မိမိရရှိပိုင်ဆိုင်ထားတဲ့ဘဝကိုသာ အကောင်းဆုံးရှင်သန်ပါ။

လူအတော်များများက ကိုယ်ရရှိပိုင်ဆိုင်ထားတဲ့ဘဝမှာ အပူသောကတွေ၊ စိတ်ဆင်းရဲမှုတွေ၊ အခက်အခဲတွေနဲ့ အကြပ်အတည်းတွေကိုသာ မြင်ဖို့လွယ်ကူတတ်ကြပါတယ်။ ကိုယ့်ဘဝရဲ့ခါးသီးမှုတွေကို ခံစားနေတတ်ကြပြီး အခြားသူများရဲ့ပျော်ရွှင်မှုကိုမြင်ပြီး အားကျနေတတ်ကြတာများပါတယ်။ များသောအားဖြင့် အခြားသူတွေမှာလည်း အခက်အခဲတွေ၊ ဒုက္ခတွေရှိတယ်ဆိုတာကို မမြင်နိုင်ကြပါဘူး။ အဲဒီ့အခါမှာ ကိုယ့်ဘဝသည်သာ ပူလောင်လွန်းနေတယ်လို့ မြင်တတ်၊ ခံစားလာရပြီး အခြားသူတွေဘဝကတော့ ကိုယ့်ထက်သာတဲ့ဘဝကို ပိုင်ဆိုင်ထားတယ်လို့အထင်ရောက်လာတတ်ပါတယ်။ အဲဒီလိုအထင်ရောက်တာနဲ့တပြိုင်နက် ကိုယ့်ဘဝကို ကိုယ်အားမလိုအားမရဖြစ်လာပါတယ်။ ဘဝမှာနေရတာပိုပြီး စိတ်မပျော်နိုင်တော့ပါဘူး။


တကယ်တော့ လူတိုင်းဟာ ကိုယ်စီ ဘဝတိုက်ပွဲကို ရင်ဆိုင်နေရတဲ့သူတွေချည်းပါပဲ။ ရင်ဆိုင်နေရပုံခြင်းသာ မတူတာဖြစ်ပါတယ်။ ငွေမရှိတဲ့သူတွေဟာ ငွေရဖို့အတွက် ပူလောင်နေရသလို၊ ငွေရှိနေသူများကြပြန်တော့လည်း ရှိပြီးသားငွေနဲ့စည်းစိမ်မလျှော့ပါးအောင် ပူလောင်နေရပြန်ပါတယ်။ တစ်နေ့လုပ်မှတစ်နေ့စားရတဲ့ လက်လုပ်လက်စားတွေကလည်း အလုပ်မလုပ်နိုင်တဲ့အခါ ပူလောင်နေရသလို၊ စည်းစိမ်ချမ်းသာတဲ့သူတွေကလည်း သူတို့ရဲ့စည်းစိမ်တွေ လျှော့ပါးလာမှာ၊ နည်းပါးလာမှာကို ကြောက်လန့်ပူလောင်ရင်း အလုပ်တွေတိုးသထက်တိုးအောင် လုပ်ကိုင်နေရတာပါပဲ။ အဲဒါကြောင့် ဘယ်သူ့ဘဝကတော့ သာယာပျော်ရွှင်နေပြီး ကိုယ့်ဘဝကျမှ ပူလောင်ဆင်းရဲနေလိုက်တာလို့ မထင်နေပါနဲ့။ လူရယ်ဖြစ်လာရင် အားလုံးဟာ သူ့အပူနဲ့သူချည်းပါပဲ။ အဓိကကတော့ ကိုယ်ရရှိပိုင်ဆိုင်ထားတဲ့ဘဝကို အကောင်းဆုံးဖြတ်သန်းဖို့ပါပဲ။ အခြားသူတွေအောင်မြင်နေတာကြည့်ပြီး ကိုယ့်ဘဝကိုအောင်မြင်အောင် မကြိုးစာနိုင်ရင် ကိုယ်ပဲအချိန်ကုန်မှာမဟုတ်လား။ အခြားသူတွေပျော်ရွှင်နေတာကိုကြည့်ပြီး ကိုယ့်ဘဝကျပျော်ရွှင်အောင်မနေတတ်ရင် ကိုယ်ပဲနစ်နာတာမဟုတ်လား။ အခြားသူတွေ တဆင့်ထက်တဆင့် ဘဝတိုးတက်သွားတာကြည့်ပြီး ကိုယ့်ဘဝဒီထက်မတိုးတက်နိုင်ရင် ကိုယ်ပဲအချိန်အလကားကုန်သွားရမှာမဟုတ်လား။ အဲဒီ့တော့ ကိုယ်ရထားတဲ့ဘ၀ ဘယ်လောက်ဆိုးပါတယ်ပြောပြော ကိုယ့်ဘဝနဲ့ကိုယ် အကောင်းဆုံးဖြစ်အောင် ရှင်သန်နိုင်ဖို့သာ အရေးကြီးတာပါ။

