ကိုယ့်ညီလေးတွေ ညီမလေးတွေကို ဘယ်လိုဦးဆောင်လမ်းပြမလဲ။
အိမ်မှာကိုယ်က အကြီးဆုံးဆိုရင် ကိုယ့်ထက်အငယ် ညီလေး၊ ညီမလေးတွေကို ကိုယ်တိုင်က ဦးဆောင်နိုင်ဖို့လိုပါတယ်။ အကြီးဆုံးဖြစ်မှရယ်မဟုတ်ပါဘူး…..ဘယ်နေရာမဆို ကိုယ့်ထက်အငယ်တွေအတွက် ကိုယ်က လမ်းပြနိင်တဲ့သူဖြစ်နေတော့ ပိုကောင်းတာပေါ့။ သူတို့ကိုယ်တိုင်က သင့်ထံကနေ တကူးတက သင်ယူချင်၊ လေ့လာချင်၊ သင့်ရဲ့အမူအကျင့်တွေကို လေးစားအားကျနေတယ်ဆိုရင် ပိုတောင်မကောင်းဘူးလား။ အဲဒါကြောင့်ကိုယ့်ထက်အငယ်တွေကို ဘယ်လိုဦးဆောင်လမ်းပြနိုင်မယ့်အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
ကိုယ်တိုင်က ဘယ်နေရာမှာမဆို စံပြဖြစ်နေဖို့လိုပါတယ်။ စံပြဆိုတဲ့နေရာမှာ ကောင်းတဲ့နေရာမှာကော ၊ ဆိုးတဲ့နေရာမှာကော ဖြစ်နိုင်ပါတယ်။ ခုပြောချင်တာကတော့ ကောင်းတဲ့နေရာမှာ စံပြဖြစ်နေဖို့လိုတာပါ။ ကိုယ်တိုင်က ဆိုးတဲ့နေရာမှာသာ စံပြဖြစ်နေရင် သင့်အောက်က အငယ်တွေက သင့်ထက်တောင် ပိုပြီး ဆိုးတဲ့သူတွေဖြစ်လာမှာဆိုတော့ တွေးသာကြည့်ပါတော့။ သင်ကျတော့ ဆိုးမယ်…….သူတို့အလှည့်ကျမှ လိမ္မာအောင် လူကောင်းသူကောင်းဖြစ်အောင် အတင်းတိုက်တွန်းလို့မရပြန်ပါဘူး။ အဲဒါကြောင့် သင်ကိုယ်တိုင်က ကောင်းတဲ့အမူအကျင့်၊ ကောင်းတဲ့နေရာမှာ စံပြဖြစ်နေဖို့လိုပါတယ်။ ဘယ်နေရာမှာမဆို “ငါခိုင်းတာသာလုပ်…..ငါလုပ်သလိုလိုက်မလုပ်နဲ့…” ဆိုတဲ့လူမျိုးရဲ့စကားကို ဘယ်သူက နောက်ကွယ်မှာ လေးစားလိုက်နာပါ့မလဲ။
အဲဒါကြောင့် သင်ကိုယ်တိုင်က ကောင်းတဲ့နေရာတိုင်းမှာ စံပြဖြစ်ပြီး ဘယ်အရာကတော့ မကောင်းဘူးဆိုပြီး ညွှန်ပြလို့ သင်ကိုယ်တိုင် မကောင်းတဲ့အရာတွေကို မလုပ်ပြမိဖို့လိုပါတယ်။
၂) လေးစားထိုက်အောင်နေပါ။
ဒါမျိုးမလုပ်နဲ့…..လို့ တားမြစ်ပြီး သင်ကိုယ်တိုင်က လုပ်နေတဲ့အခါ သူတို့ သင့်ကိုတောင်ပြန် လှောင်နေပါလိမ့်မယ်။ အဲဒါကြောင့် အငယ်တွေကို ဦးဆောင်သွန်သင်ချင်ရင် သူတို့လေးစားထိုက်အောင်နေပါ။ လေးစားမယ့်အပြုအမူမျိုးကို လုပ်ပါ။ ကျောင်းစာမှာဆို အမြဲ အားကျစရာဖြစ်နေတာမျိုး၊ ရပ်ရေးရွာရေးမှာ အမြဲတမ်း ထိပ်ဆုံးက ကူညီတတ်လို့ လူချစ်လူခင်ပေါနေတာမျိုး၊ မှန်ကန်တာကိုပဲ လုပ်တာမျိုး၊ အမှန်တရားဘက်က အမြဲလေးနက်စွာ ရပ်တည်တာမျိုးပေါ့။ သင်ကိုယ်တိုင်က အဲလိုတကယ်တမ်းနေတဲ့အခါ သင့်ကို လေးစားတဲ့စိတ်ဖြစ်လာပြီး သင့်ကို အားကျလို့ သူတို့ကိုယ်တိုင် စိတ်ပါလက်ပါ လိမ္မာလာတာမျိုးက သင်ကိုယ်တိုင်လေးစားအောင်နေလို့ပါ။
