“Me” Time ထားရှိခြင်းရဲ့အကျိုးကျေးဇူး (၇) ချက်

မိနစ်တိုင်း စက္ကန့်တိုင်းမှာ အချိန်နဲ့အမျှ လှုပ်ရှားရုန်းကန်နေရတယ်၊ အရမ်းပင်ပန်းလွန်းနေပြီလို့ထင်မြင်နေမိ တယ်၊ ခေါင်းတွေရှုပ်၊ စိတ်တွေတိုနေမိတယ်ဆိုရင် သေချာတယ် သင်စိတ်ဖိစီးနေပါပြီနော်။ အဲဒီလိုစိတ်ဖိစီးတဲ့အခါ ခေါင်းမကြည်လင်သလို၊ စိတ်ဆတ်လာပါတယ်၊ ဘာမှဆက်ပြီး စဉ်းစားတွေးတောလို့အဆင်မပြေတော့ပါဘူး။ အဲဒီလိုစိတ်ဖိစီးမှုတွေဖြစ်နိုင်တာ လူတိုင်းနီးပါးပါပဲ။ လူတိုင်းဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လှုပ်ရှားရုန်းကန်နေရတာချည်းပဲမို့လား။ အဲဒီလိုစိတ်ဖိစီးမှုတွေများလာရင် ကျန်းမာရေးပါထိခိုက်လာနိုင်တာမို့ စိတ်ဖိစီးမှုကို ပြေလျော့စေဖို့ “Me” Time ထားဖို့လိုပါတယ်။ ပုံမှန်အားဖြင့် ကိုယ့်ရဲ့တစ်နေ့တာမှာ ကိုယ့်အတွက် “Me” Time ဆိုတာရှိသင့်ပါတယ်။


ဒီနေ့ခေတ်လို ပိုပြီးစိတ်ဖိစီးမှုများနေတဲ့ခေတ်မှာ ပိုလိုအပ်ပါတယ်။
“Me” Time ဆိုတာ ဘာလဲလို့ မသိသေးတဲ့လူတွေအတွက် ရှင်းပြပေးချင်ပါတယ်။ “Me” Time ဆိုတာက ကိုယ့်ရဲ့စိတ်ကိုအေးချမ်းပြီး ဘာဆိုဘာမှမတွေးဘဲ ကိုယ့်စိတ်အသံကို ပြန်နားထောင်တဲ့အချိန်ပါပဲ။ ကိုယ်လုပ်ချင်တာလေးတွေ စိတ်ပြေလက်ပျောက်လုပ်မယ့်အချိန်၊ ကိုယ့်ဝါသနာပါရာလေးတွေကို စိတ်ထွက်ပေါက်တစ်ခုအနေနဲ့လုပ်ဖို့အချိန်မျိုးပါပဲ။ (ဒါပေမယ့် ကိုယ့်ကို ဆိုးကျိုးဖြစ်စေတဲ့အရာတွေလုပ်တာမျိုးကိုဆိုလိုတာမဟုတ်ပါဘူးနော်။ ဥပမာ ပင်ပန်းလို့ အရက်သောက်တာမျိုး၊ စိတ်ညစ်ညစ်နဲ့ ဆေးလိပ်တစ်ဘူးလုံးကုန်မတတ် ထိုင်ဖွာပစ်တာမျိုး၊ မူးယစ်ဆေးသုံးစွဲတာမျိုးတွေကို ဆိုလိုချင်တာမဟုတ်ပါဘူး) အဓိကက ကိုယ့်စိတ်အေးချမ်းသွားပြီး ကိုယ့်စိတ်လက်ပေါ့ပါးသွားစေတဲ့အရာတွေကို ပြုလုပ်ပြီး စိတ်ကိုထွက်ပေါက်ပေးတာပါ။ (ကိုယ့်ကိုယ်ကိုယ်လည်းမထိခိုက်သလို အခြားလူကိုလည်းမထိခိုက်စေတဲ့အရာမျိုးတွေပါ)
အထူးသဖြင့် တစ်နေ့လုံးအလုပ်လုပ်ခဲ့ပြီး ညနေအိမ်ပြန်ရောက်ချိန်မှာ ပန်းခြံထဲဆင်းထိုင်ရင်း တစ်ယောက်တည်းတွေးချင်ရာတွေးနေတာမျိုး၊ ကိုယ့်အခန်းမှာ ကိုယ်တစ်ယောက်တည်း စာအုပ်တစ်အုပ်ဖတ်နေတာမျိုး၊ ကိုယ့်အိပ်ရာထဲ သီချင်းအေးအေးလေးဖွင့်ပြီး ကေ်ာဖီသောက်နေတာမျိုး၊ ပန်းပင်လေးတွေ စိုက်နေတာမျိုး၊ တစ်ခုခုကို စိတ်ကြိုက်ဖန်တီးနေတာမျိုး စတာတွေပေါ့။
“Me” Time ထားခြင်းက အကျိုးကျေးဇူးတွေအများကြီးရှိပါတယ်။

