ကိုယ့်ကိုကိုယ်ပြန်သုံးသပ်ဖို့လိုပါတယ်။

ကိုယ့်ကိုကိုယ်ပြန်သုံးသပ်ခြင်းက အောင်မြင်ချင်တဲ့သူတွေ၊ တိုးတက်ချင်တဲ့သူတွေအတွက်တော့ အမြဲတစေလိုအပ်တဲ့အရာတစ်ခုဖြစ်ပါတယ်။ အောင်မြင်နေတဲ့သူတွေက ကိုယ့်ကိုကိုယ်အမြဲလို သုံးသပ်နေတတ်တဲ့သူတွေချည်းပါပဲ။ “မနေ့ကတစ်နေ့လုံး ဘာတွေအကျိုးရှိအောင် လုပ်ခဲ့သလဲ” “အချိန်ကို သေချာစီမံခန့်ခွဲထားရဲ့လား” “အလုပ်မှာချည်း အချိန်တွေကုန်ဆုံးပြီး မိသားစုကို လျစ်လျူရှုထားမိနေသလား” “ခုတက်နေတဲ့ကျောင်းက ကိုယ့်ရဲ့ဝါသနာနဲ့ ထပ်တူဖြစ်ရဲ့လား” “ခုအလုပ်ကနေ ဘယ်လို တိုးတက်အောင်လုပ်လို့ရမလဲ” “ဒီတစ်ပတ်လုံး ဘာတွေဆက်လုပ်စရာရှိမလဲ။” “ကိုယ့်ကိုကိုယ်စိတ်ဖိစီးမှုတွေထဲမှာ လှောင်ပိတ်ထားမိနေသလား” “ ကျန်းမာရေးအတွက် ဘာမှမလုပ်ဖြစ်ဘူးလား” စသဖြင့် မေးခွန်းတွေနဲ့ ကိုယ့်ရဲ့ လူမှုဘဝ၊ အလုပ်ခွင်၊ လူမှုရေး၊ စီးပွားရေး၊ အိမ်ထောင်ရေး၊ သားသမီးရေး အားလုံးကို ပြန်စဉ်းစားတွေးတောနေသင့်ပါတယ်။


ကိုယ့်ကိုကိုယ်ပြန်သုံးသပ်ခြင်းကြောင့် ကိုယ့်ရဲ့အမှားနဲ့အမှန်ကို ခွဲခြားသိလာနိုင်ပါတယ်။ ကိုယ်လုပ်ခဲ့တဲ့ မှန်ကန်တဲ့အရာတွေအတွက်ကတော့ ပြန်သုံးသပ်မိတိုင်း ကိုယ့်ကိုကိုယ်ဂုဏ်ယူမိစေသလို၊ ကိုယ့်ကိုကိုယ်လည်း ယုံကြည်မှုတိုးလာစေပါတယ်။ အဲဒါအပြင် ဘဝရဲ့ဘက်စုံထောင်စုံက မပြည့်စုံနိုင်ပေမယ့် မပြည့်စုံမှုနည်းလာသလို၊ ကဏ္ဍအစုံမှာ မျှတအောင် အချိန်ပေးနိုင်လာပါတယ်။ ဘဝက ပိုပြီးလည်း အဓိပါ္ပယ်ရှိလာသလို၊ ပိုပြီးလည်း နေပျော်စရာကောင်းလာမှာဖြစ်ပါတယ်။

ကိုယ်လုပ်ခဲ့မိတဲ့ အမှားတွေအတွက်ကျပြန်တော့ ပြန်လည်ပြင်ဆင်နိုင်စေပါတယ်၊ သင်ခန်းစာယူနိုင်ပါတယ်၊ ပြန်လည်ပြုပြင်ဖို့ ကြိုးစားနိုင်ပါတယ်။ အဲဒီ့အခါ အမှားတွေနည်းသထက် နည်းလာစေနိုင်ပါတယ်။ “အမှန်တွေချည်းလုပ်မိဖို့ မလိုပေမယ့် အမှားတွေချည်းပဲ မလုပ်မိဖို့တော့လိုပါတယ်” တဲ့။ ကျွန်တော်တို့ရဲ့ဘဝမှာ အမှန်တွေချည်းပဲ လုပ်မိနိုင်မှာမဟုတ်ပါဘူး။ လူဆိုတာ အမှားနဲ့မကင်းနိုင်ဘူးမဟုတ်လား။ ဒါပေမယ့် အမှားတွေကို နည်းသထက်နည်းအောင်လုပ်မိဖို့အတွက် အမှားတွေထဲက သင်ခန်းစာယူတတ်ဖို့လိုပါတယ်။ အမှားကို သိနားလည်ပြီး ပြန်လည်ပြင်ဆင်ဖို့ ကြိုးစားတဲ့အခါ အမှားတွေက အမှန်ဖြစ်လာနိုင်ပါတယ်။ အဲဒီ့အခါ အမှန်ကိုသာ လုပ်မိဖို့ လမ်းပြပြီးသားဖြစ်စေတာပေါ့။

