လူတွေကို သင့်အနားက ရှောင်ဖယ်သွားစေတဲ့ အပြုအမူဆိုးများ

လူတိုင်းမှာ အကျင့်ဆိုးတွေတော့ရှိကြတာချည်းပါပဲ။ အကျင့်ဆိုးတွေထဲကမှ လူတွေက သင်နဲ့အပေါင်းအသင်းမဖြစ်ချင်တော့ဘဲ သင့်အနားကနေ ရှောင်ဖယ်သွားစေတဲ့အပြုအမူဆိုးတွေလည်း ရှိရင်ရှိနေမှာပါ။ ကိုယ့်ကိုကိုယ်မသိဘဲ ပြုမူမိနေတာလေးတွေရှိတယ်ဆိုရင် ဒီဆောင်းပါးကိုဖတ်ပြီး ပြုပြင်လိုက်ပါနော်။


၁) အတ္တကြီးခြင်း
လူတွေနဲ့ပေါင်းသင်းဆက်ဆံတဲ့အခါ သင့်ရဲ့စကားလုံးတွေနဲ့အပြုအမူတွေကို စဉ်းစားချင့်ချိန်ပြီးမှ အသုံးပြုသင့်ပါတယ်။ လူဆိုတာက အတ္တရှိကြတာ မဆန်းပေမယ့် အမြဲတမ်း အတ္တကြီးစွာနဲ့ ကိုယ့်အတွက်ကိုယ်ကြည့်နေလို့တော့မဖြစ်ပါဘူး။
သင့်ဘဝမှာ ပေါင်းသင်းဆက်ဆံတဲ့အခါ အတ္တကြီးစွာ သင့်အတွက်ပဲသင်စဉ်းစားပြီး လုပ်နေခဲ့တယ်ဆိုရင် အခါပေါင်းများစွာဖြစ်လာတဲ့အခါမှာ သင့်အနားမှာ စစ်မှန်တဲ့လူတွေရှိနိုင်တော့မှာမဟုတ်ပါဘူး။ သင့်ဘဝမှာ ပျော်ရွှင်စွာနဲ့ စစ်မှန်တဲ့အပေါင်းအသင်းတွေနဲ့အတူရှိချင်တယ်ဆိုရင်တော့ အတ္တကြီးလို့မဖြစ်ပါဘူး။ အပြန်လှန် ပေးဆပ်သင့်တာပေးဆပ်ပြီး နားလည်မှုရှိမှဖြစ်မှာပါ။

၂) အတွေးခေါင်ခြင်း
လူတစ်ယောက်ရဲ့အပြုအမူတိုင်း၊ စကားလုံးတိုင်းကို သင့်အပေါ် စောင်းမြောင်းနေတယ်၊ သင့်ကိုတိုက်ခိုက်နေတယ်၊ သင့်ကိုပြိုင်ဆိုင်နေတယ်လို့ အမြဲလိုလို သင့်စိတ်ထဲထင်မြင်နေတယ်ဆိုရင် သင့်ပတ်ဝန်းကျင်က လူတွေနဲ့ရေရှည်ပေါင်းသင်းဖို့အဆင်မပြေနိုင်ပါဘူး။ လူတိုင်းရဲ့အပြုအမူတွေက သင့်ကိုထိခိုက်စေတဲ့ရည်ရွယ်ချက်နဲ့ ဟုတ်ချင်မှဟုတ်မှာပါ။ လူတိုင်းက သူ့အတွေးတွေနဲ့သူ၊ သူအပူတွေနဲ့သူပါ။ သင့်ကို အချိန်တိုင်းလိုက်မကြည့်နေနိုင်ကြပါဘူး။ အမြဲလိုလို တဖက်လူက ကိုယ့်ကို ထိခိုက်စေတယ်လို့ထင်နေပြီး အမြဲတမ်း ပြန်လည်တိုက်ခိုက်ဖို့စဉ်းစားနေတယ်ဆိုရင် သင့်ကိုသင်ပြန်ဆန်းစစ်သင့်နေပါပြီ။ အဲဒီ့အတွေးတွေက သင့်ကိုပူလောင် ဒေါသများစေသလို၊ သင့်ပတ်ဝန်းကျင်မှာလည်း တဖြေးဖြေး စစ်မှန်တဲ့အပေါင်းအသင်းဆိုတာ ရှိတော့မှာမဟုတ်ပါဘူး။

