လူငယ်တွေ ဘွဲ့ရပြီးတဲ့အခါ ဘာဆက်လုပ်သင့်သလဲ…….
တော်တော်များများက ဘွဲ့ရပြီးတဲ့အခါ ဘာဆက်လုပ်ရမလဲ၊ ဘာဆက်တက်ရမလဲ….၊ ဘာအလုပ်လုပ်ရမလဲ….၊ စသည်ဖြင့် ဇဝေဇဝါဖြစ်တတ်ကြပါတယ်။ တစ်ချို့တွေကျတော့လည်း အပြင်လောက လုပ်ငန်းခွင်မှာ ဘာတွေအသုံးတည့်မယ်၊ မတည့်ဘူး၊ ကိုယ်တိုင်စိတ်ပါဝင်စားမှု ရှိမရှိလည်း မသိဘဲ ပတ်ဝန်းကျင်ကဖြစ်စေ၊ အခြားသူများက ဖြစ်စေ အကြံပေးတဲ့သင်တန်းမျိုးတွေကို ပြေးတက်ကြပြန်ပါတယ်။ တက်ပြီးခါမှ သင်တန်းကြေးတွေလည်း ကုန်၊ အချိန်လည်းကုန်၊ ကိုယ်တိုင်လည်း လုံးဝစိတ်မဝင်စား၊ စိတ်မဝင်စားတော့ သင်တန်းတက်ပေမယ့် အလကားဖြစ်ကြပြန်ပါတယ်။ အဲလိုတွေမဖြစ်ရအောင် လူငယ်တွေ ဘွဲ့ရပြီးတဲ့အခါ ဘာဆက်လုပ်သင့်သလဲ၊ ကိုယ့်ကိုကိုယ်ဘယ်လိုပြန်မေးမလဲ၊ ပြန်တွေးမလဲဆိုတဲ့အချက်တွေ ဖော်ပြပေးလိုက်ပါတယ်။
ဘာလို့အလုပ်ခေါ်တဲ့ဂျာနယ်ကိုဖတ်ခိုင်းရသလဲဆိုရင် အလုပ်ခေါ်တဲ့ဂျာနယ်တွေမှာက ဘယ်ပိုစ့်အတွက် ဘာတွေတက်ထားရမယ်ဆိုတဲ့ ပို့စ်နဲ့ယှဉ်တွဲဖော်ပြချက်တွေပါပါတယ်။ ဥပမာ၊ office staff တစ်ယောက်က အခြေခံ ကွန်ပျူတာ တတ်ရမယ်၊ အခြေခံ အင်္ဂလိပ်စာ အရေးအဖတ်တတ်ရမယ်၊ စသည်ဖြင့် ဖော်ပြထားတတ်ပါတယ်။ မန်နေဂျာ ရာထူးဆိုရင်ကော ဘာတွေလိုမလဲ စသည်ဖြင့် ကိုယ်က သေချာလေးလိုက်ဖတ်ကြည့်ပါ။ ကုမ္ပဏီတစ်ခုနဲ့တစ်ခု အလုပ်ခေါ်တဲ့ ပိုစ့်ချင်းတူပေမယ့် ခေါ်တဲ့ကျွမ်းကျင်မှုမတူပါဘူး။ ကျွမ်းကျင်မှုချင်းမတူတဲ့အခါ ပေးတဲ့လစာအနေအထားလည်း ကွဲပြားသွားတာကို တွေ့ရပါလိမ့်မယ်။ အဲလို သေချာလေး လိုက်ဖတ်ကြည့်ပြီးတဲ့အခါမှ ကိုယ်ကတော့ ဘယ်လိုရာထူးအနေအထားမျိုးနဲ့လုပ်ချင်သလဲဆိုတာ စိတ်ထဲမှာပေါ်လာပါလိမ့်မယ်။
၂) ကိုယ့်ကိုကိုယ်သိပါစေ။
