လက်ထပ်ပြီးပေမယ့် အမျိုးသမီးတွေ အပြင်ထွက် အလုပ်လုပ်ခြင်းရဲ့ကောင်းကျိုးများ

လက်ထပ်ပြီးသွားတဲ့တစ်ချို့အမျိုးသမီးတွေကတော့ ဘဝပေးအခြေအနေကြောင့် အပြင်ထွက်အလုပ်လုပ်ကြရပေမယ့် တစ်ချို့အမျိုးသမီးတွေကတော့ အပြင်ထွက်ပြီး အလုပ်မလုပ်ဖြစ်ကြတော့ပါဘူး။ လူတိုင်းမှာ မတူညီတဲ့အခြေအနေတွေရှိတာမို့ အလုပ်လုပ်သူကော၊ အလုပ်မလုပ်သူကော အားလုံးက သူ့အခြေအနေနဲ့သူပါပဲ။ တစ်ချို့အလုပ်လုပ်သူတွေက အိမ်မှာနေရသူတွေကို အားကျတတ်သလို၊ တစ်ချို့အိမ်မှာနေရသူတွေကလည်း အပြင်ထွက်အလုပ်လုပ်သူတွေကို အားကျတတ်ပါတယ်။ ဒါပေမယ့် အမျိုးသမီးတစ်ယောက်သည် အိမ်ထောင်ကျပြီးနောက်လည်း အပြင်ထွက်ပြီး အလုပ်သင့်တယ်လို့ အက်မင်က ထင်ပါတယ်။


အခြေအနေအရမလုပ်မဖြစ်လို့ လုပ်နေရတာပဲဖြစ်ဖြစ်၊ ကိုယ်တိုင်အလုပ်လုပ်ချင်လို့လုပ်နေတာပဲဖြစ်ဖြစ် အပြင်ထွက်ပြီး အလုပ်ခွင်ဝင်နေတဲ့သူနဲ့ အိမ်မှာနေတဲ့သူချင်း တဖြေးဖြေးကွာဟလာတာလေးတွေရှိပါတယ်။ လက်ထပ်ပြီးပေမယ့် အမျိုးသမီးတွေ အပြင်ထွက်အလုပ်လုပ်ခြင်းက ကောင်းကျိုးတွေအများကြီးရှိပါတယ်။ အဲဒါကြောင့် အိမ်မှာနေခြင်းကို ဇိမ်ကျတယ်လို့ တွေးထင်နေပြီး ကိုယ်ကတော့ အပြင်ထွက်အလုပ်လုပ်ရလို့ အားငယ်နေသူအမျိုးသမီးများ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါနော်။
၁) စီးပွားရေးအရ ပိုပြီး အဆင်ပြေလာနိုင်ပါတယ်။
တစ်ချို့ကတော့ တစ်ယောက်တည်းအလုပ်လုပ်ရလို့ စီးပွားရေး ကြပ်တည်းနေပါတယ် ဆိုသူတွေ အိမ်ထောင်ကျပြီးလည်း အိမ်မှာနေဖို့မစဉ်းစားဘဲ အလုပ်ထွက်လုပ်ကြည့်ပါ။ စီးပွားရေးပိုပြီး အဆင်ပြေလာနိုင်ပါတယ်။ အမျိုးသမီးဖြစ်ပေမယ့် ငွေကို ကိုယ်တိုင်စည်းစနစ်တကျသုံးစွဲနိုင်လာတဲ့အပြင် ကိုယ်ပိုင်ဝင်ငွေကို ကိုယ်တိုင်ကိုင်သုံးနိုင်လို့ ကိုယ့်ကိုကိုယ်တောင် ယုံကြည်မှုပိုများလာနိုင်ပါတယ်။ အိမ်ထောင်တစ်ခုမှာ တစ်ယောက်တည်းအလုပ်လုပ်တာကို နှစ်ယောက်ထိုင်စားတာထက် နှစ်ယောက်လုံးအလုပ်လုပ်တော့ ပိုပြီး ဝင်ငွေတိုးလာပါမယ်။ ပိုပြီးလည်း အဆင်ပြေလာမှာပါ။ အမျိုးသားလုပ်သူရဲ့ဝင်ငွေကိုပဲချိန်ဆသုံးစွဲနေစရာမလိုဘဲ ကိုယ်လိုချင်တာရှိရင် ကိုယ်တိုင်ဝယ်သုံးနိုင်လို့ ပိုပြီးတော့ ပျော်စရာကောင်းမှာသေချာပါတယ်။
