မိဘတွေဆီက ကလေးတွေအလိုရှိတဲ့အရာ ၁၀မျိုး

တခါတလေ မိဘတွေမှာ စားဝတ်နေရေးအတွက်၊ ငွေကြေးနောက်ကို လိုက်ရင်း စိတ်ပူပန်မှု၊ စိတ်ရှုပ်ထွေးမှုတွေ စသည်ဖြင့် ခံစားနေတတ်ကြပါတယ်။ အဲဒီလိုအချိန်မျိုးမှာ သားသမီးတွေကိုလည်း သေချာမပြုစုမစောင့်ရှောက်နိုင်သလို အာရုံလည်းမစိုက်မိသလိုဖြစ်တတ်ကြပါတယ်။ နေထိုင်ရှင်သန်ဖို့ ငွေကလည်း မရှိမဖြစ်မို့ တခါတလေ မအော်မငေါက်ချင်ပေမယ့် စိတ်ရှုပ်ထွေးမှုကြောင့် အော်ဟစ်အပြစ်တင်မိတာမျိုးဖြစ်တတ်ပါတယ်။ အဲလိုအခါမျိုးမှာ သားသမီးတွေက မိဘတွေဆီကနေလိုအပ်နေတာ ငွေကြေးတွေ၊ ရုပ်ဝတ္ထုပစ္စည်းတွေမဟုတ်ဘဲ ဘာတွေဖြစ်နေမလဲဆိုတာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။


၁) ကလေးကိုတွေ့တာနဲ့ အရမ်းချစ်ပြတာမျိုး
ကလေးကိုအရမ်းလိုအပ်နေတယ်ဆိုတဲ့ပုံစံမျိုးနဲ့ ကလေးကို ချစ်ပြပေးတာမျိုး၊ သီချင်းဆိုပြတာမျိုး၊ ပုံပြင်ဖတ်ပြတာမျိုး။
ပြီးတော့ သူတို့ငယ်ငယ်တုန်းကအကြောင်းလေးတွေပြန်ပြောပြပေးတာမျိုးကို ကလေးတွေကအမြဲနားထောင်ချင်တတ်ပါတယ်။
၂) ကလေးကို ပွေ့ဖက်ပြီး နမ်းတာမျိုး
ကလေးကိုပွေ့ဖက်ပေးတာမျိုး၊ နမ်းတာမျိုး၊ ကလေးကိုပေါင်ပေါ်တင်ထိုင်ပြီး ကလေးပြောချင်တာလေးတွေ နားထောင်ပေးတာမျိုးလုပ်ပေးပါ။
အဲဒါက သင်ကအလုပ်များလို့ မမေးမိတာမျိုးဖြစ်ရင်တောင် ကလေးက သူ့ရဲ့တစ်နေ့တာကိုပြောပြချင်နေပါလိမ့်မယ်။ အဲဒါမှ ကလေးတစ်နေ့တာကို နားထောင်ပြီး ကလေးဘာတွေကြုံလာရသလဲ၊ ဘာတွေရှောင်သင့်သလဲ ဆိုတာ သင်ပြန်သွန်သင်ပေးနိုင်မှာပါ။
၃) ကလေးကို အချိန်ပေးတာမျိုး
ကလေးမှာ ညီအကိုမောင်နှမတွေမရှိဘူးဆိုရင် ကလေးနဲ့အတူ ဆော့ကစားပြီး ကလေးကိုအချိန်ပေးတာမျိုးလုပ်ပါ။
ကလေးအတွက်သတ်မှတ်ထားတဲ့အချိန်သတ်သတ်ထားပါ။ ဥပမာ။ ညစာထမင်းစားချိန်ပြီးတာနဲ့ ကလေးကို တောက်လျှောက်အချိန်ပေးမယ်ဆိုတာမျိုးပေါ့။
၄) အာဟာရရှိတဲ့အစားအစာတွေ ဂရုတစိုက်ကျွေးပေးတာမျိုး
ကလေးအတွက်အာဟာရရှိတဲ့အစားအစာတွေကို ဂရုတစိုက်ကျွေးပေးတာမျိုး၊ ကလေးကို ကျန်းမာအောင် ဂရုစိုက်ပေးတာမျိုးလုပ်ပါ။