ဂျာနယ်ကို သေချာလည်ပတ်အောင် ဖတ်ပြီးသွားတဲ့အခါ ကိုယ်လုပ်ချင်တာက ဘယ်လိုအနေအထားမျိုးလဲ။ ကိုယ်က ကွန်ပျူတာအခြေခံလောက်၊ အင်္ဂလိပ်စာအခြေခံလောက်တော့ တတ်ထားတယ်၊ ဘွဲ့တစ်ခုလည်းရထားတယ်၊ ကျန်တာတွေတော့ နောက်မှဆက်တတ်ရမယ်လို့တွေးထားရင် အခြေခံက စခေါ်တဲ့အလုပ်သင်အလုပ်မျိုးကို အရင်စလျှောက်တာပိုကောင်းပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ်က အခုမှ သင်တာဖြစ်တဲ့အတွက် အလုပ်တစ်ခုကို စတင်ပြီးလုပ်ဖြစ်သွားဖို့က ပိုအရေးကြီးတာပါ။ ထိုအလုပ်ကနေမှ သင့်ကို သင်သိသွားမှာဖြစ်တဲ့အပြင် ကိုယ်စိတ်ဝင်စားလား ၊ စိတ်မဝင်စားဘူးလားဆိုတာ သိလာနိုင်မှာပါ။ အဲဒါမှ ကိုယ့်ကိုကိုယ်သိလာမှာပါ။ သိလာမှ ဘာဆက်လုပ်မလဲ စဉ်းစားနိုင်လာပါလိ့မ်မယ်။ အခုချိန်မှာ ကိုယ့်ကိုကိုယ်မသိနိုင်သေးရင် အသင်သဘောမျိုးခေါ်တဲ့အလုပ်ကို ဝင်လုပ်ကြည့်တာအကောင်းဆုံးပါ။ အချိန်ကုန်တာနဲ့တန်အောင် အတွေ့အကြုံတစ်ခုတော့ရသွားမှာပါ။ အလုပ်တစ်ခုလုပ်လိုက်တဲ့အတွက် ဒီအလုပ်က ကိုယ်နဲ့ကိုက်မကိုက်၊ ကိုယ်စိတ်ဝင်စားမှုရှိမရှိ သိသွားပြီး ကိုယ့်ကိုကိုယ်လည်း ပြန်သုံးသပ်၊ ပြန်မေးနိုင်လာပါလိမ့်မယ်။
၃) ကိုယ့်ကိုကိုယ်ပြန်မေးပါ။
အသင်ဘဝနဲ့အလုပ်တစ်ခုရသွားတာကပဲ အချိန်ကုန်တာနဲ့ တန်တဲ့အတွေ့အကြုံတစ်ခုရသွားသလို၊ သင့်ကိုသင်လည်း ပြန်မေးနိုင်သွားပါလိမ့်မယ်။ ဒီနေရာကနေ ဒီနယ်ပယ်မှာပဲ အဆင့်မြင့်တဲ့ရာထူးတစ်ခုရအောင် ဆက်သွားမလား၊ ဒါမှမဟုတ် ဒီနယ်ပယ်ကိုတော့ စိတ်မဝင်စားဘူးဆိုရင် ဘယ်နယ်ပယ်ကို စိတ်ဝင်စားသလဲ၊ ကိုယ်စိတ်ဝင်စားနိုင်မယ့်နယ်ပယ်ကို ဘယ်သင်တန်းတွေထပ်တက်ထားသင့်သလဲ၊ ခုလက်ရှိအလုပ်ကို ဆက်မှေးလုပ်ထားပြီး ဒီကရတဲ့ဝင်ငွေနဲ့ နောက်သင်တန်းအတွက် အထောက်အကူဖြစ်နိုင်မယ်ဆိုရင် ဒီအလုပ်ကို စိတ်မဝင်စားပေမယ့် ဆက်လုပ်ရင်း ကိုယ်စိတ်ဝင်စားမယ့်သင်တန်းကို ဆက်တက်ဖို့ ပြင်ဆင်နိုင်ပါလိမ့်မယ်။
