ကိုယ့်ကိုယ်ကိုယ် အစွန်းရောက်အထင်ကြီးလေ့ရှိသူတို့၏ စိတ်ထားများ

ကိုယ့်ကိုယ်ကိုယ်အစွန်းရောက်တဲ့အထိ အထင်ကြီးသူမျိုးကို ကြုံဖူးကြမှာပါ။ ကိုဘ်သာလျှင်အမှန်၊ ကိုယ်လုပ်တာမှအကောင်း၊ ကိုယ်သာလျှင်အတော်ဆုံးလို့ထင်ပြီး ကျန်တဲ့သူတွေကဘာပြောပြော လုံးဝ နားမထောင်တဲ့သူမျိုးပါ။ အဲဒါအပြင် အခြားသူတွေက ဖြစ်သင့်တာကို ထောက်ပြရင်လည်း လုံးဝလက်မခံဘဲ သူပြောတာကိုမှ “ငါ့စကားနွားရ” ပြောတတ်သူမျိုးပါ။ အဲဒီ့လိုလူတွေက များသောအားဖြင့် အမှားကို ထောက်ပြရင်တောင်လက်မခံတတ်ကြတဲ့အတွက် အမှန်ကိုလက်ခံဖို့ မလွယ်ပါဘူး။ အမှားကိုလည်း အမှားအတိုင်းချင်း အတင်းလက်ခံထားပြီး ခေါင်းမာမာနဲ့ တင်းခံထားတတ်သူမျိုးမို့ အမှားလည်းမှားပါတယ်။ အဲဒီ့လူတွေရဲံ အကျင့်စရိုက်နဲ့စိတ်ထားအချို့ကိုဖော်ပြလိုက်ပါတယ်။


၁) ကိုယ်သာလျှင် တတ်၊ သိသည်ဟုထင်နေခြင်း
ကိုယ်လုပ်တာမှအမှန်၊ တပါးသူက ကောင်းစေချင်လို့ပြောတာပဲဖြစ်ဖြစ်၊ မှန်တာကိုပြောတာပဲဖြစ်ဖြစ် လုံးဝလက်မခံတဲ့လူမျိုးပါ။ အမြဲလိုလို သူသာတတ်၊ သူသာသိ၊ သူသာအမှန်ကန်ဆုံးလို့မှတ်ယူသူမို့ တယူသန်စိတ်များသူလည်းဖြစ်ပါတယ်။ ကိုယ်ကလွဲရင်ကျန်တဲ့သူတွေအားလုံး မမှန်နိုင်ဘူး၊ မလုပ်နိုင်ဘူး။ မစွမ်းဆောင်နိုင်ဘူးလို့ အထင်ရောက်နေတတ်သူမျိုးပေါ့။

၂) အခြားလူလုပ်သမျှကိုအထင်သေးတတ်ခြင်း
ဘယ်သူမှ သူ့လောက်မတော်ဘူးဆိုတဲ့ စိတ်ထားကြောင့်ကိုပဲ အခြားသူက သူ့ထက်သာအောင် လုပ်နိုင်တာမှန်အောင်လုပ်နိုင်တာမှန်သမျှကို နှာခေါင်းရှုံ့ အထင်သေးတတ်ကြပါတယ်။ အဲဒါကြောင့် ကိုယ့်ကိုယ်ကိုယ်အထင်ကြီးတတ်သူတွေကို တချို့က ဝေးဝေးရှောင်ကြပါတယ်။ အချို့ကျပြန်တော့လည်း ပိုပြီးအထင်ကြီးလာအောင် မြှောက်ပင့်ပေးပြီး အသုံးချတတ်ကြပါတယ်။ အမှန်တကယ်ကတော့ ကိုယ့်ထက်သာတဲ့အရည်အချင်းရှိသူတွေကို အသိအမှတ်ပြုသင့်ပါတယ်။ အဲဒီ့လို ကိုယ့်ထက်သာတဲ့အရည်အချင်းရှိသူတွေဆီကနေ ကိုယ်ကပြန်ပြီး ပညာယူနိုင်ရင် ကိုယ့်အတွက်တောင် အသိပညာတိုးစေနိုင်ပါသေးတယ်။ ကိုယ့်ကိုယ့်ကိုယ်အထင်ကြီးတတ်သူတွေမှာ အဲဒီလို ပြန်လည်သင်ယူလိုက်မယ်ဆိုတဲ့စိတ်ထားမရှိတဲ့အတွက်ကြောင့်ကို အမှားများပြီး အမြင်ကျဥ်းမြောင်းလာပါတယ်။

