ကိုယ့်ကိုချစ်တဲ့သူတွေအတွက်သာ ရှင်သန်ပါ။

တခါတလေ ဘဝမှာ အခြားသူတွေကြောင့် နာကျင်ရတာ၊ ခံစားရတာတွေရှိကြမှာပါ။ ဘယ်သူကဘယ်လိုမျိုး ကိုယ့်ကိုထိခိုက်စေသလဲဆိုတာကကို သိဖို့လိုပါတယ်။ ကိုယ့်ကိုနာကျင်စေတဲ့သူတွေက ကိုယ့်ရဲ့အနီးဆုံးလူတွေပဲဖြစ်နေတတ်ပြန်ပါတယ်။ အဲဒီလိုလူမျိုးတွေနဲ့ကြုံရတဲ့အခါမှာ ကိုယ့်ရဲ့အာရုံအားလုံးဟာသူတို့ထံမှာသာ ရှိနေပြီး တခြားကိုယ့်ရဲ့တိုးတက်ရာတိုးတက်ကြောင်းမှာ အာရုံမစိုက်နိုင်တော့ပါဘူး။ အမြဲတမ်း တဝဲ၀ဲတလည်လည်ဖြစ်နေပါတော့တယ်။ နာကျင်လို့လည်းမဆုံးနိုင်အောင်ဖြစ်နေတတ်ပါတယ်။ အဲဒီ့အခါ ကိုယ့်ရဲ့စိတ်ညစ်ညူးမယ်၊ စိတ်ရှုပ်မယ်၊ အချိန်ကုန်မယ်၊ ကိုယ့်ရဲ့ကျန်းမာရေးကိုတောင် ထိခိုက်လာစေနိုင်ပါတယ်။ အဲဒါအပြင် ကိုယ့်ဘဝရဲ့တိုးတက်စရာကိစ္စတွေမှာပါ ပျက်ကွက်သွားနိုင်ပါတယ်။


ဘယ်သူက ကိုယ့်ကိုယ်ကိုယ်နောက်ကွယ်မှာ ဘယ်လိုမကောင်းကြောင်းပြောနေလို့…..ဆိုတာမျိုး၊ ဘယ်သူကတော့ ကိုယ့်ကိုအထင်သေးနေလို့….၊ ဘယ်သူကတော့ ကိုယ့်ကိုယ်ပြိုင်ဆိုင်နေတာ၊ ဘယ်သူကတော့ ကိုယ့်ကိုတင်စီးသွားတာ၊ ဘယ်သူကတော့ ကိုယ့်ကိုယ်လာပြီးတိုက်ခိုက်နေတာ စသဖြင့် အခြားသူတွေရဲ့အမျိုးမျိုးသော ထိခိုက်စေမှုတွေကို ခံစားရတဲ့အခါ သာမန်လူတစ်ယောက်အဖြစ်တော့ နာကျင်ထိခိုက်မိမှာပါပဲ။ ဒေါသတွေထွက်မိမှာပါပဲ။
အဲဒီလိုကြုံတွေ့ရတဲ့အခါမျိုးမှာ ကိုယ့်ကိုယ်ကိုယ်ပြန်သုံးသပ်ပါ။ ဒီလူက ကိုယ့်ကိုယ်ထိခိုက်စေတာဘယ်နှစ်ကြိမ်ရှိပြီလဲ။ သူ့အတွက်နဲ့ကိုယ်ခံစားနေရတာ ကိုယ့်အတွက် ဘာတွေများနစ်နာမှုရှိနေပြီလဲ။ ကိုယ်လုပ်သင့်တာတွေက ဘာတွေလဲ။ တခါတလေ အခြားသူတွေကြောင့်ထိခိုက်ခံစားလိုက်တာ ကျွန်တော်တို့ရဲ့တန်ဖိုးရှိတဲ့အရာတွေ အထူးသဖြင့်အချိန်ပေါ့…အလကားကုန်ဆုံးသွားတတ်ပါတယ်။ စိတ်ညစ်နေတာကြောင့်လည်း ဝေလေလေဖြစ်နေတတ်ပါတယ်။ အဲဒီ့အတွက် သင့်ဘက်က ဘဝနဲ့ချီပြီးထိခိုက်သွားစေနိုင်ပါတယ်။ တဖက်လူကတော့ သင့်ကိုထိခိုက်စေပြီး မေ့တောင်မေ့နေလောက်ပါပြီ။ သင့်မှာသာခံစားလို့မဆုံးနိုင်အောင်ဖြစ်နေတာပါ။ တခါတလေကျရင် ကျွန်တော်တို့တွေက ကျွန်တော်တို့ကို ထိခိုက်နာကျင်စေတဲ့သူတွေကိုသာ တွေးနေတတ်ပြီး ကျွန်တော်တို့ကိုချစ်ခင်တဲ့သူတွေကိုတော့ မေ့ထားတတ်ပါတယ်။ အဲဒီ့အချိန်မျိုးမှာ သင့်ကိုကောင်းစေချင်တဲ့သူတွေ၊ သင့်ကိုချစ်ခင်တဲ့သူတွေ၊ သင့်ဘက်မှာအမြဲရှိနေတဲ့သူတွေကို ပြန်တွေးကြည့်လိုက်ပါလား။ ဥပမာ။ သင်အခြားသူကြောင့်ထိခိုက်နာကျင်ပြီး စိတ်ညစ်နေတဲ့အချိန်မှာ သင့်မိဘက သင့်ကို ထူးချွန်စေချင်မှာပါပဲလို့ပြန်တွေးကြည့်ပါ။ သင့်ကိုအခြားသူတွေပုတ်ခတ်နေတယ်ဆိုရင် သင့်ဘက်ကနေပေးတဲ့သူတွေကို ပြန်တွေးကြည့်လိုက်ပါ။ ဘဝက အချိန်အရမ်းတိုပါတယ်။ ပျမ်းမျှအားဖြင့် အသက် ၆၀ထိအသက်ရှင်ရမယ်ဆိုရင် ခုလက်ရှိသင်ရောက်နေတဲ့အသက်ကနေ တွက်ကြည့်လိုက်ပါ။ သင်ပျမ်းမျှ ဘယ်လောက်အသက်ရှင်ဖို့အချိန်ကျန်အုံးမလဲ။ ထိုအချိန်ခဏလေးမှာ ဘာမှမဟုတ်တဲ့အခြားသူတွေကြောင့် စိတ်ဒုက္ခအရောက်ခံမလား။ အချိန်အလကားအကုန်ခံမလား။ လုံးဝလုံးဝမတန်ပါဘူးနော်။ ဘဝမှာ ကိုယ့်ကိုမချစ်တဲ့သူတွေရှိသလို ချစ်တဲ့သူတွေလည်း ရှိပါသေးတယ်ဆိုတာ မမေ့လိုက်ပါနဲ့။ သင့်မှာ သားသမီးတွေရှိနေသေးရင် သင့်သားသမီးတွေအတွက် အကောင်းဆုံးရှင်သန်ဖို့ အချိန်ရှိတုန်း ကိုယ့်ကိုယ်ကိုယ်ပြန်ဆောက်တည်လိုက်ပါ။ သင့်မိဘတွေရှိသေးရင် သင့်မိဘတွေမသေခင် ပျော်ရွှင်စွာနေထိုင်ဖို့ ပြုစုစောင့်ရှောက်ဖို့အချိန်ပေးလိုက်ပါ။ သင့်ကိုချစ်တဲ့သူငယ်ချင်းတွေရှိနေသေးရင် သင့်ကိုချစ်တဲ့သူငယ်ချင်းတွေနဲ့ပျော်ရွှင်စွာနေဖို့ အချိန်ပေးလိုက်ပါ။ သင့်ဘဝအချိန်ရှိတုန်း သင့်အရည်အချင်းတိုးတက်ဖို့အချိန်ပေးလိုက်ပါ။ သင့်စွမ်းရည်ကိုမြင့်တင်ခြင်းနဲ့ အချိန်ကို အသုံးချလိုက်ပါ။ သင့်ဝါသနာပါရာအတွက် အချိန်ပေးလိုက်ပါ။ သင့်ခေါင်းထဲကို အကျိုးမရှိတာတွေအဝင်မခံပါနဲ့။ သင့်ကိုမချစ်လို့ ဝမ်းနည်းငိုကြွေးအောင်လုပ်နေတဲ့သူတွေအတွက် ဝမ်းနည်းငိုကြေးနေခြင်းက သင်ပျော်ရွှင်ဖို့အချိန်တွေပုပ်ကုန်ပါတယ်။