“Make your life a masterpiece; imagine no limitations on what you can be, have or do.”
– Brian Tracy ပြောထားသလို သင့်ဘဝကို အကောင်းဆုံးလက်ရာမြောက်ဆုံးဖြစ်အောင် ရှင်သန်ပါတဲ့။ သင်လုပ်နိုင်တာကို ကန့်သတ်မထားပါနဲ့တဲ့။ ပြောချင်တာက သင်က ဘယ်အရာကိုတော့လုပ်နိုင်မယ်၊ ဘယ်အရာကိုတော့ လုံးဝမလုပ်နိုင်ဘူးလို့ မတွေးထားဘဲ ကိုယ်လုပ်နိုင်တာကို အဆုံးစွန်ထိ အကောင်းဆုံးဖြစ်အောင် ကြိုးစားဖို့ပါ။ ဘဝမှာရှင်သန်ခြင်းကလည်း ထိုသဘောပါပဲ။ ကိုယ့်ဘဝက အရမ်းခက်ခဲနေတယ်ဆိုရင်တောင် ထိုအခက်အခဲတွေထဲကနေ အကောင်းဆုံးဖြစ်အောင်ရှင်သန်ဖို့ပါ။ အခြားသူတွေရဲ့ ကိုယ့်သာတဲ့ဘဝအခြေအနေကိုသာ အားကျနေပြီး ကိုယ့်ဘဝရဲ့အခက်အခဲကိုသာမြင်ပြီး ကိုယ့်ဘဝကိုအကောင်းဆုံးဖြစ်အောင်ရှင်သန်နိုင်မယ့်အခွင့်အရေးတွေ အလကားကုန်ဆုံးမခံပါနဲ့လို့ပြောချင်တာပါ။

“Your life is a reflection of your inner thought life” သင့်ဘဝက သင့်ရဲ့အတွင်းစိတ်ထဲကအတွေးရဲ့ရောင်ပြန်ဟပ်ခြင်းပါပဲ။ အမှန်ပါပဲ။ သင့်စိတ်ထဲမှာ အခြားသူတွေပျော်ရွှင်နေတာကိုသာ အားကျနေပြီး သင့်ဘဝကတော့ သူတို့လောက်ပျော်စရာမကောင်းဘူးလို့ထင်နေရင် သင်ပျော်နေမှာမဟုတ်တော့ပါဘူး။ “အခြားသူတွေကိုယ်တိုင်မှာလည်း အခက်အခဲကိုယ်စီရှိတာပဲလေ…..ကိုယ်မြင်ရတာက သူတို့ဘဝရဲ့တစိတ်တပိုင်းသာပါ။ ကိုယ့်ဘဝမှာလည်း ပျော်စရာတွေရှိတာပဲ၊ ကိုယ်လုပ်နိုင်တာတွေလည်း ရှိတာပဲ၊ ကိုယ်ကြိုးစားနိုင်တာတွေလည်း ရှိတာပဲ” လို့ သင်တွေးမိရင် သင်တွေးသလို တဖြည်းဖြည်း သင့်ဘဝမှာ သင်ကြိုးစားနိုင်တာက ဘာလဲဆိုတာ သင်ရှာဖွေလာနိုင်ပါတယ်။ သင့်ဘဝမှာရှိတဲ့ပျော်စရာကိုသင်မြင်လာနိုင်ပါတယ်။
ဘဝကတိုတိုလေးပါ၊ အချိန်တွေကလည်း အရမ်းအကုန်မြန်ပါတယ်။ ထိုကဲ့သို့အခြေအနေမျိုးမှာ အခြားသူတွေကိုယ်တိုင်လည်း သူတို့ဘဝကို သူတို့အကောင်းဆုံးဖြစ်အောင်ရှင်သန်နေကြတာပါ။ သင်မြင်ရတာက သူတို့ဘဝရဲ့ တစိတ်တပိုင်းသာပါ။ သူတို့ဘဝရဲ့ခရေစေ့တွင်းကျမဟုတ်ပါဘူး။ အဲဒါကြောင့် အခြားသူရဲ့ပျော်ရွှင်မှုတစိတ်တပိုင်းကိုအားကျနေရင်း သင်လုပ်နိုင်တာတွေအလကားဆုံးရှုံးမခံပါနဲ့။ နာကျင်လျက်၊ ခက်ခဲနေလျက်၊ အဆိုးတွေကြုံနေရတဲ့အခြေအနေတွေကြားထဲကနေမှ ဘယ်အရာကို အကောင်းဆုံးကြိုးစားနိုင်မလဲဆိုတာကိုသာ မြင်အောင်ကြည့်ရမှာဖြစ်ပါတယ်။ မြင်အောင်ကြည့်ပြီး ဘယ်လိုကြိုးစားမလဲ။ “ငါတော့မလုပ်နိုင်ပါဘူး” ဆိုတာထက် “ ငါဘယ်လိုအကောင်းဆုံးထိ ရအောင်ကြိုးစားမလဲ” ဆိုတာကိုသာ တွေးပြီး လုပ်ဆောင်ရမှာဖြစ်ပါတယ်။ နိုင်ငံခြားကာတွန်းလေးတစ်ခုဖတ်လိုက်ရပါတယ်။ ပန်းတစ်ပွင့်ပိုင်ဆိုင်ရတဲ့သူက ပျော်ရွှင်နေပြီး ပန်းတစ်ခင်းလုံးပိုင်ဆိုင်ထားတဲ့သူက ထိုင်ပြီးငေးမှိုင်နေတဲ့ပုံစံလေးပါ။ ပန်းတစ်ပွင့်ထဲသာ ပိုင်ဆိုင်ရပေမယ့် ထိုလူက သူ့ပိုင်ဆိုင်မှု့ကို ကျေနပ်ပြီးပျေ်ာရွှင်နေပေမယ့် ပန်းတစ်ခင်းလုံးပိုင်ထားတဲ့သူကတော့ သူ့ပိုင်ဆိုင်မှုကို အားမရနိုင်လို့ စိတ်မပျော်ရွှင်ဖြစ်နေရပါတယ်။ အဲဒီ့သဘောပါပဲ။ ကိုယ်ဘယ်လောက်ပိုင်ဆိုင်ထားပါစေ…ကိုယ်ရရှိပိုင်ဆိုင်ထားတဲ့ဘဝကိုသာ အကောင်းဆုံးတန်ဖိုးထားဖို့၊ အကောင်းဆုံးကြိုးစားရှင်သန်ဖို့လိုတာပါ။

