စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ထိခိုက်စေတဲ့အကျင့် ၅ချက်

ကျွန်တော်တို့ နေ့စဉ်ရှင်သန်နေထိုင်နေတဲ့ ပုံစံတွေက ကျွန်တော်တို့တောင်မသိလိုက်ဘဲ ကျွန်တော်တို့ရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ဆိုးဝါးစေတဲ့အကျင့်တွေရှိနေပါတယ်။ အဲဒါတွေက ဘာတွေဖြစ်မလဲဆိုတာ သိပြီး ပြုပြင်နိုင်အောင် ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါအုံး။


၁) ခန္ဓာကိုယ်ကို လုံလောက်တဲ့လှုပ်ရှားမှုမပြုလုပ်ခြင်း
ကျွန်တော်တို့က ကျန်းမာရေးနဲ့ပတ်သက်ပြီး ပိုပြီး ဂရုစိုက်မှုတွေလိုလာပါတယ်။ ဒါပေမယ့် ကျန်းမာရေးနဲပတ်သက်တဲ့ ဂရုစိုက်မှုတွေကတော့ အားနည်းနေတုန်းပါပဲ။ လူတော်တေ်ာများများမှာ နှလုံးရောဂါ၊ ဆီးချိုနဲ့ အခြားကျန်းမာရေးပြဿနာတွေကို ငယ်စဉ်မှာပဲကြုံတွေ့နေကြတာကို သင်သိမှာပါ။ ရုံးမှာဆိုရင် ထိုင်ရာကမထဘဲ အချိန်အတော်ကြာအောင် လှုပ်ရှားမှုမလုပ်ဘဲ နေတတ်ကြပါတယ်။ လှုပ်ရှားမှုနည်းခြင်းက သင့်ရဲ့ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ အဲဒါက သင့်ကို စိတ်ပူပန်မှုတွေနဲ့ စိတ်ဓာတ်ကျခြင်းတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းက endorphins တွေကို ထုတ်လွှတ်ပေးပြီး သင့်ရဲ့စိတ်ပိုင်းဆိုင်ရာခံစားချက်တွေကို မြင့်တင်ပေးနိုင်ပါတယ်။ အဲဒါကြောင့် ဒီနေ့ခေတ်မှာ အဖြစ်များတဲ့စိတ်ပူပန်ခြင်း၊ စိတ်ဓာတ်ကျခြင်းတွေကို ကာကွယ်ပေးနိုင်ဖို့ ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးသင့်ပါတယ်။
၂) မလိုအပ်ဘဲ ပစ္စည်းတွေအများအပြားဝယ်ယူခြင်း
ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ တွေ့ရတဲ့လူတော်တော်များများက အမှန်တကယ်မလိုအပ်တဲ့အရာတွေကို ဝယ်ယူတတ်ကြပါတယ်။ သူတို့ဘဝမှာ ဘာမှမရှိသလို
ဟာတာတာဖြစ်နေတဲ့ခံစားချက်မျိုးကို
ဖြည့်ဆည်းလိုတဲ့ခံစားချက်ကြောင့်လည်းဖြစ်မယ်ထင်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ မလိုအပ်တဲ့ပစ္စည်းတွေကို ဝယ်ယူခြင်းက ပျော်ရွှင်မှုကို ဝယ်ယူခြင်းမဟုတ်ပါဘူးတဲ့။ အမှန်တကယ်တော့ မလိုအပ်တဲ့ပစ္စည်းတွေအများအပြား ဝယ်ယူခြင်းက စိုးရိမ်ပူပန်ခြင်းနဲ့ ဖိစီးမှုတွေကိုတောင် ဖြစ်စေနိုင်ပါတယ်တဲ့။ ကိုယ်အသုံးပြုဖို့ ဝယ်ယူတဲ့အရာတွေထက် ကိုယ်တိုင်လုပ်ကြည့်ပြီး၊ ကြိုးစားကြည့်ပြီးမှ ရလာတဲ့အရာတွေနဲ့ အတွေ့အကြုံတွေကသာ လူသားတွေကို ပျော်ရွှင်မှုပေးနိုင်တာပါလို့ လေ့လာသူတွေက တွေ့ရှိခဲ့ပါတယ်။
၃) အိပ်ချိန်ပြည့်ဝအောင် မအိပ်စက်ခြင်း
