မိမိ Social Media စာမျက်နှာတွင်လုံးဝမလုပ်သင့်သောအရာများ

Social media လူမှုကွန်ယက်ဆိုတာ လူငယ်တွေအားလုံးနဲ့ ရင်းနှီးပြီးသားအရာပါ။ လူမှုကွန်ယက်တွေ အများကြီးရှိတဲ့ အထဲမှာ Facebook နဲ့ Instagram တို့ကတော့ မြန်မာနိုင်ငံမှာ လူသုံးအများဆုံး လူမှုကွန်ယက်တွေဖြစ်ပါတယ်။ ဆိုတော့ Social media ကိုကောင်းမွန်စွာ အသုံးပြုတတ်မယ်ဆိုရင် ကိုယ့်အတွက် အသိပညာတွေ သင်ယူစရာတွေများစွာရရှိနိုင်သလို တခြားတစ်ဖက်မှာလဲ အသုံးပြုတာလမ်းလွဲနေမယ်ဆိုရင် အချိန်အလဟသကုန်တာတွေ အကျိုးမရှိတာတွေ ဖြစ်တတ်ပါတယ်။ သူငယ်ချင်းတို့အနေနဲ့ ကိုယ့်ရဲ့ လူမှုကွန်ယက်စာမျက်နှာ လုံးဝမလုပ်သင့်တဲ့ အရာ (၁၀) ခုကို ရှာဖွေဖော်ပြပေးလိုက်ပါတယ်။


၁။ တချို့တွေရှိတတ်တယ်။ ကိုယ်နဲ့ ကိုယ့်ချစ်သူအကြောင်းကို ခဏခဏတင်တာမျိုးပေါ့၊ အဆင်ပြေတာရော၊ မပြေတာရော၊ ရန်ဖြစ်တာရော၊ စိတ်ကောက်တာရော၊ စုံလို့ပါပဲ။ သေချာတစ်ခုက သင့် relationship အကြောင်းကို ဘယ်သူကမှ စိတ်ဝင်တစားသိချင်နေမှာ မဟုတ်ပါဘူး။ ကိုယ်ရေးကိုယ်တာထားသင့်တဲ့ ကိစ္စတွေကို ကိုယ်ရေးကိုယ်တာအနေနဲ့ပဲ ထားသင့်ပါတယ်။ နောက်တစ်ခုရှိတာက လူတိုင်းက သင့်လို ချစ်သူ၊ ရည်းစားရှိနေတာ မဟုတ်ဘူးလေ။ ထစ်ခနဲရှိ လူမှုကွန်ယက်ပေါ်တင်နေတာမျိုးက သင့်ကို လူတွေအမြင်ကတ်စေပါလိမ့်မယ်။
၂။ နောက်ပြီး ညဘက်အပြင်ထွက်လို့ သူငယ်ချင်းတွေနဲ့ သောက်စားပျော်ပါးတာတွေကို လူမှုကွန်ယက်ပေါ်မှာ ဂုဏ်ယူစွာ တင်နေတာမျိုးကလဲ မကောင်းပါဘူး။ အရက်မူးတယ်ဆိုတာ အစထဲက ဂုဏ်ယူစရာကိစ္စတစ်ခုမှ မဟုတ်တာမလား။ သင့်ကိုလဲ ဒီလိုတွေ သွားလာပျော်ပါးနေလို့လဲ ဘယ်သူကမှ အထင်ကြီးမယ့် အကြောင်းအရာမဟုတ်ဘူးလေ။ သင်ဒီလိုတွေတင်နေတာကို သင်နဲ့ပေါင်းသင်းနေတဲ့ သူငယ်ချင်းတွေကလဲ ကြိုက်ချင်မှ ကြိုက်မှာပေါ့။
၃။ ဆဲဆိုတာတွေ လူမှုကွန်ယက်ပေါ်မှာ မလုပ်တာကောင်းပါတယ်။ ဒါက ကိုယ့်အဆင့်အတန်းကို ကိုယ်ပြန်ပြီး နိမ့်ကျအောင် လုပ်နေသလိုပါပဲ။ မြန်မာလိုဆဲဆဲ အင်္ဂလိပ်လိုဆဲဆဲ တူတူပါပဲနော်။ တချို့တွေက မြန်မာလိုတော့ မဆဲဘူး၊ အင်္ဂလိပ်လို F စကားလုံးတွေသုံးပြီး ပို့စ်တွေတင်၊ စာတွေရေးလေ့ရှိကြတယ်။ ဘိုဆန်တာတော့မှန်ပေမယ့် ကောင်းတဲ့အရာတော့ မဟုတ်ပါဘူး။ လူူမှုကွန်ယက်ပေါ်မှာက အသက်အရွယ်မျိုးစုံရှိတယ်လေ။ လူကြီးတွေဖတ်မိရင် အမြင်မသင့်တော်သလို အသက်ငယ်ရွယ်သူတွေ ဖတ်မိရင်လဲ အတုယူမှားနိုင်တာကြောင့် ဖြစ်ပါတယ်။
