လိမ်ညာတတ်သူတို့ရရှိမယ့် နောက်ဆက်တွဲဆိုးကျိုးများ

ကံငါးပါးမှာ လိမ်ညာတတ်ခြင်းကို ဖောက်ဖျက်တတ်သွားတဲ့လူတစ်ယောက်က အခြားသော ကံတွေကိုလည်း ဖောက်ဖျက်ဖို့လွယ်ကူသွားပါတယ်။ အရက်သောက်ခြင်းကို မသောက်ဘူးလို့လိမ်မယ်၊ သူများသားမယားကို မဖောက်ပြန်ဘူးလို့လိမ်မယ်။ စသဖြင့် ကံငါးပါးလုံးကို လွယ်လွယ်ချိုးဖျက်နိုင်သွားပါတယ်။ အဲဒါကြောင့် ကံငါးပါးမှာ လိမ်ညာခြင်းက အရေးကြီးတဲ့အချက်လို့လည်း ပြောနိုင်ပါတယ်။ ကျွန်တော်တို့လက်တွေ့ဘဝမှာလည်း လိမ်ညာတတ်သူပေါင်းများစွာကို ကြုံဖူးကြမှာပါ။ လိမ်ညာတတ်သူဆိုတာ စပြီး ခင်မင်ပေါင်းသင်းပတ်သက်မိရုံနဲ့မသိနိုင်သေးပါဘူး။ ပေါင်းသင်းကြည့်မှသာ အပြောနဲ့အလုပ်ကွာဟနေတာမျိုး၊ စကားကိုလွယ်လွယ်လေးပြောပြီး မတည်တာမျိုးတွေဖြစ်လာမှသာ လွယ်လွယ်လိမ်ညာတတ်သူမှန်းသိလာနိုင်တာဖြစ်ပါတယ်။ ပြောရရင်တော့ လိမ်ညာခံလိုက်ရပြီးမှသာ လိမ်ညာတတ်သူမှန်းသိနိုင်တာဖြစ်ပါတယ်။ ဒါပေမယ့် လိမ်ညာတတ်သူမှန်းသိသွားကြတဲ့အခါမှာတော့ လိမ်ညာသူကို ဘယ်သူကမှ အဖက်လုပ်ပြီး ပေါင်းသင်းကြတော့မှာမဟုတ်ပါဘူး။ လိမ်ညာတတ်တဲ့သူတွေ ရရှိမယ့် နောက်ဆက်တွဲဆိုးကျိုးတွေကိုဖော်ပြလိုက်ပါတယ်။


၁) အခြားသူရဲ့အထင်သေးခြင်းခံရနိုင်ပါတယ်။
အကြောင်းမသိသူအတွက်တော့ အထင်ကြီးစရာဖြစ်ချင်ဖြစ်နေပေမယ့် အကြောင်းသိသွားတဲ့အခါမှာတော့ ထိုလူတွေပြောစကားက ဘောင်မဝင်တာကို သိလာကြမှာပါ။ အရှေ့ကဖုံး အနောက်ကပေါ်ဆိုသလို အရှေ့မှာ ဘယ်လောက်ပဲမိုးမွှန်အောင် အကြီးအကျယ်တွေယုံကြည်အောင်ပြောနေပါစေ၊ အနောက်မှာတော့ သူ့စကားကို ယုံကြည်မှာမဟုတ်သလို၊ အထင်သေးခံရနိုင်ပါတယ်။ အထင်သေးခံရခြင်းက လေးစားခြင်းကိုပါ လျော့နည်းစေပါတယ်။ လေးစားမှုလျှော့နည်းလာတဲ့အခါ အကောင်းမြင်စိတ်ပါပျောက်လာတတ်ပါတယ်။

၂) လေးစားခြင်းမခံရတော့ပါဘူး။
အထက်ကပြောသလိုပါပဲ။ “ဒီလူပြောသမျှ အလကားပါ….” ဆိုတဲ့စိတ်က အထင်သေးတဲ့စိတ်ဖြစ်ပါတယ်။ အထင်သေးတာများလာတဲ့အခါ အကြောင်းသိသွားသူတွေက မလေးစားတော့ပါဘူး။ မလေစားတော့တဲ့အခါ လိမ်ညာတတ်သူကို အခြားသူတွေက တန်ဖိုးမထားတတ်တော့ပါဘူး။ တန်ဖိုးမထားခြင်းက အကောင်းမြင်စိတ်ကိုပါလျော့နည်းလာစေပါတယ်။ ဘာပြောပြော အကောင်းမထင်တော့ပါဘူး။ တကယ့်အမှန်ကို ပြောနေရင်တောင် ဘယ်သူမှ အထင်မကြီးတော့ပါဘူး။ လေးစားမှာလည်းမဟုတ်ပါဘူး။