အိပ်ရေးမဝခြင်းနဲ့ စိတ်ပူပန်းခြင်း၊ စိတ်ဓာတ်ကျခြင်းတွေက တိုက်ရိုက်ဆက်စပ်နေပါတယ်။ အိပ်စက်ချိန်ပြည့်ဝအောင် အိပ်စက်ဖို့လိုအပ်ပါတယ်။ ဒါပေမယ့် ဒီနေ့ခေတ်မှာ အိပ်စက်ချိန်ကို သိပ်အလေးမထားကြတော့ပါဘူး။ နည်းပညာတိုးတက်လာခြင်း၊ ဖိစီးမှုများလာခြင်း၊ လေ့ကျင့်ခန်းမလုပ်ခြင်း၊ အစာအာဟာရမျှတမှုမရှိခြင်းနဲ့ အခြားအချက်တွေကြောင့် အိပ်စက်ချိန်မလုံလောက်တော့ပါဘူး။ အဲဒီ့အချက်တွေက စိတ်ဖိစီးမှုနဲ့ စိုးရိမ်မှုတွေကို နှိုးဆွနေသလိုဖြစ်နေပါတယ်။ တစ်နေ့တာလုံး လန်းဆန်းတက်ကြွနေစေဖို့ သောက်သုံးတဲ့ ကဖင်းဓာတ်ပါဝင်တဲ့ ကော်ဖီ၊ အချိုရည်တွေကလည်း ညအချိန်မှာ အိပ်စက်မရအောင် နှောင့်ယှက်နိုင်ပါသေးတယ်။
၄) ဖုန်းအလွန်အကျွံသုံးခြင်း
မိုဘိုင်းဖုန်းနည်းပညာတွေတိုးတက်လာကတည်းက စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာတွေလည်း တိုးတက်လာတယ်ဆိုတာ တွေ့ရပါတယ်။ လေ့လာတွေ့ရှိချက်တစ်ခုမှာ လူမှုကွန်ရက်မှာအချိန်ဖြုန်းတာများလာတဲ့သူတွေဟာ စိတ်ဓာတ်ကျခြင်းဝေဒနာကဲ့သို့စိတ်ပိုင်းဆိုင်ရာပြဿနာတွေအများအပြားရှိလာတယ်လို့တွေ့ရပါတယ်။
ဖုန်းတွေမရှိခင်တုန်းက လူတွေက တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင် စကားပြောတာကလွဲပြီး စိတ်အနှောက်အယှက်ဖြစ်စရာတွေသိပ်မရှိပါဘူး။ အခုခေတ်မှာတော့ လူမူကွန်ရက်တွေမှာ လက်တွေ့ဘဝရဲ့ စစ်မှန်မှုနည်းပါးလာပါတယ်။ ကျွန်တော်တို့ အချင်းချင်း ပြင်ပမှာ ဆက်သွယ်မှုနည်းပါးပြီး လူမှုကွန်ရက်မှာဆက်သွယ်မှုတွေကိုသာ အစစ်အမှန်လိုထင်မြင်လာကြပါတယ်။ အဲဒါက စိုးရိမ်ပူပန်ခြင်းနဲ့ စိတ်ဓာတ်ကျခြင်းတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။
၅) ပြင်ပလောကနဲ့ အချိန်လုံလောက်စွာ ထိတွေ့မှုမရှိခြင်း
ကျွန်တော်တို့က သဘာဝပြင်ပလောကနဲ့ထိတွေ့ရှင်သန်ဖို့လိုအပ်ပါတယ်။ နေရောင်ခြည်နဲ့ထိတွေ့မှုကင်းမဲ့ခြင်းက သင့်ခန္ဓာကိုယ်မှာ ဗီတာမင်စီဓာတ်နည်းပါးစေပါတယ်။ သင့်ရဲ့စိတ်ခံစားမှုတွေနဲ့ ခုခံစွမ်းအားကို လျော့ကျစေတာနဲ့အတူတူပါပဲ။ ပန်းခြံမှာ လမ်းလျှောက်ထွက်တာမျိုး၊ မနက်ခင်းနေရောင်ခြည်မှာ လေ့ကျင့်ခန်းလုပ်တာမျိုးက မြို့ထဲကလမ်းတွေမျာ လမ်းလျှောက်တာမျိုးထက်စာရင် ပိုပြီး ကျန်းမာရေးနဲ့ညီညွှတ်သလို၊ ရှုပ်ထွေးမှုတွေလည်း နည်းပါးပါတယ်။
ဒီနေ့ခေတ်မှာ တိုးတက်မှုတွေများပြားလာပေမယ့် ကျန်းမာရေးအရတော့ မပြည့်စုံကြတော့ပါဘူး။ အဲဒါကြောင့် သင့်ကိုသင် အထက်က အချက် ၅ချက်ကိုလုပ်နေမိတယ်ဆိုရင် လျော့ပါ၊ ပြုပြင်ဖို့ကြိုးစားပါ။ သဘာဝလေနုအေးနဲ့ ထိတွေ့ဖို့အချိန်ပေးပါ၊ နေရောင်နဲ့ ထိတွေ့ပါ၊ ကျန်းမာတဲ့အစားအစာတွေစားပါ၊ အိပ်ရေး၀၀အိပ်ပါ၊ နည်းပညာတွေကို အကန့်အသတ်နဲ့ အသုံးပြုဖို့ ကြိုးစားပါ။ သဘာဝပတ်ဝန်းကျင်နဲ့ထိတွေ့မှုရှိဖို့ ကြိုးစားပါလို့တိုက်တွန်းလိုက်ရပါတယ်။
https://www.powerofpositivity.com/mental-health-bad-habits/?fbclid=IwAR26SpXHZLvZLjNSsgibTiNXzbv-v056SPQ7ppdzFDAhA34RpoXg1pRy_1g
လင့်မှ ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။