၄။ ဆဲဆိုတာနဲ့နည်းတူ လူမှုကွန်ယက်ပေါ်မှာ အတင်းပြောတာမျိုးကလဲ မကောင်းပါဘူး။ အထူးသဖြင့် သင့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ သင့်အထက် အရာရှိတွေအကြောင်းကို မကောင်းကြောင်းပြောတာတွေ မလုပ်သင့်ပါဘူး။ သင့်အကောင့်ထဲမှာတော့ သူတို့ရှိချင်မှ ရှိမှာပေါ့၊ ဒါပေမယ့် လူမှုကွန်ယက်ဆိုတာက တစ်ယောက်နဲ့ တစ်ယောက်ဆက်စပ်နေတာမျိုးပါ။ သင်က သင့်ဘော့စ်အကြောင်း မကောင်းကြောင်းပြောထားတာကို သင့်အကောင့်ထဲကတစ်ယောက်က ဖြန့်လိုက်မယ်ဆိုရင်၊ ဒါမှမဟုတ် အခြားသူတွေကို ပြောပြလိုက်မယ်ဆိုရင် ဆက်ဆံရေးတွေ ပျက်ပြားသွားစေနိုင်ပါတယ်။
၅။ ဒါကတော့ အခုနောက်ပိုင်း လူငယ်တွေတော်တော်များများ လုပ်လေ့ရှိပါတယ်။ ပေါက်တတ်ကရပုံတွေ၊ ပုံဆိုးပန်းဆိုးပုံတွေမှာ ကိုယ့်သူငယ်ချင်းတွေကို tag လုပ်ပြီးတင်တာမျိုးပါ။ သင်နဲ့အရမ်းရင်းနီးတဲ့ သူငယ်ချင်းတွေဆိုရင်တော့ သင့်ကိုဘာမှမပြောပဲ နေကောင်းနေပါလိမ့်မယ်။ ဒါပေမယ့် သင်နဲ့သိပ်မရင်းနှီးတဲ့သူတွေ၊ သင်သိတောင်မသိတဲ့သူတွေကိုတော့ ပို့စ်တွေမှာ tag လုပ်ပြီး မတင်သင့်ပါဘူး။ ပရိုဖိုင် ပြောင်းတဲ့အခါမျိုးမှာ တခြားသူတွေကို tag ပြီးတင်တာမျိုးကလဲ တစ်ပါးသူကို စိတ်အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။
၆။ လူမျိုးရေးခွဲခြားတဲ့ စာသားတွေ၊ အသားအရောင်ခွဲခြားတဲ့ စာသားတွေ၊ ဘာသာရေးကိုထိခိုက်စေမယ့် စာသားတွေ လူမှုကွန်ယက်ပေါ်မှာ လုံးဝမတင်သင့်ပါဘူး။ မှန်ပါတယ်၊ သင့်အမြင်ကို လူမှုကွန်ယက်ပေါ်မှာ လွတ်လပ်စွာ ဝေမျှနိုင်ပါတယ်။ ဒါပေမယ့် တရားမမျှတ ဘက်လိုက်လွန်းတဲ့ ပို့စ်မျိုးကိုဖတ်ရရင် သင်ကိုယ်တိုင်လဲ ကြိုက်မယ်လို့ မထင်ပါဘူး။