၃) ယုံကြည်အားကိုးချင်စိတ်ပျောက်ဆုံးသွားတတ်ပါတယ်။
လူတစ်ယောက်ကို အထင်ကြီးပြီး ယုံကြည်အားကိုးတဲ့စိတ်ဆိုတာ အလကားဖြစ်တည်လာတာမဟုတ်ပါဘူး။ ပြောရင်ပြောတဲ့အတိုင်းတည်တာ ၊ မဟုတ်မမှန်တာကို လူမြင်ရော၊ လူမမြင်ကွယ်ရာမှာကော မလုပ်တာ၊ ရိုးသားမှုရှိတာ၊ တကယ်ကြိုးစားတာ၊ ကိုယ်မှန်းထားတာတွေကိုဖြစ်မြောက်အောင်လုပ်ဆောင်နိုင်တာ စတဲ့ကိုယ့်ကိုကိုယ်အတွက်သတ်မှတ်ထားတာတွေကို အောင်မြင်အောင်လုပ်ဆောင်နိုင်တာ ဒါမှမဟုတ် အခြားသူတွေရဲ့ကောင်းကျိုးအတွက် အောင်မြင်အောင်လုပ်ဆောင်ပေးတာ စတဲ့အချက်တွေက ဖြစ်တည်လာတာဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့အပေါ်ယံသွင်ပြင်ပေါ်မူတည်ပြီး အထင်ကြီးယုံကြည်အားကိုးတဲ့စိတ်ကဖြစ်တည်လာတာမဟုတ်ပါဘူး။ တကယ်ကျင့်ကြံနေထိုင်ရာကနေမှ ဖြစ်တည်လာတာမျိုးဖြစ်ပါတယ်။ အဲဒါကြောင့် အထင်ကြီးယုံကြည်အားကိုးချင်စိတ်က လွယ်လွယ်မရနိုင်ပါဘူး။ ဒါပေမယ့် လိမ်ညာတတ်သူတချို့ကတော့ အကြောင်းမသိခင်မှာ ယုံကြည်အောင် ၊ အထင်ကြီးအောင် ၊ လေးစားအောင် ဟန်ဆောင်ပြတတ်ကြပါတယ်။ အဲဒါကြောင်း အကြောင်းမသိခင်မှာ အထင်တွေကြီး ၊ လေးစား၊ အားကိုးတတ်ကြပါတယ်။ ဟန်ဆောင်တယ်ဆိုတာက အပေါ်ယံအခွံသာဖြစ်တာမို့ ဟန်ဆောင်မှုတွေကွာကျတဲ့နေ့ကျရင်တော့ ကိုယ့်စကားတွေကိုယ့်အပြုအမူတွေနဲ့ ကိုယ်တိုင် အရှက်ကွဲအကျိုးနည်းဖြစ်တတ်ကြပါတယ်။ အဲဒါကြောင့် လိမ်ညာတတ်သူတွေက ဘယ်လောက်ပဲ လိမ်ညာဟန်ဆောင်ပါစေ၊ လိမ်ညာတတ်သူတွေက အထင်ကြီးအားကိုးလေးစားခံရလည်း ခဏတဖြုတ်သာပဲဖြစ်ပါတယ်။

၄) ယုံကြည်မယ့်သူမရှိတော့ပါဘူး။
ဘယ်သူကမှ အကြွင်းမဲ့ယုံကြည်တော့မှာမဟုတ်ပါဘူး။ ဆက်ဆံရေးအရ၊ လူမှုရေးအရ ယုံကြည်ဟန်ပြကြပေမယ့် ဘယ်သူကမှ မျက်လုံးမှိတ်ယုံကြည်မှာမဟုတ်တော့ပါဘူး။ အဲဒါကြောင့် ကိုယ်က တကယ်မလိမ်ညာဘဲ အမှန်အတိုင်းပြောခဲ့သည်ရှိသော်တောင်မှ ဘယ်သူမှ အမှန်လို့မထင်ဘဲ ထုံးစံအတိုင်းလိမ်ညာနေတယ်ပဲထင်နေကြမှာပါပဲ။ လိမ်ညာတတ်သူအတွက် လိမ်ညာတတ်ခြင်းဆိုတဲ့အရိပ်မည်းကြီးထဲက ဘယ်တော့မှ ရုန်းထွက်နိုင်မှာမဟုတ်တော့ပါဘူး။

၅) အရေးကြုံရင်ကူညီမယ့်သူမရှိတော့ပါဘူး။
တကယ်တမ်း အရေးကြုံလာတဲ့အခါ အမှန်တကယ်အကူအညီလိုအပ်လို့တောင်းရင်တောင်မှ ဘယ်သူကမှ ကူညီမပေးချင်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လိမ်ညာအကူအညီတောင်းတယ်ပဲ ထင်ကြမှာမို့လို့ပါပဲ။ လိမ်ညာတတ်တယ်ဆိုတဲ့ အရိပ်မည်းကြီးက ဘယ်လိုမှ ခွာချလို့ရမှာမဟုတ်ပါဘူး။ ကိုယ်တကယ်ဒုက္ခရောက်လာတဲ့အခြေအနေမျိုးမှာ ဘယ်သူကမှ ကိုယ့်ဘေးနားရှိနေတော့မှာမဟုတ်ပါဘူး။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။