၃) ကိုယ်မှန်တယ်သာ ထင်ခြင်း
အမြဲလိုလို ကိုယ်သာအမှန်၊ ကိုယ်သာအကောင်း၊ ကိုယ်လုပ်နေတာက အကောင်းဆုံးဆိုတဲ့စိတ်မျိုးရှိနေရင်လည်း သင့်အပေါ်စစ်မှန်တဲ့သူတွေ သင့်အနားမှာ တစ်ယောက်မှရှိတော့မှာမဟုတ်ပါဘူး။ လူတိုင်း အမြဲမမှန်သလို၊ အမြဲလည်းမမှားနိုင်ပါဘူး။ အဲဒါကြောင့် သင်မှန်နေတာမျိုးရှိသလို သင်မှားနေတာလည်း ရှိမှာပါပဲ ။ သင်မှန်နေရင်လည်း တဖက်လူကို အပြစ်မတင်သင့်သလို သင်မှားနေခဲ့ရင်လည်း မှားသွားကြောင်းတော့ ပြောပြဝန်ခံသင့်ပါတယ်။ တဖက်လူက မှန်နေတာမျိုးမှာလည်း မှန်ကန်ကြောင်းအသိအမှတ်ပြုပေးသင့်ပါတယ်။ လူရဲ့သဘောကိုက ကိုယ့်အတွက်ချည်းကြည့်တတ်ကြတာမို့ အတ္တကြီးလွန်းပြီး ကိုယ့်အတွက်သာ အလွန်အကျွံ့ဖြစ်နေတယ်လို့ထင်တဲ့သူအနားမှာ မနေချင်တတ်ကြပါဘူး။ အခြားသူကိုအသိအမှတ်ပြုစေချင်သလို ကိုယ့်ကိုအသိအမှတ်မပြုချင်သူအနားမှာ ဘယ်သူမှမနေချင်ကြပါဘူး။

၄) ပြည့်စုံချင်လွန်းခြင်း
လူသားတိုင်းက မပြည့်စုံတတ်ကြပါဘူး။ အားနည်းချက်နဲ့အမှား တစ်ခုမဟုတ်တခုတော့ ရှိတတ်ကြတာချည်းပါပဲ။ အောင်မြင်မယ်ဆိုတာချည်းလည်း မရှိနိုင်သလို ကျရှုံးမှုလည်းကြုံရမှာပါပဲ။ ဒါပေမယ့် အမြဲလိုလို အမှားအယွင်းမရှိဖြစ်ချင်တယ်၊ အမြဲလို အကောင်းဆုံးချည်းဖြစ်ချင်တယ်၊ အမြဲလို အပြစ်အနာမရှိ၊ အမြဲလို အမှားမရှိတဲ့လူတစ်ယောက်ဖြစ်ချင်နေတယ်ဆိုရင်တော့ ပြဿနာဖြစ်လာပါတယ်။ အဲဒီလို အရာအားလုံးအပြစ်အနာအဆာမရှိ ပြည်စုံချင်လွန်းတဲ့သူတွေမှာ ဘယ်တော့မှ ပြည့်စုံနေတယ်လို့ ခံစားရမှာမဟုတ်ပါဘူး။ တခုမဟုတ် တခု အပြစ်တော့မြင်နေမှာပါပဲ။ အဲဒီလိုလူမျိုးအနားမှာ ဘယ်သူနေနေ အကောင်းလည်း အပြောခံရမှာမဟုတ်ပါဘူး။ အဲဒါကြောင့် အဲဒီလိုလူမျိုးကို လူတိုင်းတဖြေးဖြေးစွန့်ခွာသွားတတ်ပါတယ်။

