လူသစ်၊ စိတ်သစ် ဘဝသစ်ဖြင့် စတင်ပါ။

စိတ်သစ်၊ လူသစ်ဆိုတဲ့စကားက လူတစ်ယောက်ကနေ အခြားလူတစ်ယောက်လို ချက်ချင်းပြောင်းလဲပစ်လိုက်ပြီး နေထိုင်သွားပါလို့ဆိုလိုချင်တာပါ။ လူတစ်ယောက်က တစ်သက်လုံးကိုယ်နေလာတဲ့ပုံစံကနေ လုံးဝမတူတဲ့လူတစ်ယောက်လို ချက်ချင်းပြောင်းလဲပစ်ဖို့ဆိုတာ ဘယ်လွယ်ပါ့မလဲ။


ပြောချင်တဲ့အဓိပ္ပါယ်က ကိုယ်ရဲ့အတိတ်အဟောင်းကဖြစ်ဖြစ်၊ ဖြစ်ပြီးသွားတဲ့နေ့ရက်တွေမှာ ခံစားရခဲ့သမျှ၊ နာကျင်ခဲ့သမျှတွေ၊ ဒဏ်ရာတွေ၊ အနာတရတွေ၊ အသည်းကွဲကြေမှုတွေ၊ ဘဝရဲ့ဒဏ်ရာဒဏ်ချက်တွေ စသည်ဖြင့် အားလုံးသော ကိုယ့်ဘဝရဲ့မကောင်းသမျှ အမည်းရောင် အညစ်အကြေးတွေအားလုံးကို ကိုယ်နဲ့မသက်ဆိုင်တော့သလို လွှင့်ပစ်ခဲ့လိုက်ပြီး အခြားသောလူတစ်ယောက်လို လူသစ်တစ်ယောက်လို၊ ခံစားချက်အသစ်တွေ၊ စိတ်အသစ်တွေနဲ့ ပြန်လည်စတင်စေချင်တာဖြစ်ပါတယ်။
ပြောတာသာလွယ်တာပါ…..တကယ်တမ်းလိုက်လုပ်ကြည့်ရတာတော့ အင်မတန်ခက်မှာပါ။ ဒါပေမယ့် ခက်ခဲတာကိုလုပ်နိုင်သွားခဲ့ရင် ကိုယ့်ဘဝကလည်း တကယ်ကို စိတ်သစ်၊ လူသစ်နဲ့မို့ တိုးတက်မှုအသစ်တွေနဲ့ ပြန်လည်တက်ကြွလန်းဆန်းလာမှာပါ။ ပြန်လည်တိုးတက်လာပါလိမ့်မယ်။ လူတော်တော်များများကတော့ တကယ်တမ်းတော့ မလွယ်ပါဘူး….ဆိုတဲ့ မခိုင်လုံတဲ့အကြောင်းပြချက်လေးတစ်ခုကို ကိုင်စွဲပြီးတော့ သင့်ဘဝကို ညစ်နွမ်းနေတဲ့ဘဝအတိုင်းပဲဆက်နေသွားချင်ရင်လည်း သင့်ရဲ့ဆုံးဖြတ်ချက်ပါပဲ။ တိုးတက်မှုကို လိုချင်သူကတော့ ကိုယ်ကိုကိုယ်စိန်ခေါ်နိုင်မှ ရတာပါ။ ဘဝမှာတော်တော်များများက နာကျင်ကြေကွဲစရာတွေလည်း ကြုံဖူးကြမှာပါပဲ၊ ကံဆိုးမှုတွေ၊ နာကျင်မှုတွေ၊ ပျော်ရွှင်စရာတွေ၊ ဝမ်းသာစရာတွေ စသည်ဖြင့် ပျော်တလှည့်၊ ငိုတလှည့်ကသာ ဘဝပဲမဟုတ်ပါလား။ အရေးကြီးတာက ပြန်လည် စတင်နိုင်ဖို့ပါ။
သင့်ဘဝမှာ နာကျင်မှုတွေ၊ ယူကြုံးမရမှုတွေ ကြုံလာရတဲ့အခါ သင်ဘယ်လိုလက်ခံပြီး သင့်ဘဝကို ဘယ်လိုပြန်လည်စတင်မလဲဆိုတာက ပိုပြီး အရေးကြီးပါတယ်။ တခါတလေကျတော့ ပြန်လည်မစတင်နိုင်တော့တဲ့ဘဝမျိုးကိုလည်း သင်မြင်ဖူးမှာပါ။ ဥပမာ။ စီးပွားတွေပျက်စီးသွားလို့ ဆင်းရဲမွဲတေသွားတယ်ဆိုရင် ထိုအတိုင်းပဲ ရှေ့ဆက်သွားမယ်၊ ပြန်လည်မစတင်ဘူးဆိုရင် ဘဝကလည်း ပျက်စီးစုတ်ပြတ်သတ်နေမှာပါပဲ။ အဲလိုပဲ ပြန်လည်တိုးတက်ချင်တယ်ဆိုရင်တော့ ပြန်လည်စတင်ကြိုးစားမှပဲရမှာပါ။
ဘဝရဲ့ဆိုးရွားမှုတွေကို အမြဲလက်ခံပြီး ပိုက်ထွေးထားစရာမလိုပါဘူး။ ဘဝမှာ ဆိုးရွားမှုတွေကြုံရမှာပါပဲ၊ အဲဒီ့အခါ အဲဒါကိုပဲ တသသတွေးလို့ ဒီတိုင်းဆိုးရွားမှုတွေကို ပိုက်ထွေးထားရင် သင့်စိတ်ပင်ပန်းတာနဲ့ သင့်ရဲ့တန်ဖိုးရှိတဲ့အချိန်တွေကုန်သွားတာပဲ အဖတ်တင်မှာပေါ့။ (မနာကျင်ရဘူး….မခံစားရဘူး…..လို့မဆိုလိုပါဘူး။ အချိန်အတိုင်းအတာတစ်ခုအထိ နာကျင်ပါ။ လက်ခံပါ။ အဲဒီအပေါ်မှာပဲ မြောပါ မနေပါနဲ့) နာကျင်ပြီးရင် သင်ခန်းစာယူပြီး နာကျင်သမျှကို ထားခဲ့လိုက်ပါတော့။ နာကျင်သမျှကို သင်ခန်းစာလည်းမယူနိုင် ကိုယ့်ကိုကိုယ်လည်း ပြန်လည်မတည်ဆောက်နိုင်၊ ပူဆွေးဝမ်းနည်းမှုထဲမှာသာ တဝဲ၀ဲလည်နေရင်တော့ သင့်ဘ၀ ဘယ်တော့မှ တိုးတက်တော့မှာမဟုတ်ပါဘူး။

