လူငယ်တွေ ငွေကိုထိန်းချုပ်စီမံဖို့နည်းလမ်းများ

လူငယ်တွေအနေနဲ့ ငွေကို သုံးစွဲတတ်ဖို့အရေးကြီးပါတယ်။ ငွေရဲ့တန်ဖိုးကိုလည်း နားလည်ဖို့လိုပါတယ်။ ငွေကို မသုံးစွဲတတ်ခြင်း၊ စနစ်တကျမရှိခြင်းဟာ ငွေရဲ့ထိန်းချုပ်မှုကိုခံရဖို့အလားလာများပါတယ်။ အဲဒီ့အတွက် ငွေကို အလွယ်တကူမရနိုင်ကြောင်း၊ ငွေကို မဖြုန်းသင့်ကြောင်း ၊ အသုံးနဲ့အဖြုန်းကိုခွဲခြားနားလည်သင့်ပါတယ်။ ကိုယ်တိုင်ဝင်ငွေရတဲ့အလုပ်လုပ်ရတဲ့အခါမျိုးမှာဆိုရင် ပိုပြီး ငွေဝင်ငွေထွက်ကို နားလည်ပြီး ငွေကိုစနစ်တကျလည်းသုံးတတ်နိုင်ချေရှိပါတယ်။ အဲဒါကြောင့် လူငယ်တွေငွေကို ထိန်းချုပ်စီမံနိုင်မယ့် နည်းလမ်းအချို့ကိုဖော်ပြပေးလိုက်ပါတယ်။


၁) ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်နိုင်ဖို့သင်ယူပါ။
အဓိကကတော့ ငွေလက်ထဲရောက်လာတဲ့အခါ လိုချင်တာတွေဝယ်မယ်၊ စားချင်တာတွေစားမယ်၊ စသဖြင့် စိတ်ထဲရှိသလို သုံးဖြုန်းချင်တဲ့စိတ်ကို ထိန်းတတ်ဖို့လိုတာပါ။ လူငယ်ဘဝမှာကတည်းက ကိုယ့်ရဲ့ငွေသုံးချင်တဲ့စိတ်ကို ထိန်းတတ်သွားတဲ့အခါ ကိုယ့်အတွက် တကယ်လိုအပ်တဲ့ပစ္စည်းအတွက်သာ ငွေကိုသုံးဖို့နားလည်လာစေပါတယ်။ ငွေရဲ့တန်ဖိုးကိုသိနေတဲ့အတွက်ကြောင့် ကိုယ့်ငွေကို အလကားဖြစ်စေမယ့်နည်းလမ်းတွေကို မလုပ်ရက်တော့ပါဘူး။ အဲဒါကြောင့် လူငယ်ဘဝမှာကတည်းက ငွေကို သုံးချင်ဖြုန်းချင်စိတ်ကို ထိန်းချုပ်နိုင်ဖို့သင်ယူသင့်ပါတယ်။

၂) အသုံးနဲ့အဖြုန်းခွဲခြားတတ်ပါစေ။
ဒါကတော့ သိပြီးသားပါ။ လူငယ်မှမဟုတ်ပါဘူး ဘယ်သူမဆို လိုအပ်တာပါ။ အသုံးနဲ့အဖြုန်းဆိုတာက ကိုယ့်အတွက် တကယ်မဖြစ်မနေလိုအပ်လို့ဝယ်ရမယ့်ပစ္စည်းမျိုးတွေကိုသာ ဝယ်ခြင်းက အသုံးဖြစ်ပြီး ကိုယ့်အတွက် တကယ်လည်းမလိုအပ်၊ ရှိပြီးသားကိုလည်း ထပ်ခါထပ်ခါဝယ်နေတာမျိုး ၊ ဝယ်ပြီး အသုံးမလိုတဲ့အခါ ပစ်ထားလိုက်တာမျိုးတွေကတော့ အဖြုန်းလို့ခေါ်ပါတယ်။ အဲဒီ၂မျိုးက ငွေသုံးနည်းရဲ့အခြေခံပါပဲ။ ထို၂မျိုးကိုနားလည်သွားတဲ့အခါမှာတော့ စနစ်တကျငွေကိုသုံးတတ်လာပါလိမ့်မယ်။ အဲဒါကြောင့် အသုံးအဖြုန်းကို လူငယ်ဘဝမှာ နားလည်အောင် သင်ယူထားသင့်ပါတယ်။ လူငယ်ဘဝမှာကတည်းက အဲဒါကိုနားမလည်ထားရင် မကောင်းတဲ့အကျင့်ကစွဲလွယ်တယ်ဆိုတဲ့အတိုင်း မြင်သမျှ ဝယ်ချင်စိတ်ပေါက်လာတိုင်း ဝယ်ပစ်တတ်တဲ့အကျင့်ကလည်း စွဲသွားပြီး ဖြုန်းဖို့စဉ်းစားရာကနေ လမ်းမှားရောက်သွားနိုင်ပါတယ်။

