ကလေးအတွက် စံပြအဖြစ် မိဘတွေကိုယ်တိုင်နေထိုင်ပြုမူသင့်တဲ့အလေ့အကျင့်ကောင်းများ

ကျွန်တော်တို့မိသားစုတွေမှာ ဖြစ်ချင်တဲ့အရာတွေအများကြီးရှိမှာပါ။ ကျန်းမာရေးကောင်းဖို့၊ စိတ်ချမ်းသာဖို့၊ သစ္စာရှိဖို့ စသဖြင့်အများကြီးပါပဲ။ ကျွန်တော်တို့မိသားစုဝင်တွေအားလုံးမထိန်းချုပ်နိုင်တဲ့အရာတွေလည်း ရှိပါတယ်။ အရာအားလုံးကိုတော့ ကိုယ်ဖြစ်ချင်တဲ့အတိုင်းဖြစ်ခွင့်မရနိုင်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့မထိန်းချုပ်နိုင်တဲ့ကိစ္စကိုပဲ အာရုံစိုက်နေရင် အလကားအချိန်ကုန်စေပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ အိမ်မှာ ၊ ကျွန်တော်တို့မိသားစုတွေကိုယ်တိုင်ထိန်းချုပ်နိုင်တဲ့ကိစ္စတွေအပေါ်မှာသာ အာရုံစိုက်ခြင်းက ပိုအကျိုးရှိနိုင်ပါတယ်။ တကယ်က ပိုပြီးကျန်းမာရေးကောင်းစေဖို့၊ စိတ်ချမ်းသာစေဖို့၊ ကလေးတွေအကျင့်ကောင်းစေဖို့၊ အပြုအမူကောင်းတွေအလေ့အကျင့်ဖြစ်စေဖို့ဆိုတာက ကျွန်တော်တို့မိဘတွေကိုယ်တိုင် စံပြဖြစ်အောင် ပြုမူနေထိုင်ပြလိုက်လို့ ရပါတယ်။ ကလေးတွေကို ကျွန်တော်တို့ဖြစ်စေချင်တဲ့ပုံစံအတိုင်း ကျွန်တော်တို့ကိုယ်တိုင် နေထိုင်ပြုမူပြခြင်းအားဖြင့် ကလေးတွေလည်း ထိုပုံစံအတိုင်းအလေ့အကျင့်ဖြစ်လာစေနိုင်ပါတယ်။ ဘယ်လိုအပြုအမူကောင်းတွေကို စံပြဖြစ်အောင် နေထိုင်ပြသင့်သလဲဆိုတာ ဒီဆောင်းပါးလေးဖတ်ကြည့်လိုက်ပါနော်။


၁) ကျန်းမာတဲ့နေထိုင်စားသောက်မှုပုံစံမျိုးရှိပါစေ။
ဒီနေ့ခေတ်မိဘတိုင်းက အမြဲလိုအလုပ်များနေတတ်ကြပါတယ်။ အဲဒီ့အတွက် အစားအသောက်ကို ဖြစ်သလိုနေထိုင်စားသောက်တယ်ဆိုရင် ကလေးတွေကလည်း ထိုပုံစံအတိုင်းဖြစ်လာမှာပါပဲ။ ဒီနေ့ခေတ်မှာလည်း တိုးတက်လာတာနဲ့အမျှ ကျန်းမာရေးနဲ့မညီညွှတ်တဲ့နေထိုင်စားသောက်မှုပုံစံပေါင်းစုံလည်း ပတ်ဝန်းကျင်မှာမြင်ရတွေ့ရမှာပါ။ အဲဒါကြောင့် အလုပ်ဘယ်လောက်ရှုပ်ပါစေ၊ ကျန်းမာရေးနဲ့ညီညွှတ်တဲ့နေထိုင်စားသောက်မှုပုံစံဖြစ်ဖို့ ကြိုတင်အစီအစဉ်သတ်မှတ်ထားသင့်ပါတယ်။ ဒီတစ်ပတ်လုံး ဘာစားမယ်၊ ဘာတွေဝယ်ထားမယ်ဆိုတာမျိုးပေါ့။ အသင့်စားအစားအစာတွေကို သင့်အိမ်မှာ မမြင်မတွေ့ရတဲ့အခါ ကလေးကလည်း စားဖြစ်တော့မှာမဟုတ်ပါဘူး။ အဲဒါကြောင့် တစ်ပတ်စာဖြစ်ဖြစ် ကြိုတင်စီစဉ်ထားပြီး ကျန်းမာရေးနဲ့ညီညွှတ်တဲ့အစားအသောက်ပုံစံမျိုး ပြင်ဆင်စားသောက်သင့်ပါတယ်။