၇။ သူများတွေ တင်တဲ့ပို့စ်တွေမှာ ရိုင်းရိုင်းဆိုင်းဆိုင်း ကွန်မန့်ဝင်ရေးတာတွေ၊ လှောင်ပြောင်တာမျိုးတွေ မလုပ်ပါနဲ့။ ငါနဲ့သူနဲ့ အပြင်မှာ တွေ့ရတာမှ မဟုတ်ပဲလေ၊ သိကြတာလဲမဟုတ်ဘူး၊ ငါပြောချင်တာပြောလိုက်မယ်၊ နှိမ်လိုက်မယ်ဆိုပြီး မဟုတ်တမ်းတရားတွေ ပို့စ်တင်တာမျိုး၊ ကွန်မန့်ပေးတာမျိုး မလုပ်သင့်ပါဘူး။
၈။ ကြွားဝါတာတွေ လူမှုကွန်ယက်ပေါ်မှာ မလုပ်တာကောင်းပါတယ်။ ဘယ်လိုကားအကောင်းစားကို စီးပြီး ဘယ်ကို သွားခဲ့တယ်တို့၊ ဘယ်လိုဖုန်းမျိုးကို ၂ လုံး ၃ လုံးကိုင်တယ်တို့ ဒါမျိုးတွေက သင့်ကို လူလှောင်ရယ်စရာ ဖြစ်စေပါလိမ့်မယ်။ လူမှုကွန်ယက်သုံးတာက နေ့စဉ်သင့်ဘဝအကြောင်းကို တီဗီဇာတ်လမ်းတွဲ ရိုက်နေတာမှ မဟုတ်တာ၊ တစ်ဖက်ကတွေးမယ်ဆိုရင် ဒါက သင့်အတွက် အန္တရာယ်ကို သင့်ဟာသင် ဖိတ်ခေါ်နေတာနဲ့ တူတူပါပဲ။
၉။ လူမှုကွန်ယက်ဆိုတဲ့အတိုင်း ပေ့ချ်မျိုးစုံ၊ ဂရုမျိုးစုံရှိတာ ထုံးစံပါပဲ။ ဒီအထဲမှာ 18+ အကြောင်းအရာတွေ တင်တဲ့ ပေ့ချ်တွေ၊ ဂရုတွေလဲ ရှိတာပေါ့။ သင့်ဟာသင် မန်ဘာဝင်ထားတာက အကြောင်းမဟုတ်ပါဘူး။ ပေါက်တတ်ကရ ဓာတ်ပုံတွေ၊ လင့်ခ်တွေကိုတော့ သင့်လူမှုကွန်ယက်စာမျက်နှာပေါ်မှာ လျှောက်မတင်ပါနဲ့။ သင့်ကို လူတွေဘယ်လို ထင်ကြမလဲဆိုတာ တွေးသာကြည့်လိုက်ပါ။ ပြီးတော့ တွေ့တဲ့ လင့်ခ်တိုင်းကိုလဲ လျှောက်မဝင်ကြည့်ပါနဲ့။ မဟုတ်တာတွေ ဖြစ်နေတတ်လို့ပါ။
၁၀။ အစောကပြောခဲ့တဲ့ ကြွားဝါတာလိုမျိုးပဲ ကိုယ့်ပုံစံအမှန်ကို ဟန်ဆောင်ပြီး လူမှုကွန်ယက်မှာ ပို့စ်တွေတင်တာမျိုးလဲ မလုပ်သင့်တဲ့အထဲ ပါဝင်ပါတယ်။ ကိုယ့်မှာရှိလို့ လေပေါတာကမှ ဟုတ်သေးတယ်၊ လူအထင်ကြီးခံချင်ရုံသက်သက်နဲ့တော့ ကိုယ့်အနေအထားအမှန်ကို ဟန်ဆောင်တာမျိုး မလုပ်သင့်ပါဘူး။ လူအထင်ကြီးတာခံချင်တယ်ဆိုရင် အမှန်တကယ်လေးစားလို့ရလောက်တဲ့ အနေအထားရှိအောင် လက်တွေ့ကြိုးစားရမှာ ဖြစ်ပါတယ်။ လိမ်ညာ ဟန်ဆောင်တာမျိုးက ကြွားဝါတာထက် ဆိုးပါတယ်။
သူငယ်ချင်းတို့အားလုံး လူမှုကွန်ယက်တွေကို အကျိုးရှိရှိ၊ ဘဝတက်လမ်းအတွက် အသုံးပြုနိုင်ဖို့ မျှော်လင့်ပါတယ်။
Source: “10 things you should never do on social media,”thoughtcatalog.com မှဘာသာပြန်ဖော်ပြထားပါသည်။
ပုံကိုအွန်လိုင်းမှကူးယူဖော်ပြထားပါသည်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။