၁) စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။
အဓိကကတော့ စိတ်ကို အေးချမ်းစွာ ထွက်ပေါက်လေးပေးခြင်းဖြစ်တာကြောင့် တစ်နေ့လုံး ခေါင်းထဲတင်းကြပ်ခဲ့သမျှ၊ စိတ်ထဲ ဖိစီးခဲ့သမျှ ပြေလျော့သွားစေတာပါပဲ။ အဲဒီ့အခါ စိတ်ဖိစီးမှု လျော့သွားစေတာပေါ့။ နောက်နေ့အတွက် ထပ်ပြီး စီစဉ်ရမှာတွေအတွက် ဘက်ထရီဖြည့်လိုက်သလိုဖြစ်စေမှာပါ။

၂) ဦးနှောက်ကို ရှင်းလင်းပေါ့ပါးသွားစေပါတယ်။
ဒီအလုပ်ပြီးရင် နောက်အလုပ်၊ စသဖြင့် တန်းစီနေခြင်းက သင့်ကိုခေါင်းထဲမှာ ဆင့်ကဲတွေးတောပြီး တင်းကြပ်နေစေပါတယ်။ အဲဒါကြောင့် အလုပ်များလေခေါင်းရှုပ်လေဖြစ်စေပါတယ်။ အဲဒီ့အတွက် “Me” Time ယူလိုက်တဲ့အခါ သင့်ခေါင်းကို ပိုပြီး ရှင်းလင်းပေါ့ပါးစေကာ နောက်နေ့အတွက် ပိုပြီး creative ဖြစ်တဲ့အကြံကောင်းတွေလည်း ရနိုင်ပါတယ်။

၃) အာရုံစူးစိုက်မှုပိုကောင်းလာစေပါတယ်။
ခေါင်းပေါ့သွားတဲ့အခါ စိတ်လည်းကြည်လင်ပေါ့ပါးလာပါတယ်။ အဲဒီ့အခါ နောက်နေ့တွေမှာ ပြဿနာကို ဖြေရှင်းနိုင်စွမ်းတိုးလာပါတယ်။ ဘာပဲလုပ်လုပ် အာရုံစူးစိုက်မှုပိုကောင်းလာစေပါတယ်။