၂) ဖြတ်လတ်တက်ကြွမှုရှိတဲ့မိဘဖြစ်ပါစေ။
အမြဲတက်ကြွနေတဲ့မိဘတွေကိုကြည့်ပြီး ကလေးတွေကလည်း အမြဲတက်ကြွနေတဲ့ ကလေးတွေဖြစ်လာမှာပါ။ ကလေးနဲ့အတူ ပျော်ရွှင်စွာဆော့ကစားပေးတဲ့မိဘကြောင့် ကလေးကလည်း ပျော်ရွှင်တက်ကြွနေမှာပါ။ ကြက်တောင်ရိုက်မလား၊ ဘောလီဘောပုတ်မလား စသဖြင့် ကလေးနဲ့အတူ ပျေ်ာရွှင်တက်ကြွမှုရှိအောင် ဆော့ကစားပေးပါ။ ကျန်းမာရေးညီညွှတ်သလို၊ ကလေးကိုလည်း ပျော်ရွှင်စေပါတယ်။

၃) လူမှုကွန်ရက်တွေ၊ မီဒီယာတွေကို အကန့်အသတ်နဲ့သုံးတဲ့မိဘဖြစ်ပါစေ။
မိဘကိုယ်တိုင်က ဖုန်းကိုသာအာရုံထားပြီး ကလေးပြောသမျှ “အင်း…အဲ”နဲ့ အဖက်မလုပ်တဲ့မိဘမျိုးဖြစ်နေခဲ့ရင် ကလေးကလည်း အထီးကျန်လာပါတယ်။ ကလေးကလည်း အထီးကျန်နေတဲ့အတွက် မီဒီယာတွေ၊ ဖုန်းတွေနဲ့သာ အချိန်ဖြုန်းဖို့ဖြစ်လာပါလိမ့်မယ်။ ကလေးကို စာကြည့်တိုက်ခေါ်ပြီး ကလေးကြိုက်လောက်မယ့်စာအုပ်တွေဖတ်ပြတာမျိုး၊ စာအုပ်ဆိုင်မှာ ကလေးကြိုက်လောက်မယ့်စာအုပ်တွေဝယ်ပေးတာမျိုးဆိုရင်လည်း ကလေးက စာဖတ်ရတာပျော်တဲ့ကလေးမျိုးဖြစ်လာမှာပါပဲ။ မိဘပြုမူနေထိုင်တဲ့ပုံစံ၊ မိဘက ပြုစုပျိုးထောင်ပေးတဲ့ပုံစံပေါ်မူတည်ပြီး ကလေးကဖြစ်လာတာပါ။ အဲဒါကြောင့် မိဘကိုယ်တိုင်က ဖုန်းတွေ၊ ကွန်ပျူတာတွေနဲ့ လူမှုကွန်ရက်ပေါ်၊ မီဒီယာတွေပေါ်မှာချည်း အချိန်မကုန်ဘဲ ကလေးကို အချိန်ပေးပါ။ မိဘကိုယ်တိုင်က မီဒီယာတွေကို အချိန်အကန့်အသတ်နဲ့ သုံးသင့်ပါတယ်။

၄) လေ့လာစူးစမ်းချင်စိတ်နဲ့ ယုံကြည်မှုရှိတဲ့ မိဘတွေဖြစ်ပါစေ။
ကလေးရဲ့အားလပ်ရက်မှာ မိဘက ပတ်ဝန်းကျင်မှာ ဆော့ကစားရင်း အပင်လေးတွေစိုက်ပြဖို့၊ သစ်စေ့ကလေးတွေကနေ အပင်ဘယ်လိုပေါက်လာသလဲ၊ အပင်တွေက ဘာအကျိုးရှိသလဲ၊ စသဖြင့် လေ့လာစူးစမ်းချင်စိတ်ကို နိုးဆော်ပေးမယ်ဆိုရင် ကလေးကလည်း လေ့လာစူးစမ်းတတ်လာမှာပါ။ ကလေးက အသစ်အဆန်းတခုခုကို လုပ်တဲ့အခါတိုင်းမှာ ကလေးကို အားပေးခြင်းက ကလေးကို ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတဲ့ကလေးဖြစ်လာစေပါတယ်။ အခြားသူကိုလည်း အားပေးတတ်တဲ့ကလေးဖြစ်လာစေပါတယ်။ မိဘကိုယ်တိုင်ကလည်း ဘယ်အရာကိုတော့ မေမေရအောင်လုပ်နိုင်တယ်…ဆိုတဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိတဲ့ပုံစံမျိုး ဖြစ်အောင် နေထိုင်ပြပါ။ မိသားစုဆိုတာ ကလေးရဲ့ခံစားချက်တွေကို နားလည်မှုအရှိဆုံးသူတွေရှိတဲ့နေရာလို့ ကလေးခံစားနားလည်အောင် မိဘက ကလေးခံစားချက်ကို နားထောင်ပေးပါ။ ကလေးနဲ့ထပ်တူခံစားပေးပါ။