အာဟာရအတွက် ဘယ်အရာကို ဘာတွေကောင်းတယ်ဆိုတာမျိုးကို သူတို့ကိုလည်း ဂရုတစိုက်နဲ့ရှင်းပြပေးပါ။ ဒါကိုဘာလို့စားခိုင်းရသလဲဆိုတဲ့အကြောင်းပြချက်ကိုသိသွားတဲ့အခါ သူတို့မစားချင်ပေမယ့်လည်း စားသင့်တဲ့အကြောင်းရင်းကိုသိနေတဲ့အတွက်ကြောင့် သူတို့စားနိုင်ဖို့ကြိုးစားလာပါလိမ့်မယ်။
၅) ညစာအတူစားတာမျိုး
ညစာအတူစားဖို့အချိန်ပေးတာမျိုး၊ ရုံးပိတ်ရက်တွေမှာ အတူအချိန်ပေးတာမျိုး ၊ ညစာစားရင် စကားပြောကြတာမျိုးလုပ်ပေးပါ။
ဒီမှာတော့ ထမင်းစားရင်းစကားမများရဘူးလို့ တားမြစ်တတ်ကြပါတယ်။ တကယ်တော့ မိသားစုစုံညီစွာ ညစာစားကြတဲ့အချိန်မို့ ညစာစားချိန်မှာ တစ်ယောက်ရဲ့တစ်နေ့တာကို တစ်ယောက်က အပြန်အလှန်နားထောင်နိုင်အောင် ညစာစားရင်း စကားပြောကြတာပါ။ ကိုယ့်ရဲ့အိမ်ပြန်ချိန်က ကလေးရဲ့ညစာစားချိန်ကိုမှီတယ်၊ ကလေးနဲ့အတူစားဖြစ်တယ်ဆိုရင်တော့ ပိုကောင်းတာပေါ့။ ကလေးနဲ့သင့်ကြားပိုပြီး ရင်းနှီးနွေးထွေးစေပါတယ်။
၆) ညဘက်တွေမှာ အတူစကားပြောပေးတာမျိုး
ချစ်ခြင်းမေတ္တာအကြောင်း၊ မိသားစုတွေအကြောင်း၊ ကျောင်းကအကြောင်း စသည်ဖြင့် ညဘက်မှာ စကားစမြည်ပြောပြပေးတာမျိုးလုပ်ပါ။
ညဘက်မှာဆို အားလပ်ချိန်လို့ အကြမ်းဖျင်းသတ်မှတ်လို့ရတာကြောင့် ညဘက်မှာကလေးကိုအချိန်ပေးစကားပြောဖို့ပြောတာပါ။ ကိုယ်လည်းအလုပ်ကိစ္စတွေမေ့ထားပြီး ကလေးနဲ့အတူစကားပြောပေးခြင်းက ကလေးကို နောက်ဆိုရင် သူရဲ့တစ်နေ့တာ ကောင်းဆိုးမှန်သမျှ မိဘကို ပြန်ပြီးရင်ဖွင့်တတ်အောင် လမ်းကြောင်းပေးခြင်းပါပဲ။ တခုရှိတာက ကလေးကလိုလားစွာစကားပြောချင်တဲ့အချိန်မှာ သင်က ပိတ်ပင်တာ၊ အော်ဟစ်တာ၊ အဆိုးဘက်ကနေတုံ့ပြန်လိုက်တာမျိုးတွေတော့ မလုပ်မိပါစေနဲ့။ အဲဒါက နောက်ဆိုကလေးက သင့်ကိုသူ့ရဲ့တစ်နေ့တာရင်ဖွင့်ရမှာကြောက်သွားပါလိမ့်မယ်။ အဲဒါဆိုရင်တော့ သူတစ်နေ့လုံး ဘာဖြစ်လာသလဲဆိုတာ သင်မသိနိုင်တော့သလို၊ သင့်ကလေးရဲ့စိတ်အခြေအနေကိုလည်း ခန့်မှန်းနိုင်တော့မှာမဟုတ်ပါဘူး။
၇) အပြင်မှာ အတူကစားပေးတာမျိုး
အိမ်အပြင်မှာ၊ ပန်းခြံလိုနေရာမျိုးမှာ အတူကစားပေးတာမျိုး၊ ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးတာမျိုးလုပ်ပေးပါ။
အားလပ်ရက်တွေမှာ ကလေးအတွက်အချိန်လေးတစ်ခုသတ်မှတ်ပြီး ဆော့ကစားပေးတာမျိုးကိုပြောတာပါ။