၄) ကိုယ့်ကိုယ်ကိုယ်ပြန်ပြီး နားလည်လက်ခံလာနိုင်စေပါတယ်။
ကိုယ့်စိတ်ကို ပြန်နားထောင်တယ်လို့ပြောရတာက ကိုယ်တစ်ယောက်တည်းရှိနေတဲ့အချိန်မှာ ကိုယ်စိတ်ကိုအေးဆေးတည်ငြိမ်အောင်ထားပြီး ကိုယ်လုပ်ချင်တာလေးကိုသာ အာရုံစိုက်လုပ်နေတာမို့ စိတ်ထဲက တစ်နေ့တာလုံးဖြစ်ပျက်ခဲ့သမျှ ကောင်းခြင်းဆိုခြင်းတွေအားလုံးကို မေ့သွားစေပါတယ်။ အဲဒီ့အခါ “အော်…..ငါက ဒါကို သဘောကျတာပါလား၊ အော်..ငါက ဒီလိုလုပ်လိုက်သင့်တာ၊ အော်…….ဒီနေရာမှာ ငါဘယ်လိုဆုံးဖြတ်ခဲ့တာ” စသဖြင့် အလားတူအတွေးမျိုးတွေ ပြန်တွေးဖြစ်လာပါတယ်။ တနည်းအားဖြင့် ကိုယ့်စိတ်ကိုကိုယ်နားလည်လာတာပါ။ အဲဒီ့အခါ နောက်နေ့တွေမှာ ကိုယ့်ဖြစ်ချင်တာကို ဘယ်လိုလုပ်သင့်သလဲဆိုတဲ့အတွေးအခေါ်မျိုး ရလာစေပါတယ်။ အဲဒါကြောင့် ကိုယ့်စိတ်ကိုယ်ပြန်ပြီး နားလည်လက်ခံလာနိုင်ပါတယ်လို့ဆိုတာပါ။

၅) ဆက်ဆံရေးလည်း တိုးတက်လာစေပါတယ်။
တနည်းအားဖြင့်တော့ စိတ်ရှင်း၊ ခေါင်းပေါ့သွားတဲ့အတွက် စိတ်ထဲက တင်းကြပ်မှုတွေပြေလျော့လာစေပါတယ်။ အဲဒီ့အခါ အခြားလူတွေကို စိတ်ရှည်စွာ ကောင်းမွန်စွာ ဆက်ဆံနိုင်လာပါတယ်။ စိတ်ဖိစီးနေတဲ့အခါ ဘာမှမဟုတ်တာလေးနဲ့တင် စိတ်ဆတ်နေတတ်ပါတယ်။ အဲဒါကြောင့် မိသားစုမှာဖြစ်ဖြစ်၊ အလုပ်ခွင်ဖြစ်ဖြစ်၊ လူအများနဲ့ဆက်ဆံတဲ့အခါ ပေါင်းသင်းဆက်ဆံရေးတိုးတက်စေပါတယ်။

၆) အလုပ်နဲ့ဘဝမျှတလာစေပါတယ်။
တနည်းအားဖြင့် “Me” Time ပုံမှန်သတ်မှတ်လာနိုင်တဲ့အခါ ဘဝမှာ အလုပ်အတွက်ချည်းအချိန်မပေးတော့ဘဲ ဘဝမှာ အခြားအရာတွေအတွက်လည်း အချိန်ပေးရကောင်းမှန်းသိလာပါတယ်။ အဲဒါကြောင့်လည်း အချိန်ပိုပေးလာတတ်ပါတယ်။ အဲဒီ့အတွက် ဘဝနဲ့အလုပ်၊ မိသားစုဘ၀ မျှတအောင်အချိန်ပေးတတ်လာပါတယ်။

၇) ကျန်းမာရေးပိုကောင်းလာနိုင်ပါတယ်။
စိတ်ကျန်းမာတဲ့အခါ လူက စိတ်သွားတိုင်းကိုယ်ပါနိုင်ပါတယ်။ အဲဒါကြောင့် စိတ်က ရှင်းပြီး ခေါင်းကြည်နေတဲ့အခါ စိတ်ကျန်းမာနိုင်ပါတယ်။ ကိုယ့်ဘာလုပ်ချင်တာလဲ၊ ကိုယ်ဖြစ်ချင်တာက ဘာလဲဆိုတာတွေကိုလည်း ရှင်းရှင်းသိမြင်လာတော့ ကိုယ့်ကိုယ်ကိုယ်ပိုနားလည်လာနိုင်ပါတယ်။ အဲဒီ့အခါ ကိုယ့်စိတ်နဲ့ကိုယ်ရန်မဖြစ်ရတော့ဘူးပေါ့။ အဲဒါကြောင့်စိတ်ကျန်းမာတဲ့အတွက် ကိုယ်ပါကျန်းမာလာနိုင်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။