ကိုယ့်ကိုယ်ကိုယ်အမှန်တကယ်သဘောကျဖို့လိုအပ်တဲ့အရာတွေကဘာတွေလဲ။

ကိုယ့်ကိုယ်ကိုယ်အမှန်တကယ်သဘောကျဖို့ဆိုတာ လူတစ်ယောက်မှာလိုကိုလိုအပ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်ချစ်တယ်၊ ကိုယ့်ရဲ့့ဖြစ်တည်မှုကို တန်ဖိုးထားတယ်။ ကိုယ့်ကိုယ်ကိုယ်လေးစားတယ်။ ကိုယ့်ရဲ့အကျင့်သိက္ခာနဲ့ ကိုယ့်ရဲ့လုပ်ဆောင်ချက်တိုင်းကို ကိုယ်တိုင်သဘောကျတယ်၊ နှစ်သက်တယ်ဆိုတာမျိုးက ကိုယ့်အတွက်မဖြစ်မနေလိုအပ်ပါတယ်။ မဟုတ်ရင် ကိုယ့်စိတ်နဲ့ကိုယ်တောင် အလိုမကျဘဲ ရန်ဖြစ်နေတာ၊ ကိုယ်တိုင် မလုပ်ချင်တာ၊ မလုပ်သင့်တာကို လုပ်မိလေခြင်းဆိုပြီး ကိုယ့်ကိုယ်ကိုယ်ပြန်ပြီ မုန်းတီးတာ ၊ စိတ်တိုဒေါသထွက်တာ ၊ ကိုယ့်ကိုယ်ကိုယ်အလိုမကျတာတွေဖြစ်လာနိုင်ပါတယ်။ ဖြစ်လည်းဖြစ်ဖူးကြမယ်ထင်ပါတယ်နော်။ အဲဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အမှန်တကယ်သဘောကျဖို့ လိုအပ်တဲ့အဓိက အချက်တွေကိုပြောပြပေးချင်ပါတယ်။


၁) အရည်အချင်း
အဓိကက အရည်အချင်းရှိအောင် ကြိုးစားဖို့ပါပဲ။ ကိုယ့်ရဲ့ပင်ကိုယ်အရည်အချင်းကိုသိပြီး အဲဒီ့အရည်အချင်းနဲ့အပ်စပ်တာကို ကိုယ်တိုင်ကလုပ်နိုင်တယ်၊ ဖန်တီးနိုင်တယ်၊ အဲဒီ့အရည်အချင်းကြောင့်အောင်မြင်နိုင်တယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်သဘောကျမိမှာပါပဲ။ လူဆိုတဲ့အမျိုးက မသိမသာ အခြားသူနဲ့ကိုယ့်ကိုယ်ကိုယ်နှိုင်းယှဥ်ပြီး အားငယ်စိတ်၊ သိမ်ငယ်စိတ် တခါမဟုတ်တခါတော့ဖြစ်တတ်ကြပါတယ်။ (အမြဲတမ်းမဟုတ်ရင်တောင်မှ တခါတလေပေါ့) ဒါပေမယ့် ကိုယ့်မှာ ကိုယ့်အရည်အချင်းကိုသိပြီး ကြိုးစားနိုင်တယ်၊ ကြိုးစားတဲ့အတိုင်းလည်းဖြစ်လာနိုင်တယ်ဆိုရင်‌တော့ ကိုယ့်ကိုယ်ကိုယ်သိမ်ငယ်တာ၊ အားငယ်တာ မေ့ပျောက်စေနိုင်ပါတယ်။ နောက်ဆုံး ဘယ်သူ့ကိုမှ အားမကိုးရဘဲ ကိုယ့်အရည်အချင်းနဲ့ကိုယ်ဖြစ်လာတာမျိုးက ကိုယ့်ကိုယ်ကိုယ်အတွက် ဂုဏ်ယူနိုင်ပါတယ်။ အဲဒီ့အခါ ကိုယ့်ကိုယ်ကိုယ်လည်း ပိုပြီးသဘောကျလာစေပါတယ်။ ကိုယ့်ဖြစ်တည်မှုကိုလည်း ကိုယ်ပိုပြီးနှစ်သက်လာနိုင်ပါတယ်။
၂) လူပေါင်းဆံ့ခြင်း
လူပေါင်းဆံ့ခြင်းကလည်း ကိုယ့်ရဲ့ဖြစ်တည်မှုကိုချပြဖို့အတွက်လိုအပ်ပါတယ်။ ကိုယ့်က ဘယ်နေရာမှာမှ လူရာမဝင်ဘူးလို့ ကိုယ့်ကိုယ်ကိုယ်ထင်နေခြင်းက ကိုယ့်ကိုပိုပြီးစိတ်ပျက်လာစေနိုင်ပါတယ်။ လူအများက ပြုံးပျော်နေချိန်မှာ သင်ကတစ်ယောက်တည်း အဖက်လုပ်မယ့်သူမရှိဘူးလို့ခံစားနေရတဲ့ခံစားချက်က သင့်ကိုသိမ်ငယ်၊ အားငယ်စေနိုင်ပါတယ်။ အဲဒါကြောင့် လူပေါင်းဆံ့ဖို့ ကြိုးစားကြည့်သင့်ပါတယ်။