၂) ကိုယ့်ကိုကိုယ်ယုံကြည်မှုပိုများလာနိုင်ပါတယ်။
အမျိုးသားလုပ်သူက ရှာဖွေပေးသလောက်ကို ချင့်ချိန်သုံးစွဲနေရလို့ တစ်ခါတစ်လေ ကိုယ့်ကိုကိုယ်တောင်ယုံကြည်မှုပျောက်ဆုံးသွားနိုင်ပါတယ်။ အပြင်အလုပ်ထွက်မလုပ်တာကြာလာတော့လည်း ကိုယ့်ကိုကိုယ်အသုံးမကျတဲ့သူအဖြစ်၊ ဘာအဓိပ္ပါယ်မှ မရှိတဲ့ဘဝတစ်ခုလို ခံစားလာရတတ်ပါတယ်(တစ်နေ့တစ်နေ့ ချက်ပြုတ်၊လျှော်ဖွတ်၊သိမ်းဆည်းနေရာတာနဲ့တင်) ဘာမှမတိုးတက်နိုင်ပါလားလို့တောင် တွေးလေလေ ယုံကြည်မှုပျောက်ဆုံးလာတတ်ပါတယ်။ ကိုယ်တိုင်အပြင်ထွက်အလုပ်လုပ်တဲ့အမျိုးသမီးတွေက ပိုပြီးတော့ ကိုယ့်ကိုကိုယ်ယုံကြည်မှုပိုရှိနိုင်ပါတယ်။ အပြင်ထွက်အလုပ်လုပ်တိုင်း လုပ်ငန်းခွင်အတွင်းက စိန်ခေါ်မှုတွေရှိမယ်၊ သင်ယူရတာတွေရှိမယ်၊ အောင်မြင်အောင်လုပ်ယူနိုင်တာတွေရှိမယ်၊ ကျရှုံးမှုတွေလည်းရှိမယ် စသည်ဖြင့် စိန်ခေါ်မှုအများအပြားကို လုပ်ငန်းခွင်မှာ ရင်ဆိုင်ရတဲ့အခါ ဘဝက အဓိပ္ပါယ်မဲ့နေသလို မခံစားရတော့ပါဘူး။ ကျရှုံးမှုတွေကို အောင်မြင်အောင် ပြန်ပြီး မဖြစ်မနေကြိုးစားရတာတွေရှိမယ်၊ အလုပ်ခွင်မှာ မဖြစ်မနေတာဝန်ယူရတာတွေရှိမယ် စတာတွေကြောင့် “ငါလုပ်နိုင်သားပဲ…..” ဆိုတဲ့အတွေးမျိုးနဲ့ ကိုယ့်ကိုကိုယ်ပိုပြီး ယုံကြည်မှုရှိလာနိုင်ပါတယ်။ ငွေကြေးအရလည်း ကိုယ်တိုင်ရှာဖွေနိုင်တဲ့အတွက် ကိုယ်အလိုရှိရာဆို ကိုယ့်ဝင်ငွေနဲ့ကိုယ်ဝယ်သုံးနိုင်နေတဲ့အတွက် ပိုပြီးလည်း ကိုယ့်ကိုကိုယ် ပိုယုံကြည်မှုတိုးလာစေပါတယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုတိုးလာခြင်းက ကိုယ့်ဘဝကို ပိုပြီး ကြိုးစားချင်စိတ်ဖြစ်လာစေပါတယ်။