အဲဒီ့အတွက် အမှားကို အမှန်အဖြစ်သိအောင်၊ အမှန်ကိုလည်း အမှန်အဖြစ် သိပြီး မှန်ကန်တာတွေများများလုပ်လာနိုင်အောင် အမြဲလိုလို ကိုယ့်ကိုကိုယ်ပြန်သုံးသပ်နေဖို့ လိုပါတယ်။ ကိုယ့်ကိုကိုယ်ပြန်သုံးသပ်တဲ့အခါမှာလည်း အတ္တကင်းဖို့လိုပါသေးတယ်။
ကိုယ့်ကိုကိုယ်တော့ ပြန်သုံးသပ်ပါရဲ့….။ ဒါပေမယ့် “ငါလုပ်နေတာမှန်သမျှသာ အမှန်ရယ်” လို့ အစွဲကြီးနေမယ်ဆိုရင်တော့ အမှန်ကိုမြင်နိုင်မှာမဟုတ်သလို၊ အမှန်လည်း ပြင်နိုင်မှာမဟုတ်ပြန်ပါဘူး။ ကိုယ်လုပ်နေသမျှ၊ ကိုယ်ရဲ့လုပ်ရပ်တိုင်းကို ပြန်လည်စဉ်းစားသုံးသပ်ခြင်းလုပ်တဲ့အခါ ကိုယ့်ရဲ့အမှားကိုလည်း အမှားရယ်လို့ ရဲရဲဝင့်ဝင့်လက်ခံနိုင်ဖို့ လိုပါတယ်။ “ဒီနေရာတွေမှာ ကိုယ်အားနည်းခဲ့ပါလား၊ ဒီနေရာတွေမှာ ကိုယ်မှားသွားခဲ့ပါလား” ဆိုပြီး ကိုယ့်ကိုကိုယ် အစစ်အမှန်အတိုင်း လက်ခံနိုင်မှသာ ကိုယ့်ရဲ့အမှားတွေကို မြင်နိုင်မှာဖြစ်ပါတယ်။ အဲလိုအမှားတွေကို မြင်လာပြီး လက်ခံနိုင်ဖို့ကြိုးစား၊ လက်ခံပြီးမှ အမှန်ဖြစ်မယ့်နည်းလမ်းကို ဆက်စဉ်းစားရမှာဖြစ်ပါတယ်။

နောက်တဆင့်ကတော့ အမှန်ဖြစ်အောင် တကယ်လက်တွေ့လိုက်နာကျင့်သုံးဖို့ပါပဲ။ အဲလိုမှသာ တကယ်လည်း သုံးသပ်ခြင်းက ကိုယ့်အတွက် ထိရောက်နိုင်မှာဖြစ်ပါတယ်။ “ကိုယ့်ကိုကိုယ်လိမ်ညာဖို့ တစ်ခါလောက်ခွင့်ပြုလိုက်တာနဲ့ နောက်တစ်ကြိမ်ထပ်ပြီး လိမ်ညာတတ်ဖို့ ပိုလွယ်ကူသွားတတ်တယ်” ဆိုတဲ့စကားလိုပါပဲ။ ကိုယ့်ကိုကိုယ်သုံးသပ်တဲ့အခါ ကိုယ့်ကိုကိုယ်မလိမ်ဖို့လိုပါတယ်။ အမှန်အတိုင်းလက်ခံတတ်ဖို့၊ ပြုပြင်နိုင်ဖို့လိုပါတယ်။ အဲဒီ့အခါ အမှားနည်းသွားပြီး အမှန်များလာတာပါပဲ။ “ကိုယ့်စိတ်ဓာတ်ကို မပြုပြင်မပြောင်းလဲနိုင်တဲ့သူက ဘယ်အရာကိုမှလည်း ပြုပြင်ပြောင်းလဲနိုင်မှာမဟုတ်ပါဘူး” ဆိုတဲ့ စာရေးဆရာကြီး ဂျော့ဘားနက်ရှောပြောခဲ့တဲ့စကားလိုပါပဲ။ ကိုယ့်ကိုကိုယ်ပြန်သုံးသပ်နေတဲ့သူမှ ကိုယ့်စိတ်ဓာတ်ကို ပြုပြင်ပြောင်းလဲနိုင်မှာဖြစ်ပါတယ်။ ကိုယ့်စိတ်ဓာတ်ကိုပြုပြင်ပြောင်းလဲနိုင်မှသာလျှင် ကိုယ့်ဘဝတိုးတက်လာမှာဖြစ်သလို၊ အခြားသောအရာတွေကိုလည်း ပြုပြင်ဖန်တီးပြောင်းလဲနိုင်တဲ့သူဖြစ်လာနိုင်တာပါ။

အဲဒါကြောင့် အမြဲလို ကိုယ့်ကိုကိုယ်ပြန်သုံးသပ်ပါ။ သုံးသပ်ပြီး ရလာသမျှကို အစစ်အမှန်အတိုင်းလက်ခံပါ။ ပြုပြင်ပြောင်းလဲစရာရှိတာကို ပြတ်ပြတ်သားသားပြုပြင်ပြောင်းလဲပစ်ပါ။ အဲဒါမှသာ ဘဝက ပိုပြီး တိုးတက်လာနိုင်သလို၊ ပိုပြီးအဆင်ပြေလာနိုင်ပါတယ်။ အဲဒီလို ကိုယ့်ကိုကိုယ် ပြုပြင်ပြောင်းလဲနိုင်တဲ့သူသာလျှင် ကိုယ့်ကိုကိုယ် ယုံကြည်မှုပိုတိုးလာပြီး ကိုယ့်ကိုကိုယ်လေးစားချစ်ခင်စိတ်ပိုရှိလာနိုင်ပါတယ်။ ပိုပြီးလည်း ရဲဝင့်လာမှာဖြစ်ပါတယ်လို့ တိုက်တွန်းလိုက်ရပါတယ်။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။