၃)တစ်ခုခုတွင်ထူးချွန်ခြင်း
ပညာရပ်တစ်ခုခုမှထူးချွန်တာမျိုး၊ ဒါမှမဟုတ် အတတ်ပညာတစ်ခုခုမှာ ထူးချွန်တာမျိုးပေါ့။ ကိုယ့်ရဲ့ပညာရပ်ကြောင့် ကိုယ့်မှာဂုဏ်တက်လာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် သဘောကျလာနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်လည်းယုံကြည်မှုပိုတိုးလာစေတာပေါ့။ လူရာဝင်တယ်လို့လည်း ခံစားလာရစေပါတယ်။ အဲဒါအပြင် သက်ဆိုင်ရာပညာရပ်မှာ ကိုယ့်ကိုအလေးထားဆက်ဆံခံရစေပါတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ပိုပြီး သဘောကျလာစေနိုင်ပါတယ်။
၄)ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်ခြင်း
နောက်တစ်ခုက ကိုယ့်အားကိုယ်ကိုးနိုင်ခြင်းပါပဲ။ အခြားသူတစ်ယောက်ယောက်ကိုအားကိုးရခြင်းဟာ သူများနှာခေါင်းပေါက်နဲ့အသက်ရှုရတာနဲ့တူပါတယ်။ ဘယ်နေ့အသက်ရှုရပ်မလဲအာမခံချက်မရှိပါဘူး။ အဲဒါအပြင် အားကိုးသူရဲ့အလိုကျနေတတ်ရပါသေးတယ်။ ကိုယ့်ဖြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်တဲ့အခါ ကိုယ်ကြိုးစားနိုင်သမျှကိုယ့်အတွက်ပါပဲ။ ကိုယ်အမျှော်အမြင်ရှိသလို ကိုယ့်ဘဝအဆင်ပြေတိုးတက်နိုင်ပါတယ်။ အဲဒါအပြင် တပါးသူစိတ်ကြိုက်လည်းနေစရာမလိုတဲ့အတွက် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတိုးသလို၊ ကိုယ့်ကိုယ်ကိုယ်လည်းပိုပြိးနှစ်သက်သဘောကျလာတတ်ပါတယ်။ ကိုယ့်ဖြစ်တည်မှုကိုလည်း ပိုပြီးတန်ဖိုးထားတတ်လာပါတယ်။ ကိုယ့်ဘဝမှာ ကိုယ့်ကလွဲပြီးအခြားသူကိုအားကိုးလို့မြဖစ်ဘူးလို့သိလာတဲ့အခါ ကိုယ့်ကိုယ်ကိုယ်လည်းပိုချစ်တတ်လာပါတယ်။
၅) ကိုယ့်ကိုယ်ကိုယ်တာဝန်ယူနိုင်ခြင်း
ကိုယ့်အားကိုယ်ကိုးခြင်းဟာ ဘယ်အရာမဆို ကိုယ့်သာအဓိကဆိုတဲ့စိတ်နဲ့ ကြိုးစားတာဖြစ်ပါတယ်။ ကိုယ့်တာဝန်ကိုယ်ယူနိုင်ခြင်းဟာလည်းလူသားတစ်ယောက်အဖြစ် ကိုယ်ကျင့်သုံးသင့်တဲ့တာဝန်မှန်သမျှကို ကိုယ်တိုင်သေချာလိုက်နာကျင့်သုံးတတ်တာ၊ ကိုယ့်တာဝန် ဥပမာ။ ကျောင်းစာရိတ်၊ အလုပ်တာဝန်၊ သားသမီးတာဝန်၊ လူသားတစ်ယောက်အနေနဲ့ ကိုယ်ယူသင့်တဲ့တာဝန်ကိုကျေပွန်အောင် တာဝန်ယူနိုင်တာပါပဲ။ အဲဒီလိုတာဝန်ကျေနိုင်တဲ့အခါ ကိုယ့်ကိုယ်ကိုယ်ကျေနပ်နေမိပါလိမ့်မယ်။ “ငါလုပ်နိုင်သားပဲ....” ဆိုတဲ့စိတ်နဲ့ ရှင်သန်ရတာ ကျေနပ်ပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှုတိုးနိုင်ပါတယ်။ တာဝန်မကျေနိုင်တဲ့အခါ တာဝန်ယူရကောင်းမှန်းသိပေမယ့် “အော်......