၃) ပုံမှန်စုငွေထားပါ။
လူငယ်ဘဝမှာကတည်းက ပုံမှန်စုငွေရယ်လို့သတ်မှတ်ပြီး စုထားသင့်ပါတယ်။ အဲဒါမှ စုငွေတိုးလာလေလေ ငွေစုဖို့ရာ စိတ်ဓာတ်တက်ကြွလာလေလေ ငွေလည်းတိုးလာလေလေဖြင့် ငွေစုတတ်သည့်အကျင့်လေးဖြစ်လာပါလိမ့်မယ်။ တစတစ တိုးလာသောငွေတွေကို သုံးရမှာတောင် နှမြောလာပါလိ့မ်မယ်။ အဲဒါကြောင့် ပုံမှန်စုငွေစုတတ်တဲ့အကျင့်ဖြစ်အောင်ကျင့်ပါ။ အဲဒီ့အကျင့်ကနေမှတဆင့် အသုံးနဲ့အဖြုန်းပါ နားလည်လာပါလိမ့်မယ်။

၄) ငွေကိုအကျိုးရှိအောင်ဘယ်လိုသုံးမလဲသင်ယူပါ။
ဒါကတော့ စာတွေဖတ်တာ၊ ငွေသုံးဖို့နည်းလမ်းတွေ၊ ငွေကို ရင်းနှီးမြုပ်နှံရင်းကြွယ်ဝလာတဲ့သန်းကြွယ်သူဌေးတွေစသဖြင့် စာတွေဖတ်ရင်း လေ့လာသင်ယူသင့်ပါတယ်။ သူတို့တွေအောင်မြင်လာခြင်းဟာ ငွေကို အကျိုးရှိအောင် ဘယ်လိုအသုံးချသလဲဆိုတာကို တဆင့်ပြန်ပြီး သင်ယူသင့်ပါတယ်။ အဲဒါမှသာ ကိုယ့်အလှည့်ကျရင် ဘယ်လိုလုပ်သင့်သလဲဆိုတဲ့အတွေးအမြင်တွေရလာနိုင်မှာပါ။

၅) အရေးအပေါ်အတွက်သီးသန့်စုငွေထားပါ။
အရေးပေါ်သီးသန့်စုငွေဆိုတာ ထားကိုထားသင့်ပါတယ်။ လူငယ်မို့ အရေးပေါ်စုစရာမလိုသေးဘူးရယ်လို့မရှိပါဘူး။ အရေးတစ်ခုခုကြုံလာတဲ့အခါဖြစ်ဖြစ်၊ ကိုယ့်မိဘမောင်နှမတစ်ခုခုဖြစ်တာဖြစ်ဖြစ် ကိုယ့်လက်ထဲအရေးပေါ်အတွက်သီးသန့်ငွေစုထားတဲ့အခါ ထိုအခြေအနေမျိုးမှာ ဘယ်သူ့ကိုမှအောက်ကျခံစရာမလိုတော့ပါဘူး။ အဲဒါအပြင် သင့်အတွက်လည်း အရေးပေါ်စုငွေဖြစ်တာကြောင့် သင်အလုပ်မရှိတော့လို့ အလုပ်နားနေတာမျိုး၊ ကျောင်းတက်ရမှာမို့ အလုပ်နားလိုက်တာမျိုးဆိုတဲ့အခြေအနေမျိုးတွေမှာ ထိုငွေက ကိုယ့်အတွက် တကယ်အသုံးဝင်စေမှာပါ။ အဲဒါကြောင့် အရေးပေါ်အခြေအနေသုံးဖို့အတွက်ဆိုပြီး စုငွေသီးသန့်ဖယ်စုသင့်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။