၃) အရည်အချင်းတွေတိုးတက်လာစေနိုင်ပါတယ်။
နေ့စဉ် စိန်ခေါ်မှုတစ်ခုမဟုတ် တစ်ခုကို ရင်ဆိုင်ဖြေရှင်းနေရတဲ့အတွက် တစ်နေ့ထက်တစ်နေ့ အရည်အချင်းကတော့ တိုးတက်လာမှာအမှန်ပါပဲ။ ဒီနေ့ခေတ်မှာဆို ပိုပြီးတောင် စိန်ခေါ်မှုများလာပါသေးတယ်၊ အလုပ်ခွင်မှာဆို သင်တန်းအသစ်သစ်တွေ ပေါ်လာမယ်၊ ကိုယ့်ကိုကိုယ်အမြဲ update ဖြစ်နေအောင် မလုပ်မဖြစ်လုပ်ကိုလုပ်ရမှာဖြစ်တဲ့အတွက် သင်တန်းအသစ်တွေကို အချိန်မရရအောင် ဖယ်ပြီး တက်ဖြစ်လာမယ်။ အဲဒါကြောင့် ကိုယ့်မှာ အရည်အချင်းတွေတိုးလာမယ်။ ပြဿနာဖြေရှင်းနိုင်စွမ်းတိုးလာမယ်၊ ဦးနှောက်က အမြဲမပြတ် လေ့လာသင်ယူနေရတဲ့အတွက် ပိုပြီး မှတ်ဉာဏ်ကောင်းလာမယ်။
၄) သင်ယူလေ့လာနိုင်စွမ်းတိုးလာစေပါတယ်။
အမြဲမပြတ် မဖြစ်မနေကို သင်ယူနေမှ အများနဲ့တန်းတူလိုက်နိုင်မှာမို့ မဖြစ်မနေသင်ယူနေရင်းနဲ့ ပိုပြီး သင်ယူလေ့လာနိုင်စွမ်းတိုးလာစေပါတယ်။ သင်မယုံရင် သင့်ပတ်ဝန်းကျင်မှာလေ့လာကြည့်ပါ။ အလုပ်လုပ်နေတဲ့သူအမျိုးသမီးတွေက အလုပ်မလုပ်ဘဲ အိမ်မှာနေတဲ့အမျိုးသမီးတွေထက်ကို မှတ်ဉာဏ်စွမ်းအားပိုကောင်းပါတယ်။ ဘာလို့လဲဆိုတော့ အလုပ်လုပ်နေရတဲ့အမျိုးသမီးတွေက ပိုပြီး မှတ်စုလေ့လာသင်ယူနေရတာမို့ပါ။
၅) ခေတ်ကို မျက်ခြေမပြတ်ဘဲ ခေတ်မီလာပါတယ်။
အလုပ်မလုပ်ဘဲအိမ်မှာနေတဲ့အမျိုးသမီးက ပြင်ပပတ်ဝန်းကျင်ကို ထွက်ခဲပါတယ်။ ဈေးဝယ်ထွက်တာမျိုးကတော့ လုပ်ဖြစ်ပေမယ့် များသောအားဖြင့်တော့ အိမ်အလုပ်နဲ့တင်အချိန်ကုန်နေတာများမှာပါ။ ဘယ်နည်းပညာတွေကို ဘယ်ကုမ္ပဏီတွေက အသုံးချနေသလဲ..ဆိုတာမျိုးတွေ၊ ဘယ်ကုမ္ပဏီကတော့ ဘယ်ရာထူးဆို ဘယ်လိုအရည်အချင်းမျိုးကိုရွေးခေါ်နေသလဲဆိုတာမျိုးတွေ၊ မန်နေဂျာရာထူးလောက်ဆို ဘာအရည်အချင်းတွေရှိအောင် တက်ထားသင့်သလဲဆိုတာမျိုး စသည်ဖြင့် ပြောပြရရင် အများကြီးပါပဲ။ ဘယ်ရာထူးအထိ တိုးနိုင်အောင် ဘာသင်တန်းတွေထပ်တက်ဖို့လိုသလဲ ဆိုတာမျိုးတွေ စတာတွေကို