ငါတာဝန်မကျေနိုင်ခဲ့ပါလား” ဆိုတဲ့စိတ်နဲ့ စိတ်မကောင်းဖြစ်၇၊ ယူကြုံးမရဖြစ်၇တတ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်အားမလိုအားမရစိတ်ဖြစ်တတ်ပါတယ်။
၆) ကိုယ်ကျင့်တရားကောင်းမွန်အောင်ထိန်းသိမ်းနိုင်ခြင်း
နောက်တစ်ခုကတော့ လူသားတစ်ယောက်အနေနဲ့ ဘဝမှာ လူကောင်းတစ်ယောက်အဖြစ် လိပ်ပြာလုံစွာရှင်သန်နိုင်ဖို့ ကိုယ်ကျင့်တရားကာင်းဖို့လိုပါတယ်။ ကိုယ့်ရဲ့ကိုယ်ကျင့်တ၇ားကောင်းမကောင်းကို အခြားသူကိုသာ ညာလို့ရမယ်၊ ကိုယ့်ကိုယိကိုယ်တော့မညာနိုင်ပါဘူး။ အဲဒီ့အခါ ကိုယ့်ကိုယ်ကိုယ် အားမရဖြစ်မယ်။ မလုပ်သင့်မှန်းသိတဲ့အလုပ်ကိုလုပ်မိတဲ့အခါ ကိုယ့်ကိုယ်ကိုယ်ဒေါသထွက်မယ်၊ မကျေမနပ်ဖြစ်မယ်။ ကိုယ့်ကိုယ်ကိုယ်သဘောမကျ၊ အထင်သေးစိတ်တွေဖြစ်လာပြီး ရှင်သန်ရတာမပျော်ရွှင်နိုင်ပါဘူး။ ဘဝမှာရှင်သန်ရတာပျော်ရွှင်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ် သဘောကျဖို့လိုတာပါပဲ။ အဲဒီ့လို ကိုယ့်ကိုယ်ကိုယ် သဘောကျဖို့ဆိုတာက ကိုယ်တိုင်သိနေတဲ့ကိုယ်ပုံရိပ်ကို အထင်ကြီးလေးစားဖို့လိုတာပါ။ အဲဒီ့အတွက် ကိုယ်တိုင်က မှန်တန်တာကိုသာ လုပ်ဖို့, အမှားတွေရှိရင် ပြုပြင်ဖို့ကြိုးစားဖို့လိုပါတယ်။
နောက်တစ်ခုကတော့ အခြားသူရဲ့စကားတွေကိုခံစားတာပါပဲ။ ကိုယ့်ကိုယ်ကိုယ်မှန်ကန်ကြောင်း၊ အောင်မြင်အောင်လုပ်ဆောင်နိုင်ကြောင်းသေချာသိနေတဲ့အခါ အခြားသူရဲ့စကားကိုနားမယောင်မိတော့ဘဲ ကိုယ့်ဘဝရှင်သန်ရပ်တည်မှုကို ခိုင်မာစွာရပ်တည်နိုင်လာမှာဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်သဘောကျနေတဲ့လူတစ်ယောက်ကို အခြားသူတစ်ယောက် “နင်ကသွားခေါလိုက်တာ” နင်ကအသားမည်းလိုက်တာ” နင်ကရုပ်ဆိုးလိုက်တာ” စသဖြင့် ဘယ်လိုပြောပါစေ မခံစားတတ်တော့ပါဘူး။ အဲဒါကြောင့် ကိုယ့်ကိုယ်ကိုယ်သဘောကျခြင်းဟာ ဘဝနေပျော်ခြင်းအတွက်အများကြီးအရေးပါကြောင်းဖော်ပြလိုက်ရပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။