ကိုယ့်ကိုယ်ကိုယ်နှိမ့်ချတတ်သူ၏ အကျင့်များ

ကိုယ့်ကိုယ်ကိုယ်နှိမ့်ချတယ်ဆိုတာ ၄၈ဖြာမင်္ဂလာတရားထဲမှာတောင် ပါဝင်ပါတယ်။ ကိုယ်ရရှိပိုင်ဆိုင်ထားတဲ့ ဂုဏ်ဒြပ်တွေ ၊ ရာထူးတွေ၊ စည်းစိမ်ဥစ္စာတွေ စသဖြင့် တခုခုကြောင့် မာန်မာနထောင်လွှားတတ်ကြတဲ့လူတွေကို မြင်ဖူးကြမှာပါ။ ဒါပေမယ့်တကယ်တမ်း ထိုလူတွေထက် အစစအရာရာမှာ သာလွန်နေတဲ့လူအချို့မှာတော့ ထိုကဲ့သို့ မာန်မာနထောင်လွှားတာမျိုး ဖြစ်လေ့မရှိပါဘူး။ အဲဒါက ဘာကိုပြနေသလဲဆိုရင် မပြည့်တဲ့အိုးက ဘောင်ဘင်ခတ်တယ်ဆိုတဲ့စကားကိုပြနေတာပါပဲ။ တကယ်တမ်း ကိုယ့်ရဲ့စည်းစိမ်ဥစ္စာ၊ ရာထူး၊ ဂုဏ်ပုဒ် ပြည့်ဝသူတွေမှာ မာန်မာနလုံးဝမရှိဘဲ မိမိကိုယ့်ကိုနှိမ့်ချခြင်းသာရှိပါတယ်။ တကယ်တော့ ကိုယ့်ကိုယ်ကိုယ်ပိုသိသွားပြီး ကိုယ့်ကိုယ်ကိုယ်ပိုလက်ခံသွားတဲ့လူအချို့ဟာ ကိုယ်တိုင်မသိသေးတာ၊ မပြည့်ဝသေးတာတွေအများကြီးရှိပါလား…..ဆိုတာရယ်၊ ဘဝမှာ ဘယ်အရာမဆို မတည်မြဲဘူးဆိုတာရယ်ကို လေးနက်စွာ လက်ခံသွားတဲ့လူတွေဖြစ်ပါတယ်။ အဲဒီလိုအသိရှိသွားတဲ့လူတွေမှာ ဘယ်လောက်စည်းစိမ်ပေါများပါစေ၊ ဂုဏ်ထူးရာထူးမြင့်မားနေပါစေ မာန်မာနမရှိတော့ပါဘူး။ အဲဒါကြောင့် မိမိကိုယ်ကို နှိမ့်ချတတ်သူရဲ့အကျင့်တွေကို သိရှိပြီး အတုယူလိုက်နာတတ်အောင် ဖော်ပြပေးလိုက်ပါတယ်။


၁) ပညာတတ်ပေမယ့် မောက်မာမှုမရှိခြင်း
ကိုယ့်ရဲ့ပညာဟာ အမြင့်ဆုံးလို့ဆိုရတဲ့ပညာမျိုးကို သင်ယူတတ်မြောက်ထားရင်တောင် “ငါသာလျှင် အတော်ဆုံး၊ ငါသာလျှင် အသိဆုံး” ဆိုတဲ့အတွေးမျိုးကို လက်မခံပါဘူး။ တကယ်သိသွားတဲ့လူတစ်ယောက်ဟာ လောကမှာ ပညာတွေ သင်မကုန်ပါလား၊ ကိုယ်ဘယ်လောက်တော်တော် ကိုယ့်ထက်တော်တဲ့လူဆီက ထပ်ပြီး သင်ယူရအုံးမှာပါလား၊ ကိုယ့်ထက်ငယ်တဲ့သူ၊ကိုယ့်ထက် မတော်ဘူးလို့ထင်ရပေမယ့် ကိုယ်မတတ်သေးတာတွေ မသိသေးတာတွေကို သိထားတဲ့သူဆိုတာ လောကမှာရှိသေးကြောင်းသဘောပေါက်သွားတဲ့လူတွေဟာ လူတိုင်းဆီက သင်ယူစရာတစ်ခုခုတော့ ရှိမှာပဲ၊ ကိုယ့်ရဲ့ သင်ဆရာ၊ မြင်ဆရာဖြစ်နိုင်တယ်ဆိုတဲ့အတွေးနဲ့ သင်ယူတတ်သွားကြပါတယ်။ အဲဒါကြောင့် သူတို့မတတ်ကြောင်း၊ မသိကြောင်းကိုလည်း နှိမ့်ချသင်ယူတတ်ပါတယ်။ မိမိပညာသည်သာ အဆင့်မြင့်ဆုံး၊ အပြည့်ဝဆုံးရယ်လို့ မောက်မာခြင်းမရှိတော့ပါဘူး။