တဖြေးဖြေးမသိတော့ပါဘူး။ အဲဒါအပြင် ရှိခဲ့ပြီးသား အရည်အချင်းတွေကိုတောင် ပြန်ပြီး အသစ်မလေ့လာမသင်ယူဖြစ်တော့ဘဲ တဖြေးဖြေးတောင် ရှိပြီးသား အရည်အချင်းတွေ မှေးမှိန်လာနိုင်ပါသေးတယ်။ အလုပ်လုပ်နေတဲ့အမျိုးသမီးကတော့ ကိုယ်ကျွမ်းကျင်ရာအရည်အချင်းကို အမြဲမပြတ်ထိတွေ့နေရတာမို့ တကူးတက လေ့လာနေစရာမလိုပါဘူး။ အသစ်အသစ်တွေ နည်းလမ်းတွေ ထပ်ခေတ်စားနိုင်တာတွေကို သူက ကြိုပြီး သိမြင်နိုင်လို့ ကြိုပြီး လေ့လာသင်ယူနိုင်ပါသေးတယ်။ အဲဒါကြောင့်အရည်အချင်းတွေက အမြဲမပြတ် တိုးတက်နေပါတော့တယ်။
၆) အမျိုးသားများနဲ့ ရင်ဘောင်တန်းနိုင်လာပါတယ်။
အိမ်ထဲမှာ အမြဲနေတဲ့အမျိုးသမီးတွေကျတော့ ဒီနေ့ဘာကဘယ်လိုဆိုတာမျိုးကို အမျိုးသားလုပ်သူပြောပြမှ သိလိုက်ရတာမျိုးတွေဖြစ်တတ်ပါတယ်။ ကိုယ်တိုင်လည်း မီဒီယာတွေကနေ သိနိုင်ပေမယ့် အပြင်ထွက်အလုပ်လုပ်သူတွေလောက်မသိနိုင်ပါဘူး။ အလုပ်လုပ်သူအမျိုးသမီးတွေကတော့ ပြင်ပပတ်ဝန်းကျင်နဲ့ အမြဲထိတွေ့နေရတဲ့အတွက် အကြောင်းအရာတော်တော်များများကို အရင်ဆုံးသိနိုင်ပါတယ်။ အရည်အချင်းကလည်း အမြဲလို တိုးတက်နေအောင် ကြိုးစားရသူတွေမို့ အမျိုးသားတွေနဲ့ အပြိုင်ရင်ဘောင်တန်းနိုင်လာပါတယ်။
၇) အချိန်ကို တန်ဖိုးရှိရှိအသုံးချတတ်လာပါတယ်။
အလုပ်ခွင်မှာ အချိန်ကုန်ရတာက တန်ဖိုးရှိတဲ့အပြင် အိမ်ပြန်ရောက်တော့လည်း အချိန်ကို အလဟဿသုံးပစ်ဖို့ မအားတော့ပါဘူး။ အိမ်ရောက်တာနဲ့ ဟင်းချက်ထမင်းချက်၊ အိမ်မှုကိစ္စလုပ်၊ သားသမီးကိစ္စလုပ် စသည်ဖြင့် လုပ်စရာတွေ တန်းစီနေတတ်တဲ့အတွက် အချိန်ကို ထောင့်စေ့နေအောင် အသုံးချတတ်လာပါတယ်။ အစီအစဉ်လည်း ဆွဲတတ်လာပါတယ်။ အချိန်ကို စီမံခန့်ခွဲတတ်လာပါတယ်။ အရေးကြီးတာက ဘာ….၊ အရေးမကြီးတာက ဘာ….ဆိုပြီး ဦးနှောက်ထဲတန်းစီနေရာချထားပြီးသားဖြစ်နေတတ်တာမို့ အလုပ်ထွက်လုပ်သူအမျိုးသမီးတွေမှာ ကိုယ့်အချိန်နဲ့ကိုယ် တန်ဖိုးရှိစွာ ကုန်ဆုံးတတ်ပါတယ်။