အဲဒီ့တော့ နာကျင်သင့်သလောက်နာကျင်ပါ၊ ခံစားပါ၊ ပြီးရင်တော့ ပြန်လည်နိုးထပါ။ ပြန်လည်စတင်ပါ။ နာကျင်မှုတွေဆီကနေ ဘာတွေသင်ယူနိုင်မလဲ စဉ်းစားပါ။ ဘယ်လို ခွန်အားမျိုးတွေရနိုင်မလဲ ရှာကြံတွေးပါ။ ကိုယ့်ကို အနာတရဖြစ်စေခဲ့သမျှ အရာတွေအားလုံးကို ပစ်ချခဲ့လိုက်ပါ။ ခံစားချက်မှန်သမျှတောင် ပေါ့ပါးသွားပါလိမ့်မယ်။ ကိုယ်ဘယ်လိုတိုးတက်စေနိုင်မလဲ….သာ အချိန်ပြည့်အာရုံပြန်စိုက်ပါ။ ပူဆွေးခြင်းတွေ ထပ်ဝင်လာဖို့၊ ပြန်တွေးဖို့ အချိန်မရလောက်အောင် ကိုယ့်ဘဝကို စိတ်သစ်၊ လူသစ်၊ ဘဝသစ်ဖြင့် စတင်လိုက်ပါ။
အားလုံးပဲ ပြန်လည်စတင်နိုင်ကြပါစေ။#Bawa101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။