၂) အားကြီးသူဖြစ်သော်လည်း အနိုင်မကျင့်တတ်ခြင်း
ကိုယ်က ခွန်အားအရာသည်လည်ကောင်း၊ ငွေအားဖြင့်လည်းကောင်း၊ ရာထူးဖြစ်လည်းကောင်း တစ်ခုခုမှာ အားကြီးသူဖြစ်သော်လည်း တစ်ဖက်သားကို ထိုအားသာချက်တွေနဲ့ဖိပြီး အနိုင်ကျင့်ဖို့ကြိုးစားတယ်ဆိုတာ လွယ်ကူတဲ့အလုပ်တစ်ခုပါပဲ။ ကိုယ့်ကိုယ်ကိုယ်နှိမ့်ချတတ်သူတွေကတော့ ထိုကဲ့သို့ အနိုင်ကျင့်မယ်ဆိုရင် အနိုင်ရမယ်မှန်းသိသော်လည်း မလုပ်တတ်ကြပါဘူး။ “ဒီလူဟာ ဘာအဆင့်မှမရှိပါဘူး။ ကိုယ်ခြိမ်းခြောက်လိုက်မယ်၊ အနိုင်ကျင့်လိုက်မယ်” ဆိုရင် လွယ်မှန်းသိပေမယ့် လူအချင်းချင်းစာနာစိတ်ထားတတ်ကြပါတယ်။ ကိုယ့်ကိုလည်း ကိုယ့်ထက်အားကြီးသူက အနိုင်ကျင့်မယ်ဆိုရင် ကိုယ်ခံရမှာပဲဆိုတဲ့စိတ်မျိုး သူတို့မှာရှိပါတယ်။ အဲဒါကြောင့် တစ်ဖက်သားကိုအထင်သေးအနိုင်ကျင့်ခြင်းမလုပ်တတ်ပါဘူး။

၃) ဥစ္စာပစ္စည်းကြွယ်ဝလျက် ဘဝင်မမြင့်တတ်ခြင်း
ပစ္စည်းဥစ္စာဆိုတာ မမြဲသောအရာတွေမှန်းသေချာနားလည်ထားသူတွေဖြစ်တာကြောင့် မမြဲတဲ့အရာတွေနဲ့ အခြားလူတစ်ယောက်ကို အနိုင်ကျင့်တာ ၊ မောက်မာတာမျိုး၊ အဆင့်အတန်းခွဲခြားတာမျိုးကို မလုပ်တတ်ကြပါဘူး။ အချိန်တန် ကိုယ့်ပစ္စည်းဥစ္စာတွေဆိုတာ ပျောက်ပျက်သွားနိုင်တဲ့ဆိုတဲ့အသိကို သူတို့စိတ်ထဲထည့်ထားတတ်ကြပါတယ်။

၄) အာဏာရှိသော်လည်း ဖိနှိပ်မှုမပြုတတ်ခြင်း
နံပါတ် ၂လိုပါပဲ ။ ကိုယ်ရရှိပိုင်ဆိုင်ထားတဲ့အာဏာနဲ့တစ်ဖက်သားကို အနိုင်ကျင့်ဖိနှိပ်မယ်ဆိုရင် တဖက်သားက ခံရမှာပါပဲ။ ဒါတွေသည်လည်း မမြဲသောအရာထဲပါတယ်ဆိုတဲ့ အသိစိတ်၊ အသိတရား သူတို့မှာရှိကြတာမို့ ဘယ်တော့မှ အာဏာရှိသော်လည်း ဖိနှိပ်မှုမလုပ်တတ်ကြပါဘူး။

၅) ကိုယ့်ရဲ့အားသာချက်ကိုပြလျက် တဖက်သားအားနည်းချက်ကိုဖိနှိမ့်မှုမပြုတတ်ခြင်း
အလားတူပါပဲ။ ကိုယ့်ရဲ့အားသာချက်ကို ဖိပြပြီး တဖက်ရဲ့အားနည်းချက်ကို လှောင်ပြောင်တတ်သူတွေရှိပါတယ်။ အဲဒီလိုလှောင်ပြောမယ်ဆိုရင် အားနည်းချက်ရှိသူက ခံရမှာပါပဲ။ ဒါပေမယ့်လည်း တစ်နေ့တစ်ချိန်မှာ ကိုယ်ဟာ သူ့လိုအားနည်းချက်မျိုး ရှိမလာဘူးလို့ မပြောနိုင်ဘူးဆိုတဲ့တရားသဘောကို သူတို့နားလည်ထားကြပါတယ်။ အဲဒါကြောင့်ကိုပဲ သူတို့ရဲ့အားသာချက်ကို ပြပြီး အခြားသူရဲ့အားနည်းချက်ကို သူတို့အနိုင်မကျင့်တတ်ပါဘူး။ ဖိနှိမ်တာမျိုးမလုပ်တတ်ပါဘူး။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။