၃) အခြားသူက အမှန်မြင်အောင် ဝေဖန်‌ထောက်ပြသမျှကို လက်မခံတတ်ခြင်း
အမှန်တကယ် ကိုယ့်အပေါ်ကောင်းစေချင်လို့ ဝေဖန်တာမျိုးကိုလည်း လက်မခံတတ်ပါဘူး။ “ကိုယ့်လောက်မှ မသိမတတ်ဘဲနဲ့...”ဆိုပြီး အမြဲမှတ်ယူထားတာမို့ ကိုယ့်အပေါ်တကယ့်စိတ်ရင်းနဲ့ပတ်သက်ပြီး အမှားထောက်ပြသူတွေကိုတောင် ပြန်အပြစ်ပြောတတ်ပါသေးတယ်။

၄) ကိုယ့်ထက် တော်၊ တတ်သူကို အသိအမှတ်မပြုလိုခြင်း
နောက်တစ်ခုက ကိုယ့်ထက်တကယ်တော်တဲ့သူဆီက ပညာပြန်ယူလို့ရတာမျိုးလည်း မမြင်တတ်သလို၊ ကိုယ့်ထက်တတ်သိတဲ့လူကိုလည်း အသိအမှတ်မပြုချင်ပါဘူး။ သူတဖက်သားရဲ့အမှားကိုသာစောင့်ကြည့်ဝေဖန်ချင်ပါတယ်။ အခြားသူရဲ့အမှားဆိုရင်သာ အားပါးတရ ထောက်ပြတတ်ပေမယ့် သူ့အမှားထောက်ပြရင်တော့မကြိုက်တတ်ပါဘူး။

၅) မျှတစွာ တွေးပေးလေ့မရှိခြင်း
ကိုယ်သာလျှင်တော်။ ကိုယ်သာလျှင်မှန် ၊ ကိုယ်သာလျှင် တတ်သိသူလို့ အမြဲခံယူထားသူမို့ တပါးသူရဲ့အခက်အခဲနဲ့ အဆင်မပြေမှုတွေကို နားလည်မပေးနိုင်ပါဘူး။ တနည်းအားဖြင့် ကိုယ့်ကိုယ်ကိုယ်အထင်ကြီးခြင်းနဲ့အတူ တပါးသူကို အထင်သေးခြင်းပါတွဲပါလာပါတယ်။ အဲဒါကြောင့် တဖက်သားကိုလည်း မျှတစွာတွေးပေးတတ်တဲ့စိတ်အားနည်းလာပါတယ်။
တကယ်လို့များ ကိုယ့်ကိုယ်ကိုယ်အရမ်းအထင်ကြီးမိနေတယ်လို့ သုံးသပ်မိတယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်ပြန်လည်ပြုပြင်သင့်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်အထင်ကြီးတတ်သူတွေဟာ စိတ်နှစ်ပြီးအမှန်တကယ်ပေါင်းသင်းတဲ့မိတ်ဆွေစစ်နည်းပါးတတ်ကြပါတယ်။ အသုံးချချင်တဲ့သူနှင့် နောက်ကွယ်ကျရင် သူတပါးရဲ့ ရယ်မောဟားတိုက်ခြင်းကို ခံရတတ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်နှိမ့်ချတတ်သူတွေက ဘယ်နေရာမဆို လူချစ်လူခင်ပေါများပြီး နေရာတိုင်းအံခွင်တင်ကျဖြစ်အောင်နေထိုင်တတ်ကြပါတယ်။ အမှားနည်းပြီး ကိုယ့်ထက်တော်တဲ့သူတွေဆီကလည်း သင်ယူတတ်လို့ ပညာဗဟုသုတလည်း ပိုများတတ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။