက်ကာမှားနေမယ်ဆိုရင်တော့ ဘယ်ဘုရားကမှ အမှားပြင်ပေးလို့မရနိုင်ပါဘူး။ ဘုရားရှင်တောင်မှ တရားပြပြီးဟောပြောလို့ ကျွတ်နိုင်မယ့်သူကိုသာ ကျွတ်တမ်းဝင်အောင်ချွတ်နိုင်တာမဟုတ်လား။ ဒါသည်လည်း တပါးသူအပြစ်ကိုထောက်ချင်လို့မဟုတ်ပါဘူး။ အမှားထဲကနာကျင်မှုတွေကြုံရတဲ့အခါ နာကျင်မှုကို သင်ခန်းစာယူခြင်းနဲ့မယူခြင်းကို ခွဲခြားပြလိုခြင်းသာဖြစ်ပါတယ်။

အဲဒီ့တော့ ကျွန်မတို့က အခြားသူတွေရဲ့အမှားနဲ့နာကျင်မှုတွေအတွက် ကိုယ်ချင်းစာစိတ်နဲ့တွေးပေးနိုင်တာကလွဲပြီး နာကျင်မှုကနေ သင်ခန်းစာယူနိုင်ခြင်း၊ မယူနိုင်ခြင်းကို မကန့်သတ်ပေးနိုင်ပါဘူး။ ကျွန်မတို့ဘဝမှာ ကြုံရတဲ့ အမှားအချို့နဲ့ နာကျင်မှုအချို့ကိုသာ ကန့်သတ်ထိန်းချုပ်နိုင်တာဖြစ်ပါတယ်။ အဲဒီ့အတွက် ကိုယ်မှားခဲ့တဲ့အမှားမျိုး၊ နာကျင်ခဲ့တဲ့နာကျင်မှုမျိုးကို ထပ်ခါထပ်ခါ မကြုံရစေဖို့
နာကျင်မှုတွေတိုင်းက သင်ခန်းစာရအောင်ယူပါ။ အဲဒီ့သင်ခန်းစာတိုင်းက လူတစ်ယောက်ရဲ့အတွေးအခေါ်နဲ့ ဘဝကိုပြောင်းလဲသွားစေနိုင်ပါတယ်။အဲဒါကြောင့် နာကျင်မှုတွေဟာ သင်ပိုရင့်ကျက်လာစေဖို့ရလာတယ်ဆိုတာကို မေ့မပစ်လိုက်ပါနဲ့။ အဲဒီ့နာကျင်မှုတွေကြောင့် သင့်ဘဝပိုပြီး အမှားနည်းလာအောင် ကြိုးစားပါ။ သင့်ဘဝပိုပြီး အဆင်ပြေလာအောင်ကြိုးစားပါ။ သင့်ဘဝပိုပြီးအေးချမ်းလာအောင်ကြိုးစားပါ။
နာကျင်မှုတွေက ဆိုးဝါးကောင်းဆိုးဝါးနိုင်ပေမယ့် သင့်အတွက် အဖိုးမဖြတ်နိုင်အောင် တန်ဖိုးရှိတဲ့သင်ခန်းစာတွေဖြစ်လာပါစေလို့ တိုက်တွန်းလိုက်ပါတယ်နော်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။