အခြားသူတွေကတော့ ပျော်ရွှင်နေလိုက်တာ….ငါတစ်ယောက်တည်း အတိဒုက္ခရောက်နေတယ်လိုမထင်လိုက်ပါနဲ့။ အခြားသူတွေရဲ့ပျော်ရွှင်မှု၊ အောင်မြင်မှု၊ အဆင်ပြေမှုဆိုတာက အခြားသူတွေလည်း အခက်အခဲကြားကနေ မရရအောင် ဖန်တီးယူထားတာပါပဲ။ တကယ်တော့ အခြားသူတွေကတော့ အခွင့်အရေးကောင်းတွေရနေလို့ အဆင်ပြေနေတာမဟုတ်ပါဘူး။ အဲဒီ့တော့ “Your life does not get better by chance, it gets better by change” – Jim Rohn ပြောထားတဲ့စကားလိုပေါ့။ အခွင့်အရေးတွေရလာမှ ဘဝက ပိုပြီး အခြားသူတွေထက်အဆင်ပြေနေနိုင်တာမဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ်ပြောင်းလဲခြင်းကသာ သင့်ဘဝကိုပိုကောင်းလာစေတာပါ။ အဲဒါကြောင့် အခြားသူတွေရဲ့အဆင်ပြေခြင်း၊ အောင်မြင်ခြင်း၊ သာယာပျော်ရွှင်ခြင်းတွေကို ကြည့်ပြီး သင့်ဘဝကိုသင်ခြေကုန်လက်ပန်းကျမနေပါနဲ့။ ခက်ခဲမှုတွေကြားကနေ ဘယ်လိုအဆင်ပြေအောင်လုပ်မလဲ၊ ကျရှုံးမှုတွေကြားကနေ ဘယ်လိုအောင်မြင်အောင်လုပ်မလဲ၊ ငိုကြွေးမှုတွေကြားကနေ ဘယ်လိုပျော်ရွှင်အောင်နေမလဲဆိုတာကိုသာ ရှာကြံပြီး ကိုယ်ရရှိပိုင်ဆိုင်ထားတဲ့ဘဝကို အကောင်းဆုံးဖြစ်အောင် ကြိုးစားရှင်သန်ပါလို့ တိုက်တွန်းလိုက်ရပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။