၅) ပြင်းထန်စွာဝေဖန်တတ်ခြင်း
ပျော်ရွှင်ပြီး အောင်မြင်နေတဲ့ လူတွေက အပြင်းအထန်မဝေဖန်တတ်ပါဘူး။ တဖက်မှာတော့ အပြင်းအထန်ဝေဖန်တတ်သူတွေကတော့ အမြဲလိုစိတ်အလိုမကျဖြစ်နေတတ်ပြီး မကောင်းမြင်တဲ့စိတ်အမြဲလိုရှိနေတတ်ပါတယ်။ ကျွန်တော်တို့တွေဟာ မတူညီတဲ့ပတ်ဝန်းကျင်၊ မတူညီတဲ့ဘဝအခြေအနေအရဖြတ်သန်းလာကြတာမို့ အမြင်ချင်း၊ အယူအဆခြင်း မတူညီနိုင်ပါဘူး။ သူ့ဘဝအခြေအနေအားလုံးကို ကိုယ်မကြုံတွေ့ခဲ့ဖူးသလို ကိုယ့်ဘဝအခြေအနေမျိုးကိုလည်း သူက ကြုံဖူးချင်မှ ကြုံဖူးမှာပါ။ အဲဒါကြောင့် ဘယ်သူ့ကိုမှ ကိုယ်အတွေ့အကြုံနဲ့ နှိုှု်င်းယှဉ်ပြီး မဝေဖန်သင့်ပါဘူး။ သူတို့လိုအခက်အခဲမျိုးကိုယ်မှမဖြစ်ခဲ့ဖူးတာကိုး။ အဲဒီလို သူတဖက်သားအခက်အခဲ၊ အကြပ်အတည်းကို နားမလည်ပေးနိုင်တဲ့သူမျိုးနားမှာလည်း ဘယ်သူကမှ ကြာကြာမနေနိုင်ပါဘူး။ အပြစ်ချည်းတင်နေမှာကြောင့်ဖြစ်ပါတယ်။

၆) အဆိုးမြင်စိတ်များခြင်း
အခြားသူတွေဘာလုပ်လုပ် အဆိုးတွေမြင်တတ်သူက အဆိပ်အတောက်လိုလူမျိုးပါပဲ။ “နင့်ဝယ်လာတာမကောင်းဘူး….ငါဝယ်လာတာမှကောင်းတာ” စတာနဲ့အဓိပ္ပါယ်တူတဲ့စကားမျိုးနဲ့အပြစ်တွေပြောနေတာမျိုးက သင့်အနားမှာ ဘယ်သူမှရှိနိုင်တော့မှာမဟုတ်ပါဘူး။ အကောင်းမြင်စိတ်နဲ့မြင်တတ်ခြင်းက သင့်အတွက် စိတ်ချမ်းသာစေသလို၊ သင့်ပတ်ဝန်းကျင်လူတွေကိုလည်း စိတ်ချမ်းသာစေနိုင်ပါတယ်။ အဆိုးမြင်စိတ်များခြင်းက ဘယ်နေရာမှာမဆို အပြစ်တွေ၊ စိတ်ဆင်းရဲစရာတွေ၊ နာကျင်စရာတွေကိုသာ မြင်နေတွေ့နေ ခံစားနေရမှာဖြစ်ပါတယ်။ အဲဒါကြောင့် သင့်ဘဝကို မကောင်းတဲ့စိတ်လွှမ်းမိုးနေစေပါတယ်။ အဲလို အဆိုးမြင်ပြီး မကောင်းပြောလေ့ရှိတဲ့သူမျိုးကို မိတ်ဆွေအစစ်အမှန်အဖြစ်ဘယ်သူကမှ မပေါင်းသင်းနိုင်ပါဘူး။
အထက်က အကျင့်တွေက သင့်မှာရှိနေတယ်ထင်ရင်လည်း ချက်ချင်းပြုပြင်လိုက်ပါ။ လောကမှ လူရယ်လို့ဖြစ်လာရင် မိတ်ဆွေအပေါင်းအသင်းကောင်းတွေနဲ့ ဝန်းရံထားမှ အရေးအကြောင်းအကူညီလိုအပ်တဲ့အခါ ဖေးမကူညီမယ့်သူ တစ်ယောက်မဟုတ် တစ်ယောက်ရှိနိုင်မှာဖြစ်ပါတယ်။ အဆိပ်အတောက်လိုအကျင့်ဆိုးမျိုးရှိတဲ့လူကို အဆိပ်အတောက်လိုလူအဖြစ်သတ်မှတ်ပြီး ဘယ်သူကမှ ပေါင်းသင်းပတ်သက်ချင်မှာမဟုတ်ပါဘူး။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။