၅) စည်းကမ်းရှိတဲ့မိဘဖြစ်ပါစေ။
အိမ်တွင်းမှာပဲဖြစ်ဖြစ် ပြင်ပမှာပဲဖြစ်ဖြစ် စည်းကမ်းရှိဖို့ကို မိဘက စံပြအဖြစ်နေထိုင်ပြုမူပြမှ ကလေးကလည်း စည်းကမ်းရှိလာမှာဖြစ်ပါတယ်။ ဖတ်ထားတဲ့စာအုပ်ကို စာအုပ်စင်မှာ စနစ်တကျပြန်ထားပြတာ၊ အမှိုက်ကို အမှိုက်ပုံးထဲစနစ်တကျသွားစွန့်ပစ်တာ၊ အစာမစားခင်လက်ကို ဆပ်ပြာနဲ့သေချာဆေးကြောတာ စသဖြင့် ကလေးကိုစံပြအဖြစ် မိဘကိုယ်တိုင်က လုပ်ပြရင်း ပြောပြရမှာဖြစ်ပါတယ်။ ကလေးရဲ့ကစားစရာတွေ ဆော့ကစားပြီးရင် နေရာတကျပြန်ထားတတ်ဖို့ သင်ပေးရာကနေ ကလေးရဲ့စည်းကမ်းရှိခြင်းကို အစပျိုးပေးလို့ရပါတယ်။

၆) ကိုယ်ကျင့်တရားကောင်းတဲ့မိဘဖြစ်ပါစေ။
ဒီနေ့ခေတ်မှာ အရာအားလုံးခေတ်မီတိုးတက်နေတာမှန်ပေမယ့် အားနည်းလာတာတော့ ကိုယ်ကျင့်တရားပါပဲနော်။ ကျွန်တော်တို့မျိုးဆက်က အဆိုးဆုံးတွေကြုံရမယ်ဆိုရင်လည်း ကျွန်တော်တို့ရဲ့သားသမီးလေးတွေအလှည့်မှာ အကောင်းဆုံးဖြစ်ဖို့ ကျွန်တော်တို့မိဘတွေကနေပဲ စတင်အစပျိုးပြီး အကျင့်ကောင်းတွေကို ပြုစုပျိုးထောင်ပေးရမှာဖြစ်ပါတယ်။ အဲဒါကြောင့် မိဘတွေကိုယ်တိုင်က ကိုယ်ကျင့်တရားဆိုတာဘာမှန်းသိအောင် သင်ပေးပါ။ ငွေကြေးနဲ့ဝယ်မရတဲ့ အဖိုးတန်အရာတွေထဲမှာ ကိုယ်ကျင့်တရားပါဝင်ကြောင်း ကလေးတွေကို ပြောပြပါ၊ သင်ပေးပါ။ မိဘကိုယ်တိုင်က ကလေးရဲ့ပစ္စည်းကို ကိုင်ချင်ရင် ခွင့်တောင်းတာမျိုး၊ မိဘမှားသွားတဲ့ အသေးအဖွဲလေးကအစ sorry ပြောတာမျိုး၊ ကလေးကို မိဘက မလိမ်ညာတာမျိုး၊ အမှန်အတိုင်း ကလေးနားလည်သလောက် ရှင်းပြတာမျိုး၊ သူများပစ္စည်းကို အလကား၊ အချောင်လိုချင်စိတ်မရှိဖို့၊ ကိုယ့်အားကိုယ်ကိုးတတ်ဖို့ စသဖြင့် မိဘတွေက စံပြဖြစ်အောင်နေထိုင်ပြဖို့လိုပါတယ်။
မိဘတွေရဲ့ နေထိုင်ကျင့်ကြံမှုက စံပြဖြစ်အောင် အကောင်းဆုံးဖြစ်ဖို့လိုပါတယ်။ ကလေးဆိုတာက မိဘကို အတုယူတတ်သူတွေဖြစ်ပါတယ်။ အဲဒါကြောင့် မိဘကောင်းတွေဖြစ်အောင်နေထိုင်ပြပါမှ ကလေးကောင်းတွေဖြစ်လာနိုင်မှာဖြစ်ပါတယ်လို့ တိုက်တွန်းဖော်ပြလိုက်ရပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။