၈) လုံးထွေးဆော့ကစားတာမျိုး
အိပ်ရာထဲမှာ အတူလုံးထွေးသတ်ပုတ်တာမျိုး၊ ရုပ်ရှင်အတူကြည့်ပြီး ရှင်းပြတာမျိုးလုပ်ပေးပါ။
ရုပ်ရှင်ကြည့်တဲ့အခါလည်း ကလေးအတွက်ပညာပေးတဲ့ကာတွန်းကားမျိုး၊ ပျော်ရွှင်စရာကာတွန်းကားမျိုးလေးတွေ အတူကြည့်ရင်း ရယ်မောပါ၊ ကလေးကိုရှင်းပြပေးပါ။ ဇာတ်လမ်းထဲက ပညာရတဲ့နေရာကို လက်တွေ့ဘဝနဲ့ တိုက်ဆိုင်ရှင်းပြပေးပါ။ အိပ်ရာထဲမှာအတူလုံးထွေးသတ်ပုတ်တာမျိုး ကစားပေးပါ။

၉) စည်းကမ်းလေးတွေသတ်မှတ်ပေးတာမျိုး၊
ဘာစည်းကမ်းကိုလိုက်နာရင် ဘယ်လိုဆုချပေးမယ်ဆိုတာမျိုး (အဲဒါက ကလေးကို ဂရုတစိုက်ရှိတယ်လို့ခံစားရစေနိုင်ပါတယ်)
ဥပမာ။ ဒီတစ်လလုံး သားကွန်ပျူတာကို မေမေသတ်မှတ်ထားတဲ့အချိန်အတိုင်းပဲ သုံးမယ်ဆိုရင် လကုန်တာနဲ့ သားကြိုက်တဲ့စာအုပ်တစ်အုပ် ဝယ်ပေးမယ်ဆိုတာမျိုးပေါ့။ သတိထားရမှာတော့ အမြဲအပေးအယူနဲ့ပဲစည်းကမ်းလုပ်မိနေရင်တော့ တစ်ခုတားမြစ်တာနဲ့ ဘာပေးမှာလဲဆိုတဲ့အတွေးမျိုးတော့ ဝင်သွားနိုင်ပါတယ်။ အဲဒီ့အခါ ဘာမရရင်တော့ မလိုက်နာနိုင်ဘူးဆိုတာမျိုးတွေဖြစ်လာနိုင်ပါတယ်။ အဲဒါကြောင့် ကလေးကို ပြင်းထန်စွာတားမြစ်သင့်တာမျိုးဆိုရင်တော့ လုံးဝအပေးအယူမလုပ်ဘဲ ပြင်းထန်စွာတားမြစ်ပါ။ ဘာကြောင့် ပြင်းထန်စွာတားမြစ်ရသလဲ ရှင်းပြပါ။
၁၀) မှတ်မှတ်ရရရှိစေမယ့် စာတိုလေးတွေနဲ့ဂရုစိုက်တာမျိုး
ထမင်းဘူး၊ စာရေးစားပွဲလိုနေရာမျိုးမှာ ဂရုတစိုက်ရှိတဲ့ စာလေးတွေရေးပြီးထားခဲ့တာမျိုး လုပ်ပေးပါ။
ဥပမာ။ အိမ်ရဲ့ ရေခဲသေတ္တာမှာ သားရဲ့နေ့ခင်းစာကို ဘာတွေထည့်ပေးထားတယ်။ ကုန်အောင်စားပါလို့စာရေးပြီး မှာခဲ့တာမျိုး
ငွေကုန်ကြေးကျမများဘဲ ကလေးတွေကို ဂရုတစိုက်ရှိပေးရုံနဲ့ သင်ပေးလိုက်တဲ့အချိန်လေးခဏတဖြုတ်ကပဲ သူတို့စိတ်ထဲမှာ သင်ကသူတို့ကိုချစ်တယ်လို့ ယုံကြည်နွေးထွေးသွားစေမှာပါ။ အဲဒါက သင့်ကလေးကို စိတ်လုံခြုံမှုပေးနိုင်ပါတယ်။ သင်အရမ်းစိတ်တွေရှုပ်ထွေးတာမျိုး၊ စိတ်ဓာတ်ကျစိတ်ညစ်တာမျိုးကြုံတဲ့အခါ သင့်ကလေးကို ထွေးပွေ့ပြီး သူတို့ပြောတဲ့စကားလေးတွေနားထောင်လိုက်ခြင်းက သင်တောင်စိတ်ညစ်တာတွေသတိရတော့မှာမဟုတ်ပါဘူး။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။