၃) နည်းမှန်လမ်းမှန် ဆုံးမပေးပါ။
အငယ်တွေ မှားနေတာရှိရင် နည်းမှန်လမ်းမှန်ဆုံးမတတ်ဖို့လိုပါတယ်။ နည်းမှန်လမ်းမှန်နဲ့ နားဝင်အောင်ရှင်းပြပေးတာမျိုး၊ အမှားနဲ့အမှန်ကို ခွဲခြားပြာတာမျိုး၊ ဖြစ်လာနိုင်တဲ့ပြဿနာတွေရဲ့ နောက်ဆက်တွဲကို ရှင်းပြတာမျိုးပေါ့။ ပြီးတော့ အမှန်တရားဘက်ကိုပဲလိုက်ပါ။ မျက်နှာလိုက်တာမျိုး မလုပ်မိပါစေနဲ့။ သင်က အခါအခါ မျက်နှာလိုက်မိရင် သင့်ကို မလေးစားတော့ဘဲ သင်ဆုံးမသမျှ ဒီဘက်နားကဝင် ဟိုဘက်နားကထွက်ပြီး ပိုတောင် အရွဲ့တိုက်လုပ်ပါလိမ့်မယ်။
၄) အငယ်ဖြစ်ပေမယ့် လေးစားမှုထားပါ။
တချို့က “ငါကအကြီးပဲ…..အငယ်တွေကို ဆုံးမတဲ့အခါ ဘာလုပ်လုပ် တင့်တယ်တယ်၊ သူကမှားနေတာပဲလေ” လို့ ပြောတတ်ကြပါတယ်။ အဲဒါက မှားပါတယ်။ တကယ်တော့ အငယ်ပေမယ့် သူ့ကိုလည်း လေးစားမှုထားသင့်ပါတယ်။ ဆုံးမတယ်ဆိုပြီး ခြေနဲ့ကန်လိုက်တာမျိုး၊ လက်သီးနဲ့ထိုးလိုက်တာမျိုး၊ ပက်စက်အောင် ဆဲလိုက်တာမျိုး စတဲ့ရိုင်းစိုင်းတဲ့အပြုအမူမျိုးကို ဆုံးမသူက လုပ်တဲ့အခါ အငယ်ဖြစ်နေပေမယ့် သူ့ကို မလေးစားသလို ခံစားသွားပြီး ရှက်ရမ်းရမ်း နိုင်ပါတယ်။ အဲဒီ့အခါ မလိုလားအပ်တဲ့ ပြဿနာတွေတောင် ဖြစ်လာနိုင်ပါသေးတယ်။ အဲဒါကြောင့် အငယ်ဆိုပေမယ့် လေးစားစွာဆက်ဆံပါ။ အဲဒါမှ သူကလည်း သင့်ကိုပြန်ပြီးလေးစားမှာပါ။
၅) နှိမ်တဲ့စကားမျိုး မပြောမိပါစေနဲ့။
အငယ်မို့ အမှားဖြစ်လာတာနဲ့ “နင်သိတာက ဘာရှိလို့လဲ….။ မလောက်လေးမလောက်စားနဲ့။” “ဆယ်တန်းတောင် အောင်တဲ့ကောင် မဟုတ်ဘဲနဲ့ ဝင်မပြောနဲ့” “ ဘာဗဟုသုတမှ ရှိတာမဟုတ်ဘူး။ လုပ်ချင်ရာလုပ်တဲ့ကောင်” စသည်ဖြင့် ထိုစကားနဲ့အလားတူသော သူတစ်ဖက်သားကို နှိမ်လိုက်တဲ့ စကားမျိုးကို အငယ်တွေကို မပြောမိပါစေနဲ့။ ထိုစကားမျိုးနဲ့ သူတို့ရဲ့စိတ်ထဲမှာ ဒဏ်ရာမဖြစ်စေပါနဲ့။ စိတ်ဒဏ်ရာဖြစ်သွားတဲ့အခါ အကြီးမို့ ပြန်ခံမပြောပေမယ့် စိတ်ထဲမှတ်ထားတတ်ပါတယ်။ သင်က အဲဒါကို “ငါ့ကိုတော့ ပြန်ခံမပြောရဲပါဘူး….” လို့ ထင်နေတဲ့အခါ သူက အခါခါ ခံစားရပါလိမ့်မယ်။ ခံရတာများလို့ ပေါက်ကွဲတဲ့အခါလည်းကောင်း၊ ဒါမှမဟုတ် အရွဲ့တိုက်တဲ့အခါလည်းကောင်း ကောင်းတာတစ်ခုမှ မရှိပါဘူး။ အဲဒါကြောင့် နှိမ်တဲ့စကားမျိုးနဲ့ စိတ်အနာမဖြစ်အောင် သတိထားဆုံးမပေးပါ။
၆) ညှိနှိုင်းပါ။
အကြီးက စံပြဖြစ်အောင်နေတဲ့အခါ အကြီးစကားကို နားထောင်ပေးပါလိမ့်မယ်။ အဲဒီ့အခါ ပြေပြစ်စွာ ပြောပြီး ညှိနှိုင်းပါ။ ကိုယ်လိုချင်တာ ဒီလိုမျိုး၊ ဒီလို…ဒီလောက်ထိ ….. အလျော့ပေးပြီး လွတ်လပ်ခွင့်ပေးထားမယ်၊ ဟုတ်လား။ ဘယ်လိုအခြေအနေထိ လိုချင်လဲ….ပြောပြကြည့်။ တတ်နိုင်သလောက် လွတ်လပ်ခွင့်ပေးမယ်။ ဆိုတာမျိုးပေါ့။ ဒီထက်လွတ်လပ်ခွင့်ပေးလိုက်ရင် ဘာတွေဆက်ဖြစ်လာနိုင်သလဲ….အကျိုးဆက်ကို ရှင်းပြပေးပါ။ ဆယ်ခါ တစ်ခါ လိုချင်ရင် မိဘကခွင့်လွှတ်ပေးမယ်။ ပြဿနာမတက်အောင် ကိုယ့်ဘက်ကနေမလား။ ဒါမျိုးတွေ ညှိနှိုင်းလို့ရပါတယ်။ သူ့ဘက်ကို နားလည်ပေးသင့်တာ နားလည်ပေးထားတဲ့အခါ ကိုယ်ဘက် မလိုက်လျောသင့်လို့ တင်းထားတာကိုလည်း သူက ပြန်ပြီး နားလည်ပေးပါလိမ့်မယ်။ ဒါကိုမှ သူက နားလည်မပေးရင် အကြောင်းရင်းကဘာလဲဆိုတာ သိအောင် ကြိုးစားပါတော့။
အထက်က အချက်လေးတွေက အကြမ်းဖြင်းတော့ အငယ်လေးတွေကို ထိန်းကျောင်းလို့ရနိုင်မယ့်နည်းလမ်းတွေပါ။ ဒါပေမယ့် တစ်ခုရှိတာက စည်းကမ်းမရှိဘဲ လွတ်ထားချိန်တုန်းကတော့ လွတ်ထားပြီး သတိရမှ ထပြီး တင်းကြပ်မယ် ဆိုတာမျိုးတော့ မလုပ်သင့်ပါဘူူး။ ငယ်စဉ်ကတည်းက ညှိနှိုင်းပြီး စည်းကမ်းနဲ့ မတင်းမလျော့နေခဲ့သူက အရွယ်ရောက်တဲ့အခါမှာလည်း ထိုစည်းကမ်းမျိုးကို စည်းကမ်းလို့မမြင်တော့ဘဲ အေးဆေးဖြစ်သွားတတ်ပါတယ်။ အဲဒါကိုတော့ သတိထားစေချင်ပါတယ်။ တစ်ချို့တွေက ငယ်တုန်းမို့ နားမလည်သေးလို့ဆိုပြီး စည်းကမ်းမထားဘဲ လွှတ်ချင်သလို လွှတ်ထားပြီး မထိန်းနိုင်တော့မှ အတင်းတွေ စည်းကမ်း ထ ကန့်သတ်လို့မရရပါဘူး။ အဲဒါကြောင့် အကြီးဖြစ်သူတွေကလည်း အငယ်တွေအတွက် ငယ်စဉ်ကနေ ကြီးပြင်းလာတဲ့အထိ စံပြဖြစ်နေမှာ ပိုပြီးထိန်းကျောင်းရ အဆင်ပြေပါလိမ့်မယ်။