၈) မိမိကိုယ်တိုင် ဘဝကို ရပ်တည်နိုင်လာပါတယ်။
တစ်ချို့သောအမျိုးသမီးတွေက အိမ်ထောင်ဦးစီးအမျိုးသားရဲ့အလုပ်အကိုင်ကိုပဲ မှီခိုပြီး နေရတဲ့အတွက် အိမ်ထောင်ဦးစီးဖြစ်သူ အဆင်မပြေဖြစ်တဲ့အခါ တစ်မိသားစုလုံး အဆင်မပြေဖြစ်တာမျိုး၊ ပိုပြီး ကြပ်တည်းသွားတာမျိုးတွေ ကြုံရတတ်ပါတယ်။ အမျိုးသမီးကိုယ်တိုင်အလုပ်ထွက်လုပ်နေတဲ့အခါ အိမ်ထောင်ဦးစီးအမျိုးသားက အဆင်မပြေတာမျိုး၊ ကျန်းမာရေးအရ အနားယူရတာမျိုးဖြစ်လာခဲ့သည်ရှိသော် အမျိုးသမီးက ကိုယ်တိုင်ရပ်တည်နိုင်စွမ်းရှိနေတဲ့အတွက် အများကြီး အခက်မကြုံနိုင်တော့ပါဘူး။ ကိုယ်တိုင် ဘဝကို ရပ်တည်နိုင်လာတဲ့အတွက် ဘယ်သူ့ကိုမှ အကူအညီတောင်းနေစရာမလိုတော့ပါဘူး။
အထက်ပါအချက်လေးတွေကို ဖတ်ကြည့်ပြီး အပြင်ထွက်အလုပ်လုပ်ရလို့ အိမ်မှာနေပြီး အိမ်မှုကိစ္စလုပ်နေရသူအမျိုးသမီးတွေကိုလည်း အရည်အချင်းမရှိဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ လူတိုင်းမှာ ကိုယ်ပိုင်အရည်အချင်းကိုယ်စီ ရှိကြသူတွေချည်းပါပဲ။ အိမ်မှာနေပေမယ့်လည်း ကိုယ်ပိုင်အရည်အချင်းကို ကိုယ်တိုင်နားလည်ပြီး အရည်အချင်းထက်မြက်အောင် ကြိုးစားတတ်သူ၊ ကြိုးစားရကောင်းမှန်းသိသူ အမျိုးသမီးတွေအများကြီးပါ။ အရေးကြီးတာက ဘယ်နေရာရောက်ရောက် အမျိုးသမီးမို့၊ အားနွဲ့သူမို့ ဆိုပြီး သူတစ်ပါးကို အားကိုးပြီး ဘဝကို အချောင်လိုက်ချင်စိတ်မရှိဖို့ဘဲ လိုတာပါ။ အိမ်မှာနေပေမယ့် ကိုယ့်အရည်အချင်းကို ကိုယ်တိုင် ထက်မြက်လာအောင် ကြိုးစားရုန်းကန်လို့ရပါတယ်။ အပြင်ထွက်အလုပ်လုပ်နေရလို့လည်း ဘဝက ဝဋ်ကြွေးကြီးတယ်လို့ ခံစားနေရတဲ့အမျိုးသမီးလေးတွေအတွက် အပြင်ထွက်အလုပ်လုပ်ခြင်းဟာ ကိုယ့်အတွက်ဆုတစ်လို့ မှတ်ယူနိုင်အောင် ဒီဆောင်းပါးလေးကို ဖော်ပြပေးလိုက်တာဖြစ်ပါတယ်။
အရည်အချင်းနဲ့ပြည့်ဝတဲ့ အမျိုးသမီးကောင်းတွေ ဖြစ်ကြပါစေ။ #Bawa101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။