၄) အခြေခံလိုအပ်တဲ့သင်တန်းတွေကို စဉ်းစားပါ။
ဥပမာ။ ကိုယ်က ကုမ္ပဏီမှာ ရုံးစာရေးလောက်နဲ့စဝင်မယ်ဆိုရင် အခြေခံကွန်ပျူတာနဲ့ အခြေခံအင်္ဂလိပ်စာလောက်တော့ တက်မှဖြစ်ပါလိ့မ်မယ်။ ကုမ္ပဏီမှာ ကိုယ်က ဝန်ထမ်းရေးရာဘက်ကို လုပ်ချင်တယ်ဆိုရင် HR နဲ့ပတ်သက်တဲ့သင်တန်းကို စတင်ဖို့ စဉ်းစားရပါလိ့မ်မယ်။ ကိုယ်ဘာတက်ရမယ်မှန်းမစဉ်းစားတတ်ရင် နံပါတ်တစ်အချက်ကပြောထားသလို အလုပ်ခေါ်တဲ့ဂျာနယ်ကို သေချာပြန်ဖတ်ပါ။ ဘယ်ပို့စ်က ဘယ်သင်တန်းတွေတက်ထားရမယ်ဆိုပြီး အဓိက ရွေးခေါ်သလဲဆိုတာ တွေ့ပါလိမ့်မယ်။ ကိုယ်သွားချင်တဲ့လမ်းကြောင်းအတွက် ဘယ်သင်တန်းတက်သင့်သလဲဆိုတာ သိပြီး ထိုသင်တန်းမျိုးကို သေချာရွေးချယ်တက်ရောက်တာက အချိန်ကုန်သက်သာ၊ ငွေကုန်သက်သာပြီး ပိုလည်း ထိရောက်ပါလိမ့်မယ်။
၅) ကျွမ်းကျင်အောင် လေ့ကျင့်ပါ။
ခုခေတ်မှာက အလုပ်ခေါ်ဂျာနယ်မှာ ခေါ်တဲ့ရာထူးတွေနဲ့ အကြမ်းဖျင်းလစာပေးတာခြင်း တူတတ်ပါတယ်။ ဥပမာ။ ရုံးဝန်ထမ်းတစ်ယောက်ကို လစာ တစ်သိန်းရှစ်သောင်းလို့သတ်မှတ်ရင် နောက်လုပ်ငန်းတစ်ခုကလည်း ထိုပမာဏဝန်းကျင်ပဲပေးတာကို တွေ့ရပါလိ့မ်မယ်။ အဲလိုမဟုတ်ဘဲ ရာထူးအတူတူချင်းကိုပဲ လစာပမာဏအများကြီးပေးတယ်ဆိုရင် အခြားကျွမ်းကျင်မှုတစ်ခုခု ပိုနေလို့ဖြစ်နိုင်ပါတယ်။ ဥပမာ။ အင်္ဂလိပ်စာ အခြေခံလောက်မဟုတ်ဘဲ လုံးဝကျွမ်းကျင်ရမယ်ဆိုတာမျိုးဖြစ်နေတတ်ပါတယ်။ ပြောချင်တာက လစာများခြင်းက ကျွမ်းကျင်မှုမှာ သူများထက်ကို သာလွန်နေလို့ပါ။ ကိုယ်က ခုမှ စတင်မယ်ဆိုရင် စတင်တဲ့လစာအနေအထားပဲရမှာပါ၊ ကိုယ်လိုချင်တဲ့လစာအနေအထားထိရောက်ချင်ရင် ကိုယ်လည်း ထိုလစာနဲ့တန်တဲ့အရည်အချင်း၊ ကျွမ်းကျင်မှုရှိအောင် ကြိုးစားဖို့ ပြင်ဆင်ပါ။ ပိုပြီးလေ့လာပါ၊ ပိုပြီးလေ့ကျင့်ပါ။ ကိုယ်ကတော့ လစာကို ဘယ်လောက်အထိလိုချင်တယ်၊ ထိုလစာအနေအထားရလောက်တဲ့ အရည်အချင်းကဘာလဲ၊ ဘယ်အထိကိုယ်ကြိုးစားသင့်သလဲဆိုတာသိပြီး ကြိုးစားပါ၊ ကျွမ်းကျင်အောင် လေ့ကျင့်ပါ။ အဲဒါဆိုရင်တော့ အချိန်တစ်ခုရောက်တဲ့အခါ လစာကော၊ ရာထူးကော နေရာတစ်ခုရလာမှာပါ။