ကျွန်မတို့ကို စိတ်ဒုက္ခပေးတဲ့သူတွေအတွက်ချည်းစဉ်းစား စိတ်ညစ်နေခြင်းက သူတို့အတွက် သင့်ဘဝကိုအချိန်ဖြုန်းနေတာနဲ့တူပါတယ်နော်။ အဲဒီ့အစား သင့်ကိုချစ်တဲ့သူတွေအတွက်သာ ရှင်သန်လိုက်ပါ။ သင့်ကို ချစ်တဲ့သူတွေအတွက် အချိန်ပိုပေးလိုက်ပါ။ သင့်ကိုနားလည်သူတွေနဲ့သာ အချိန်ဖြုန်းပါ။ သင့်ဘဝတိုးတက်မှုကိုသာအာရုံစိုက်ပါ။ “life is 10% what happens to you and 90% how you respond to it” ဆိုတဲ့စကားလိုပေါ့။ ဖြစ်ပျက်လာသမျှက ၁၀ရာခိုင်နှုန်းပါ။ အဲဒါကို ဘယ်လိုတုံ့ပြန်သလဲဆိုတာသာ အရေးကြီးတာပါ။ ကိုယ့်ကို မဟုတ်တမ်းတရားစွပ်စွဲသူကို ဒေါသထွက်လိုက်ရင် ထိုခဏမှာ ကိုယ်ရောဂါတိုးသွားမယ်၊ အချိန်ကုန်သွားမယ်၊ ဒေါသကြောင့် စိတ်ခံစားချက်မကောင်းဖြစ်ပါလိမ့်မယ်။ အဲဒီလိုပဲ……ကိုယ့်ကို ဝမ်းနည်းစေသူကိုလည်း နာကျင်ဝမ်းနည်းနေတဲ့ခဏမှာ အချိန်ပုပ်မယ်၊ ဝမ်းနည်းမှုကြီးစိုးမယ်၊ စိတ်ခံစားချက်မကောင်းဖြစ်မယ်။ စသဖြင့်ပေါ့။ ကိုယ့်အတွက် မဟုတ်တဲ့အရာတစ်ခုခု ဒါမှမဟုတ် တခုခုကြောင့်တုံ့ပြန်မှုမလုပ်ခင် ဖြစ်လာမယ့်အကျိုးဆက်ကို ကြိုတွေးကြည့်လိုက်ပါ။ မလုပ်ခင်၊ မပြုမူခင်၊ မတုံ့ပြန်ခင်ဖြစ်ဖြစ် ကိုယ့်ကိုယ်ချစ်တဲ့သူတွေအတွက်သာ ရှင်သန်ဖို့ရာ တန်တယ်လို့တွေးပါ။ ကိုယ့်ကိုနာကျင်စေတဲ့သူတွေအတွက်တော့အချိန်ကုန်မခံပါနဲ့တော့။ ဘုရားဖြစ်မယ့်အုတ်နီခဲတွေမဟုတ်တဲ့အတွက် အနည်းနဲ့အများတော့ ခံစားရမှာပါပဲ။ ဒါပေမယ့် နောက်ဆုံးကိုယ့်ကိုမချစ်ခင်ခြင်း ဒါမှမဟုတ် အမျိုးမျိုးထိခိုက်စေတဲ့လူတွေအစား ကိုယ့်ကိုချစ်ခင်သူတွေကို ပြန်တွေးပါ။ ကိုယ့်အပေါ်ချစ်ခင်သူတွေလည်း အများကြီးရှိသေးလို့ ကိုယ့်မှာ ကိုယ့်ကိုချစ်ခင်သူတွေနဲ့ ဘဝတစ်ခုလုံးကို အချိန်ဖြုန်းလို့တောင် မလောက်ဘူးလို့တွေးလိုက်ပါ။ ကိုယ့်ကိုအမျိုးမျိုးစိတ်ထိခိုက်စေသူမျိုးနဲ့ ရင်ဆိုင်ရတဲ့အခါ ကိုယ့်ကိုချစ်ခင်ပြီး ကိုယ့်အတွက်ရှင်သန်နေတဲ့လူတွေအတွက်သာ ကိုယ့်ဘဝကိုလည်း ရှင်သန်မယ်လို့ ဆုံးဖြတ်ချက်ချထားပြီး ဘဝကိုရှင်သန်ပါလို့တိုက်တွန်းလိုက်ရပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။