၆) ကိုယ်တိုင်သတ်မှတ်ပြီးမှ အလုပ်ရှာပါ။
ကိုယ်တိုင်လည်း နေရာတစ်ခုရအောင် ကြိုးစားမယ်၊ သင်တန်းကိုလည်း ကိုယ်တက်ချင်တာဘာလဲသိပြီး ရွေးချယ်တက်ရောက်လို့ ပြီးဆုံးပြီဆိုရင်တော့ ကိုယ်တကယ်လုပ်ချင်တဲ့လမ်းကြောင်းပေါ်က အလုပ်ကို ရှာလို့ရပါပြီ။ ကိုယ်တိုင်က ကိုယ်လုပ်ဖို့စိတ်ဝင်စားတဲ့အလုပ်အကိုင်နဲ့ပတ်သက်တဲ့ သင်တန်းလက်မှတ်ရှိပြီ၊ ကိုယ်တိုင်လည်း ကျွမ်းကျင်သလောက်ရှိပြီ (စာတွေ့ထက် လုပ်ငန်းခွင်တကယ်ဝင်တဲ့အခါ အလုပ်က သင်ပေးသွားမှာပါ) ဆိုရင်တော့ ကိုယ်တကယ်လုပ်ချင်တဲ့လမ်းကြောင်းပေါ်က အလုပ်အကိုင်ကို လိုက်လျှောက်ပါတော့။ မတတ်သာလို့ စိတ်မဝင်စားပေမယ့် အလုပ်တစ်ခု၊ ဝင်ငွေတစ်ခုရအောင်
မှေးလုပ်ထားတဲ့အလုပ်ကိုလည်း ကိုယ်စိတ်ဝင်စားတဲ့အလုပ်ရသွားတဲ့အချိန်မှာ လက်လွတ်လို့ရပါပြီ။
အထက်ပါအချက် ၆ ချက်ကို လုပ်ကြည့်တဲ့အခါ ကိုယ့်အတွက် အချိန်ကုန်လည်း သက်သာ၊ ငွေကုန်လည်း သက်သာသလို၊ ကိုယ်စိတ်ဝင်စားတာကိုသာ ရွေးချယ်ပြီး ထိရောက်တဲ့သင်တန်းတွေတက်နိုင်လာတဲ့အတွက် အချိန်ကုန်၊ ငွေကုန်၊ လူပင်ပန်းရကျိုးနပ်ပါလိမ့်မယ်။ မဟုတ်ရင်တော့ စမ်းတဝါးဝါးနဲ့ သင်တန်းပေါင်းစုံတက်ပြီး မထိရောက်၊ အလုပ်ခွင်ဝင်တဲ့အခါ ကိုယ်တက်ထားတဲ့သင်တန်းက တစ်မျိုး၊ ကိုယ်လုပ်ရတဲ့အလုပ်က တစ်မျိုးဖြစ်နေတာတွေ ဖြစ်လာနိုင်ပါတယ်။ ကိုယ်စိတ်မဝင်စားတဲ့အလုပ်ခွင်မှာပဲ ပျော်လည်းမပျော်၊ စားဝတ်နေရေးအတွက်လည်း မထွက်နိုင်ဘဲ တဝဲ၀ဲတလည်လည်ဖြစ်နေတဲ့ဘဝကနေ ကျွတ်ဖို့ အထက်က အချက်တွေက အထောက်အကူဖြစ်စေပါလိမ့်မယ်။#BAWA101